နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သရုပ်ဆောင် မင်းအုပ်စိုးအား တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲလျှော့ပေါ့ သတ်မှတ်

နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သရုပ်ဆောင် မင်းအုပ်စိုးအား တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲလျှော့ပေါ့ သတ်မှတ်
Published 10 September 2016
နေရိုင်း၊ ကျော်မျိုး၊ ဝေလင်းအောင်

သရုပ်ဆောင် မင်းအုပ်စိုးအား  တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲလျှော့ပေါ့ သတ်မှတ်ရန် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက စက်တင်ဘာ ၉ ရက်တွင် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရသည်။မင်းအုပ်စိုးအား အနောက်ပိုင်းခရိုင်တရားရုံးမှ ယခင်ချမှတ်ထားသည့် ပြစ်မှု ဥပဒေပုဒ်မ ၃၀၂ (၂) လူသတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ ပြစ်မှု ပုဒ်မ ၃၀၄ (က) လူသေမှုအဖြစ် ပြောင်းလဲကာ အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ သိရသည်။ထိုသို့ မင်းအုပ်စိုး ပြစ်ဒဏ်အား ပြောင်းလဲလျှော့ပေါ့ သတ်မှတ်မှုကို စက်တင်ဘာ ၉ ရက်တွင်  ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်သော ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးအောင်ဇော်သိန်းတို့က ကြားနာ၍ ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ နေအိမ်၌ ၎င်းထုတ်ဝေလျက်ရှိသော သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ်အား လူမှုရေးကိစ္စမေးမြန်းရာမှ ထိုးကြိတ် ကန်ကျောက်မှုများကြောင့် မတေးနုယဉ်မှာ သေဆုံးခဲ့ကြောင်းသိရပြီး ရဲစခန်းသို့ ၎င်းကိုယ်တိုင် သွားရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်က အနောက်ပိုင်းခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး (၃) က သရုပ်ဆောင် မင်းအုပ်စိုး (ခ)အောင်နိုင်ထွန်းကို အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ၎င်းကို စွဲချက်တင်ထားသော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ၃၀၂ (၂) ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံစေရန် အမိန့်ချခဲ့သည်။မြန်မာနိုင်ငံ ရာဇသတ်ကြီး အခန်း ၁၆ လူကို ထိခိုက်သော ပြစ်မှုများတွင် လူသတ်မှုအတွက် ပြစ်ဒဏ်ပုဒ်မ ၃၀၂ (၂) တွင် မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။ထိုသို့ အမိန့်ချမှတ်ခံရပြီးနောက် တရားရုံးက ပြန်လည်ထွက်ခွာစဉ် သရုပ်ဆောင် မင်းအုပ်စိုးက “တရားသူကြီး အမိန့်ချမှတ်မှုကို ကျေနပ်ပါတယ်။ ကျွန်တော့်အနေနဲ့ အယူခံဝင်မှာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ ကားလမ်းပိတ်တဲ့ ဒုက္ခနဲ့ ဝေးသွားပြီပေါ့”ဟု မီဒီယာများ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားထားသည်။အနောက်ပိုင်းခရိုင် တရားရုံးတွင် အမှုရင်ဆိုင်စဉ် မှုခင်းဆရာဝန်ကြီး၏ ထွက်ဆိုချက်၌ မတေးနုယဉ် သေဆုံးရခြင်းမှာ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့အတွင်း ရရှိထားသော ဒဏ်ရာများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ မတေးနုယဉ်၏ အလောင်းအား စစ်ဆေးရာတွင် နံရိုးများကျိုး၊ ရင်ညွန့်ကျိုး၊ ရင်ခေါင်းအတွင်း သွေးသွန်၊ အသည်းစုတ်ပြတ်ခြင်း၊ အဆုတ်ဖူးရောင်၊ ဝမ်းခေါင်းအတွင်း သွေးသွန်ခြင်း စသည့်ဒဏ်ရာများကို တွေ့ရှိခဲ့ရပြီး ယင်းဒဏ်ရာများအားလုံးမှာ သေစေနိုင်လောက်သော ဒဏ်ရာများဖြစ်သည်ဟု ထွက်ဆိုထားသည်။

သေဆုံးခဲ့သူ မတေးနုယဉ်  (ဓာတ်ပုံ-ယောအသင်း Facebook)မင်းအုပ်စိုးမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် နံနက်အစောပိုင်းတွင် ၎င်းနေအိမ် အိပ်ခန်းအတွင်း ညီမဝမ်းကွဲဖြစ်သူအား သတ်ခဲ့သည်ဟုဆိုကာ ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရပြီး သေဆုံးခဲ့သူ၏ မိခင်ဖြစ်သူမှ မင်းအုပ်စိုးနှင့် မည်သို့မျှ ဆွေမျိုးတော်စပ်ခြင်း မရှိကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်၍ အတိအလင်း ငြင်းဆိုထားကာ မိခင်ဖြစ်သူမှာ သမီးသေဆုံးခဲ့သည့် စိတ်ဖြင့်ပင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။သရုပ်ဆောင် မင်းအုပ်စိုးသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တာမွေမြို့နယ် ဖိုးစိန်လမ်းပေါ်၌ အရက်သေစာသောက်စား မူးယစ်၍ လမ်းအတွင်းရှိ သစ်ပင်အား မီးရှို့ခြင်း၊ လာရောက် မီးငြှိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်များကို ဆဲဆိုခြင်း၊ ရဲကားမှန်ကို လက်သီးဖြင့် ထိုးခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဗဟန်းတရားရုံးက ထောင်ဒဏ် သုံးလ တစ်ရက်နှင့် ငွေဒဏ်ခြောက်သိန်း ချမှတ်ခြင်း ခံခဲ့ရသည်။