ရုပ်ရှင်နှင့်ဗီဒီယို ရိုက်ကူးထုတ်လုပ်မှုတွင် စံသတ်မှတ်မှုအဖြစ် အသုံးပြုမည့်စာချုပ်တွင် ပါဝင်မည့်အချက်အလက်များအား အနုပညာရှင်များဖြင့် ညှိနှိုင်းအတည်ပြုမည်

ရုပ်ရှင်နှင့်ဗီဒီယို ရိုက်ကူးထုတ်လုပ်မှုတွင် စံသတ်မှတ်မှုအဖြစ် အသုံးပြုမည့်စာချုပ်တွင် ပါဝင်မည့်အချက်အလက်များအား အနုပညာရှင်များဖြင့် ညှိနှိုင်းအတည်ပြုမည်
Published 13 September 2016
လင်းလင်းခိုင်

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လုပ်မှုတွင် စံသတ်မှတ်မှုအဖြစ် အသုံးပြုမည့် စာချုပ်တွင်ပါဝင်မည့် အချက်အလက်များအား ယခုလအတွင်း အနုပညာရှင်များဖြင့် ညှိနှိုင်းအတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ် ကားများ ရိုက်ကူးရာ၌ စာချုပ်ပုံစံ သတ်မှတ်ချုပ်ဆိုမှုရှိသော်လည်း တိကျသည့်ချုပ်ဆိုမှုမျိုး မဟုတ်ဘဲ နားလည်မှုဖြင့်သာ လုပ်ကိုင်နေခြင်းဖြစ်သည့်အတွက် စံသတ်မှတ်မှုတစ်ခုဖြင့် ချုပ်ဆိုလုပ်ကိုင်ရမည့် စာချုပ်စနစ်တွင် ပါဝင်မည့် အချက်အလက်များအား အနုပညာရှင် အတတ်ပညာရှင်များ ဖိတ်ခေါ်ဆွေးနွေးကာ အတည်ပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။“ကျွန်တော်တို့ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်မှာ အဓိကဆွေးနွေးခဲ့တဲ့ စာချုပ်နဲ့လုပ်ကိုင်ဖို့ဆိုတဲ့ စနစ်ကို အတည်ပြုနိုင်ဖို့အတွက် အခုလထဲမှာ အပြီးသတ် ဆောင်ရွက်သွားပါမယ်။ ကျွန်တော်တို့ ရုပ်ရှင်နဲ့ဗီဒီယိုရိုက်ကူးမှုတွေမှာ အသုံးပြုဖို့အတွက် စံသတ်မှတ်ချက် တစ်ခုဖြစ်မယ့် စာချုပ်စနစ်မှာ ပါဝင်နိုင်မယ့် အချက်အလက်တွေကို အနုပညာရှင်တွေ အားလုံးဖိတ်ခေါ်ဆွေးနွေးမယ်။ လိုအပ်တာတွေ ထပ်ဖြည့်မယ်။ အဆင်မပြေတာတွေဆိုလည်း ညှိနှိုင်းကြမယ်။ အားလုံးအတည်ပြု ပြီးပြီဆိုရင်တော့ ဒီလကုန်လောက်မှာ အတည်ဖြစ်သွားပါမယ်။ ဒီလိုသတ်မှတ် ပြီးသွားရင်တော့ စာချုပ်ပါစည်းကမ်းအတိုင်းပဲ လိုက်နာဆောင်ရွက်ကြရတော့မှာပါ”ဟု ဒါရိုက်တာ အကယ်ဒမီဝိုင်းက ဆိုသည်။သရုပ်ဆောင် မြင့်မြတ်ကလည်း “အခုလည်း စာချုပ်ပုံစံနဲ့ပဲ သွားနေတယ်ဆိုပေမယ့် နားလည်မှုနဲ့ သွားနေကြတာပေါ့။ တကယ်တမ်း စံသတ်မှတ်ချက်တစ်ခုအနေနဲ့ စာချုပ်လေး လုပ်လိုက်မယ်ဆိုရင်တော့ ပိုပြီး စည်းကမ်းလည်း ရှိလာမယ်။ စနစ်လည်း ကျလာမယ်လေ။ စာချုပ်မချုပ်ခင်မှာတော့ ပါဝင်မယ့်အချက်တွေကို အသေအချာ ကျေလည်အောင် ညှိနှိုင်းပြီးလုပ်ရမှာပေါ့။ ကျွန်တော်ကတော့ ကြိုက်ပါတယ်။ ဘယ်အလုပ်မဆို စည်းကမ်းကျနတာ အကောင်းဆုံးပဲလေ။ နားလည်မှုဆိုပေမယ့် တချို့အလုပ်တွေကျတော့လည်း   တိကျတဲ့ လုပ်ဆောင်မှုမျိုးတွေရှိရင် ပိုတိုးတက်နိုင်တာပေါ့” ဟု ဆိုသည်။မြန်မာရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးဖန်တီးရာတွင် တိကျခိုင်မာသည့် စာချုပ်ချုပ်ဆိုမှုမျိုး မဟုတ်ဘဲ ဇာတ်ကားထုတ်လုပ်သူနှင့် ပါဝင်ဖန်တီးသည့် အနုပညာရှင်များကြားတွင် အပြန်အလှန် နားလည်မှုဖြင့်သာ ဆောင်ရွက်နေကြခြင်း ဖြစ်သည့်အတွက် ပြဿနာဖြစ်ပွား မှုများစွာရှိနေပြီး မြန်မာဇာတ်ကားများ၏ အရည်အသွေးပိုင်းတွင်လည်း အားနည်းချက်များစွာ ရှိနေကြောင်း သိရသည်။ စတင်ကျင့်သုံးရန် စီစဉ်လျက်ရှိသည့် စာချုပ်ချုပ်ဆိုမှုစနစ်တွင် ဇာတ်ကားတစ်ကား ရိုက်ကူးမည်ဆိုပါက ပါဝင်သည့် အနုပညာရှင်များ၏ အနုပညာကြေး၊ ဇာတ်ကားရိုက်ကူးသည့် ကာလတွင် လုပ်ဆောင်သွားရမည့် လုပ်ငန်းများ၊ လိုက်နာရမည့် စည်းကမ်းချက်များအား ထုတ်လုပ်သူများ နှင့်အနုပညာရှင်များ ညှိနှိုင်းကာ ဖော်ပြချုပ်ဆိုရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။                                

Most Read

Most Recent