ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသူ ကိုရာပြည့်အား စွဲချက်တင်/မတင် စက်တင်ဘာ ၁၅ ရက်တွင် အမိန့်ချမည်

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသူ ကိုရာပြည့်အား စွဲချက်တင်/မတင် စက်တင်ဘာ ၁၅ ရက်တွင် အမိန့်ချမည်
Published 13 September 2016
သက်မင်း

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသူ ကိုရာပြည့်အား စက်တင်ဘာ ၁၅ ရက်တွင် မှော်ဘီမြို့နယ် တရားသူကြီးက စွဲချက်တင်/မတင် အမိန့်ချမှတ်မည်ဟု ကိုရာပြည့်၏ ဥပဒေအကျိုးဆောင် ရှေ့နေကိုဇော်မင်းလှိုင်က ပြောကြားသည်။မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေ၏ ဖေ့စ်ဘွတ်အကောင့်နှင့် ပါတီ၏ ဖေ့စ်ဘွတ်အတုပြုလုပ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များကို ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ပြုလုပ်သည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ဦးနေမျိုးဝေ၏ ညီမဖြစ်သူ ဒေါ်သီရိနေလင်းက ကိုရာပြည့်ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ယင်းအမှုတွင် တရားလိုပြသက်သေ ၁၀ ဦးတင်ထားပြီး ခြောက်ဦးအထိ စစ်ဆေးပြီး ဖြစ်ကာ ယခင်အပတ်က ရုံးချိန်းတွင် နှစ်ဖက် လျှောက်လဲချက်ပေးပြီး ဖြစ်သောကြောင့် စက်တင်ဘာ ၁၅ ရက်တွင် စွဲချက်တင်သင့် မတင်သင့်  အမိန့်ချမည်ဟု သိရသည်။“ဒီတစ်ပတ် ကြာသပတေးနေ့မှာ စွဲချက်အမိန့်ချမယ်။ စွဲချက်မတင်ခင်မှာ တရားလိုပြသက်သေ ၁၀ ယောက် တင်ထားတာကို ခြောက်ယောက် စစ်ပြီးတော့မှ နှစ်ဖက် လျှောက်လဲချက်ပေးခဲ့ပါတယ်။ စွဲချက်တင်လိုက်ရင်တော့ ကိုရာပြည့်ဘက်က သက်သေတွေ ထပ်စစ်ရမယ်။ မတင်ဘူးဆိုရင်တော့ တရားရှင် လွတ်ပြီဖြစ်တဲ့အတွက်ဘာမှ ဆက်စစ်စရာမလိုဘူး”ဟု ကိုရာပြည့်၏ ဥပဒေအကျိုးဆောင်ရှေ့နေ ကိုဇော်မင်းလှိုင်က ပြောကြားသည်။ “တရားလိုဘက်က တင်ထားတဲ့ သက်သေအထောက်အထားတွေ ခိုင်လုံတိကျမှု မရှိဘူး။ တိကျစွာ ထွက်ဆိုနိုင်ခြင်းလည်း မရှိဘူး။ စီအိုင်ဒီက ကျွမ်းကျင်သူ ပညာရှင်ကလည်း ရာပြည့်လုပ်ပါတယ်ဆိုတာကို တိကျစွာ အစီရင်ခံနိုင်ခြင်း မရှိဘူး။ ဒီအချက်တွေပေါ်မှာ အဓိကထားပြီးတော့ လျှောက်လဲချက် ပေးခဲ့ပါတယ်”ဟု ၎င်းက ပြောပါသည်။ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသူ ကိုရာပြည့်သည် မေလနောက်ဆုံးပတ်ကတည်းက အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရခြင်း ဖြစ်ပြီး လေးလနီးပါး ကြာမြင့်ပြီ ဖြစ်သည်။ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူရာတွင် အမှုတစ်ခုချင်းစီပေါ် မူတည်၍ လုပ်ဆောင်ပုံ ကွာခြားမှုများအပေါ် ဝေဖန်မှုများ ရှိနေသည်။ ယခုနောက်ပိုင်းတွင် ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်မှုများ ယခင်ထက် များပြားလာကြောင်း သိရပြီး နိုင်ငံအကြီးအကဲအချို့အား ပုတ်ခတ်ရေးသားမှုနှင့် ပတ်သက်သော အမှုများတွင်သာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း၊ သာမန်ပြည်သူများမှ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်မှုများအပေါ် အရေးယူဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ရှိနေကြောင်း ဝေဖန်မှုအချို့ ရှိနေခြင်းဖြစ်သည်။ ထို့အတူ Eleven Media Group အနေဖြင့်လည်း လူမှုကွန်ရက်မှတစ်ဆင့် ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင် ရေးသားမှုများနှင့် ပတ်သက်၍ Myat Maw Facebook အကောင့်သုံးစွဲသူအား တာမွေရဲစခန်းတွင် ၂၀၁၆ ခုနှစ် ဇန်နဝါ ရီ ၂၇ ရက်တွင် ပုဒ်မ ၆၆ (ဃ) ပ/၇၉/၂၀၁၆ ဖြင့် လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် နေပြည်တော် ဇဗ္ဗူ သီရိမြို့နယ် အမှတ်(၁) ရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ)ပ/၈၈/၂၀၁၆ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်ထားသော်လည်း ယခုအထိ တစ်စုံတစ်ရာ အရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။