သြဂုတ်လအတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးမှု ၁၀၀၀ ကျော် ဖမ်းမိသည့်အနက် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုမှာ ထက်ဝက်ကျော်ရှိ

သြဂုတ်လအတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးမှု ၁၀၀၀ ကျော် ဖမ်းမိသည့်အနက် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုမှာ ထက်ဝက်ကျော်ရှိ
Published 6 September 2016
ရှိုင်းလင်းအောင်

သြဂုတ်အတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးမှု ၁၀၀၀ ကျော် ဖမ်းမိသည့်အနက် စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုမှာ ထက်ဝက်ကျော်အထိ ရှိကြောင်း စက်တင်ဘာ ၆ ရက်က မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ပြီးခဲ့သည့် သြဂုတ် ၁ ရက်မှ ၃၁ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် မူးယစ်ဆေးဝါးမှု စုစုပေါင်း ၁၀၅၀ ဖမ်းဆီးရမိခဲ့သည့်အနက် စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုမှာ ၅၄၈ မှု (၃၁၀၇၀၉၀ ပြား)ဖမ်းဆီးရမိသဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှုများ၏ ထက်ဝက်ကျော် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ထို့ပြင် ဘိန်း ၄၁ မှု (၄၄ ဒသမ ၁၈) ကီလို၊ ဘိန်းဖြူ  ၃၅၁ မှု (၄၃ ဒသမ ၅၅) ကီလို၊ ဆေးခြောက် ၂၁ မှု (၆ ဒသမ ၁၉) ကီလို၊ ဘိန်းဆီခဲ ငါးမှု (၅ ဒသမ ၅) ကီလို၊ အဆင့်နိမ့်ဘိန်းသုံးမှု (၀ ဒသမ ၂) ကီလို၊ ဘိန်းစာမှုန့် ၂၉ မှု (၂၉၄ ဒသမ ၀၈) ကီလို၊ ဘိန်းစာရွက် နှစ်မှု (၀ ဒသမ ၅၃) ကီလို၊ အိုက်စ်ငါးမှု (၈ ဒသမ ၉၄)ကီလို၊ စိတ်ကြွအကြေမှုန့် ငါးမှု (၄၀ ဒသမ ၈၈) ကီလို၊ ဘိန်းရည် တစ်မှု (၁ ဒသမ ၀၃) လစ်တာ၊ ဘိန်းညိုမှုန့် တစ်မှု ၆၀ ကီလို၊ မှတ်ပုံတင်ပျက် မူးယစ်ဆေးဝါး ၃၈ မှု စုစုပေါင်း မူးယစ်ဆေးဝါးမှုပေါင်း ၁၀၅၀ မှုဖမ်းဆီးရမိကြောင်း သိရသည်။မူးယစ်ဆေးဝါးများအနက် စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဖမ်းဆီးရမိခြင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲမှုသည် မြန်မာနိုင်ငံအတွင်း ပျံ့နှံနေခြင်းကြောင့် ဖြစ်ပြီး၊ အခြားမူးယစ်ဆေးဝါးများထက် ဈေးပေါခြင်းများကြောင့် ပိုမို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။“စိတ်ကြွဆေးပြားက ကျွန်တော်တို့ နိုင်ငံထဲမှာ အရမ်းပျံ့နှံ့နေတယ်။ ဘိန်းတို့ ဘိန်းဖြူတို့ဆိုရင် ဈေးလည်းအရမ်းကြီးတော့ သုံးစွဲသူက နည်းနည်းရှားတယ်။ ဒီစိတ်စိတ်ကြွဆေးပြားကတော့ ဈေးကလည်း ပေါတယ်။ အလွယ်တကူလည်း ဝယ်နိုင်တယ်။ အဲဒါကြောင့် ပိုပြီးဖမ်းမိတာ။ သူက ဖမ်းဆီးတဲ့ နေရာမှာလည်း အခြားမူးယစ်ဆေးဝါးတွေထက် ပိုလွယ်တယ်”ဟု မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် သြဂုတ်အတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးမှု ၁၀၅၀  ဖမ်းဆီးရမိရာတွင် အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၁၄၈၄ ဦးနှင့် အမျိုးသမီး ၁၉၆ ဦးတို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။