ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ပထွေးနှင့် မိခင်အား ပေါက်ဆိန်ဖြင့် သတ်မှု ဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ပထွေးနှင့် မိခင်အား ပေါက်ဆိန်ဖြင့် သတ်မှု ဖြစ်ပွား
Published 7 September 2016
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ ဘုရားဖြူ ရွာတွင် စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီက သားဖြစ်သူမှ ပထွေးနှင့် မိခင်ကို ပုဆိန်ဖြင့် ခုတ်သတ်မှုဖြစ်ပွားရာ ဆီဆိုင်မြို့မရဲစခန်းမှ သုံးနာရီအတွင်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ကြောင်း ဆီဆိုင်စခန်းမှူးက ပြောကြားသည်။စက်တင်ဘာ ၆ ရက် ညနေ ၃နာရီခွဲခန့်က ဆီဆိုင်မြို့နယ် ဘုရားဖြူရွာ ဦး---နှင့် ဒေါ်-----တို့ကို အမင်း (ခ) စိုင်းအောင်မြင့်က ပုဆိန်ဖြင့် ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မိခင်ဖြစ်သူ ဒေါ်----မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ပထွေးဖြစ်သူ ဦး-----မှာ ဆေးရုံသို့ ရောက်ရှိပြီးမှ သေဆုံးသွားခဲ့ကြောင်း၊ နှစ်ဦးလုံးတွင် ပုဆိန်ဖြင့် ခုတ်ခဲ့သောကြောင့် ဦးခေါင်းခွံများ ကွဲအက်ပြီး သေဆုံးရခြင်းဖြစ်ကြောင်း ဆီဆိုင်ဆေးရုံမှ သိရသည်၊။လူသတ်မှု ကျူးလွန်ခဲ့သော အမင်း (ခ) စိုင်းအောင်မြင့်ကို ဆီဆိုင်မြို့မရဲစခန်းမှ စခန်းမှူးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ချက်ချင်း သွားရောက်ဖမ်းဆီးနိုင်ခဲ့ကာ ဆီဆိုင်မြို့မရဲစခန်းတွင် ချုပ်ထားကြောင်း စခန်းမှူးက ပြောကြားသည်၊။“ပထွေးနဲ့ အမေကို သတ်တာပါ။ ညနေ ၃ နာရီခွဲအချိန်မှာ ဖြစ်တယ်။ ညနေ ၆ နာရီ လောက်မှာ ဖမ်းမိတယ်။ သူက ပထွေးကို မကျေမနပ် ဖြစ်နေတာကြာပါပြီ။ ဟိုးအရင်ကတည်းက  စိတ်ဒဏ်ရာ ဖြစ်နေတာ။ ဒီနေ့တော့ စကားပြော အခန့်မသင့် ဖြစ်ရင်းနဲ့ ပထွေးကို အရင်သတ်တာ။ အချိန်တိုအတွင်း ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်”ဟု ဆီဆိုင်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သီဟက ပြောကြားသည်၊။အဆိုပါ အမှုကို ပ - ၂၂/ပုဒ်မ ၃၀၂ နှင့် အမှုဖွင့်ထားပြီး တောင်ကြီးမြို့နယ် တရားရုံးသို့ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဆီဆိုင်မြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။“သြဂုတ် ၂၃ ရက်တုန်းက လမ်းဘေးမှာ မူးယစ်ဆေးဝါး သုံးစွဲမှု လွန်ကဲပြီး အမြှုပ်တွေထွက်ပြီးတော့ သတိလစ်မေ့မြောနေတဲ့အတွက် တာဝန်သိ ပြည်သူတစ်ဦးက ဆေးရုံကို ပို့ဆောင်ပေးဖူးတယ်လို့ သိရတယ်”ဟု ဆီဆိုင်ဒေသခံ ဦးစံဝင်းက ပြောကြားသည်။