ဇီကာဗိုင်းရပ်စ်သည် မျက်စိများထဲ၌ ရှင်သန်နေနိုင်ပြီး မျက်ရည်မှတစ်ဆင့် ကူးစက်နိုင်

ဇီကာဗိုင်းရပ်စ်သည် မျက်စိများထဲ၌ ရှင်သန်နေနိုင်ပြီး မျက်ရည်မှတစ်ဆင့် ကူးစက်နိုင်
Published 7 September 2016

ဇီကာဗိုင်းရပ်စ်သည် မျက်စိများထဲတွင် ရှင်သန်နေထိုင်နိုင်သည်ဟု သုတေသီများက စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ကြွက်များတွင် စမ်းသပ်ပြီးနောက် သိရှိခဲ့ရသည့် ယခုအဖြေသည် အချို့သော ဇီကာလူနာများ၌ မျက်စိရောဂါများ ဖြစ်ပွားကာ မျက်စိကွယ်သည်အထိ ဖြစ်ခဲ့ရသော အချို့ဖြစ်စဉ်များကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
Cell Reports ဂျာနယ်တွင် ဖော်ပြခဲ့သည့် ထိုလေ့လာမှုသည် ဇီကာရောဂါ ကူးစက်ခံထားရသော ကြွက်သန္ဓေသား၊ မွေးကင်းစကြွက်နှင့် အရွယ်ရောက်ပြီး ကြွက်တို့၏ မျက်စိများကို လေ့လာထားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ လေ့လာမှုအရတော့ မျက်စိဟာ ဇီကာဗိုင်းရပ်စ်တွေ စုစည်းနေထိုင်တဲ့ နေရာတစ်ခု ဖြစ်နိုင်ပါတယ်” ဟုစိန့်လူးဝစ်ရှိ ဝါရှင်တန်ဆေးတက္ကသိုလ်မှ ပါမောက္ခဖြစ်သည့် မိုက်ကယ်ဒိုင်းမွန်းက ပြောခဲ့သည်။
“ဇီကာရှိတဲ့လူတွေရဲ့ မျက်လုံးထဲမှာ ကူးစက်နိုင်တဲ့ဗိုင်းရပ်စ် ရှိ၊ မရှိနဲ့ အဲဒီဗိုင်းရပ်စ်တွေဟာ မျက်လုံးထဲမှာ အချိန်ဘယ်လောက်ကြာအောင် ရှိနိုင်လဲဆိုတာ ကျွန်တော်တို့ လေ့လာဖို့ လိုပါသေးတယ်” ဟု၎င်းက ပြောကြားခဲ့သည်။ ဇီကာဗိုင်းရပ်စ်သည် ရောဂါရှိသူတို့၏ မျက်ရည်မှတစ်ဆင့် ကူးစက်နိုင်သည်ဟု ဒိုင်းမွန်းက ပြောကြားခဲ့သည်။ သုတေသီများသည် ၎င်းတို့၏ ယခုလေ့လာမှုကို ဇီကာရောဂါရှိသည့် လူများတွင်ပါ တိုးချဲ့လေ့လာရန် စီစဉ်နေကြသည်။
မိခင်၏ သားအိမ်ထဲ၌ ဇီကာရောဂါ ကူးစက်ခံခဲ့ရသော ကလေးများအနက် သုံးပုံတစ်ပုံတွင် အမြင်အာရုံကြောများ ရောင်ရမ်းခြင်း၊ မြင်လွှာတွင် ထိခိုက်မှုရှိနေခြင်း သို့မဟုတ် မျက်စိကွယ်ခြင်း အစရှိသည့် မျက်စိဆိုင်ရာ ပြဿနာများ ဖြစ်နေကြသည်ဟု သုတေသီများကဆိုသည်။ ဇီကာကူးစက်ခံရသော အရွယ်ရောက်ပြီး လူများတွင်မူ မျက်စိနာခြင်းကို ခံစားကြရသည်။ အချို့သောသူများတွင်မူ ရှားရှားပါးပါး မျက်သားရောင်ခြင်း မျိုးလည်းရှိပြီး ယင်းအခြေအနေမှာ မျက်စိကို ထာဝရ ကွယ်သွားစေနိုင်သည်။
လူတို့သည် ခြင်မှတစ်ဆင့် ဇီကာကူးစက်ခံရသကဲ့သို့ ယခုလေ့လာမှုထဲတွင် သုတေသီများကလည်း ကြွက်များကို အရေပြားမှတစ်ဆင့် ဇီကာရောဂါ ကူးစက်စေခဲ့သည်။ ထို့နောက် ခုနစ်ရက်အကြာတွင် ကြွက်များ၏ မျက်စိထဲ၌ ဇီကာဗိုင်းရပ်စ်ကို တွေ့ရှိရခြင်းဖြစ်သည်။ မျက်စိထဲတွင် ဇီကာဗိုင်းရပ်စ်များ ရှိနေခြင်းက လူများသည် ဇီကာရောဂါပိုးရှိသူ၏ မျက်ရည်နှင့် သာမန်ထိတွေ့မိခြင်းဖြင့် ရောဂါပိုးကူးစက် ခံရနိုင်သည့် အဓိပ္ပါယ်ဖြစ်သည်။ ဇီကာဗိုင်းရပ်စ်သည် မျက်စိထံသို့ မည်သို့သွားရောက်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သုတေသီများသည် ဇီကာရောဂါကူး စက်ပြီး ၂၈ ရက်အကြာ၌ ကြွက်များ၏ မျက်ရည်ထဲ၌ ဇီကာမျိုးရိုး ဗီဇပစ္စည်းများကို တွေ့ရှိရသည်။ “ကြွက်တွေရဲ့ မျက်ရည်မှာတော့ ဗိုင်းရပ်စ်တွေကို မတွေ့ရပါဘူး။ ဒါပေမယ့် ဒါကြောင့် လူတွေမှာ မျက်ရည်က တစ်ဆင့် မကူးဘူးလို့ အဓိပ္ပါယ်မရပါဘူး” ဟု ယခု လေ့လာမှုအား ဦးဆောင်သူ ဂျွန်နသန်မီနာက ဆိုသည်။
Ref : AFP

Most Read

Most Recent