မိတ္ထီလာ-တောင်ကြီး ကားလမ်းမပေါ်တွင် ကားအတွင်း သိုဝှက် သယ်ဆောင်လာသော စိတ်ကြွဆေးပြား လေးသိန်းကျော် ဖမ်းဆီးရမိ

မိတ္ထီလာ-တောင်ကြီး ကားလမ်းမပေါ်တွင် ကားအတွင်း သိုဝှက် သယ်ဆောင်လာသော စိတ်ကြွဆေးပြား လေးသိန်းကျော် ဖမ်းဆီးရမိ
Published 9 September 2016
ဝဏ္ဏ (မိတ္ထီလာ)

မိတ္ထီလာ-တောင်ကြီး ကားလမ်းမပေါ်တွင် တားဆီးစစ်ဆေးရာမှ ကားအတွင်း သိုဝှက် သယ်ဆောင်လာသော စိတ်ကြွ ဆေးပြား ၄၈၀၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက် ညနေပိုင်းက အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု (မန္တလေး) မှ ဒုရဲမှူးမြင့်သွင်နှင့် သာစည်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကိုဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာ-တောင်ကြီး ကားလမ်းမ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ ရထားသံလမ်းကူးအနီးတွင် ယာဉ်များအား စစ်ဆေးရှာဖွေရာ တောင်ကြီးဘက်မှ ယာဉ်မောင်း မြင့်ကျော်သူ (ခ) ကျော်သူ (၃၁ နှစ်) မောင်းနှင်ပြီး တင်ဝင်း (၄၅ နှစ်) မိုင်းပျဉ်းမြို့နေသူ လိုက်ပါလာသော 5J/----- Probox အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်မောင်း မြင့်ကျော်သူ (ခ) ကျော်သူ ဝတ်ဆင်ထားသော ဘောင်းဘီအိတ်ကပ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၁၆၀၊ ကား နောက်ခန်းအတွင်းရှိ အနီရောင်ကြက်သွန်နီ အိတ်နှစ်အိတ်အတွင်းမှ WY စာတန်းပါဆေးပြား ၁၀၀၀၀ ပါ အထုပ် ၁၉ ထုပ် အပြား ၁၉၀၀၀၀၊ ဆေးပြား ၂၀၀၀ ပါ အထုပ် ၅၀ ထုပ်ပေါင်း ၁၀၀၀၀၀၊ ကားစပယ်ရာဘီး အတွင်းမှ WY ဆေးပြား ၆၀၀၀၀၊ ကားနောက်ခန်း အံဝှက်အတွင်းမှ WY စာတန်းပါဆေးပြား ၁၀၀၀၀၀၊ ကားနောက်ခန်း ဘန်ကာအတွင်းမှ WY ဆေးပြား ၃၀၀၀၀ စုစုပေါင်း ဆေးပြား ၄၈၀၁၆၀၊ အလေးချိန် ၄၈၀ ဒသမ ၁၆ ကီလိုဂရမ် ဆေးပြားတစ်ပြား ကျပ် ၃၀၀၀ နှုန်းဖြင့် စုစုပေါင်းတန်ဖိုး  ကျပ် ၁၄၄၀၄၈၀၀၀၀ ခန့်၊ မြန်မာငွေကျပ် ၁၅၀၀၀၀ နှင့် မြန်မာနိုင်ငံသုံး ဆင်းမ်ကတ်ပါ တယ်လီဖုန်းနှစ်လုံး၊ ထိုင်းနိုင်ငံသုံး ဆင်းမ်ကတ်ပါ i phone တစ်လုံး၊ နာရီတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ထို့နောက် တင်ဝင်းနှင့် မြင့်ကျော်သူ (ခ) ကျော်သူတို့အား ဆက်လက်စစ်ဆေးခဲ့ရာ နမ့်ဆန်မြို့နေ အမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၆၅၀ ဖြင့် ဝယ်ယူခဲ့ပြီး မြဝတီသို့ သွားရောက်ရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ် ရရှိခဲ့သည်။“ဒီလမ်းပေါ်မှာဖမ်းဆီးဖို့ ရက် ၁၀၀ စီမံချက်အောင်မြင်တဲ့အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်ကြီးလမ်းပေါ်မှာ မူးယစ်ဆေးဝါးတွေ ဖြတ်သန်းနေတာကို တားဆီး ပိတ်ဆို့ပြီး ထပ်မံဖမ်းဆီးဖို့ ကျွန်တော်တို့အဖွဲ့တွေကို ထပ်မံတာဝန်ပေးတာပါ။ ကျွန်တော်တို့ မူးယစ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဒီလမ်းပေါ်မှာ ရှောင်တခင် ပိတ်ဆို့ရှာဖွေမှုတွေ အမြဲတမ်းလုပ်နေတာပါ။ မနေ့က တောင်ကြီးဘက်ကလာတဲ့ ကားတစ်စီးကို ရှောင်တစ်ခင် စစ်ဆေးတဲ့အခါမှာ ဆေးပြား ၄၈၀၀၀၀ ကျော် ဖမ်းဆီးမိတယ်။ ထိုင်းနိုင်ငံသုံး ဖုန်းတစ်လုံး ဖမ်းဆီးမိတယ်။ ကားပေါ်ကနေ တရားခံ နှစ်ယောက် ဖမ်းဆီးမိထားတယ်။ ဆက်စပ်တရားခံတွေလည်း ဖမ်းဆီးရမိနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု (မန္တလေး) မှ ဒုရဲမှူးမြင့်သွင်က ဆိုသည်။အဆိုပါအမှုအား သာစည်မြို့မရဲစခန်းက မယ(ပ)၁၇/၂၀၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀ (က) ၂၁ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။