ကဘူးမြို့တွင် ရန်ပုံငွေအဖွဲ့ တိုက်ခိုက်ခံရပြီး အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ၂၅ ဦး ရှိလာ

ကဘူးမြို့တွင် ရန်ပုံငွေအဖွဲ့ တိုက်ခိုက်ခံရပြီး အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ၂၅ ဦး ရှိလာ
Published 6 September 2016
Ref: AFP

စက်တင်ဘာ ၆ ရက်၌ ကဘူးမြို့တွင် ရန်ပုံငွေအဖွဲ့ ရုံးတစ်ရုံးကို တိုက်ခိုက်မှု ဖြစ်ပွားနေဆဲဖြစ်ပြီး ပေါက်ကွဲမှုများနှင့် ပစ်မှတ်ကို ရေရေရာရာ သိရှိရခြင်းမရှိသည့် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းပစ်ခတ်မှုများသည် လူပေါင်း ၂၄ ဦးထက် မနည်းကို သေဆုံးစေခဲ့ပြီး ဒါဇင်နှင့်ချီလျက် ဒဏ်ရာရရှိစေခဲ့သည့် တာလီဘန်တို့၏ ဗုံးခွဲမှုနှစ်ခု ဖြစ်ပွားစေခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ပက်ရှ်တို ဘာသာစကားအရ စောင့်ရှောက်မှု (Care) ဟု အဓိပ္ပာယ်ရသည့် ပမ်လာရီနာ အမည်ရှိ ရန်ပုံငွေအဖွဲ့အား တိုက်ခိုက်မှုတွင် လူတစ်ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ သို့သော် ပစ်ခတ်တိုက်ခိုက်မှုသည် နိုင်ငံတကာ ရန်ပုံငွေအဖွဲ့ဖြစ်သော ပမ်လာရီနာကို ပစ်မှတ်ထားခြင်း ဟုတ်မဟုတ် ရေရေရာရာ သိရှိရခြင်း မရှိသေးပေ။စက်တင်ဘာ ၅ ရက် အနှောင်းပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးကို တတိယမြောက် ပေါက်ကွဲမှုကြီးက တုန်လှုပ်စေခဲ့ချိန်တွင် တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် ရှာအီးနော် လူနေရပ်ကွက် အထက်ပိုင်းတွင်   မီးခိုးလုံးကြီးများ ပေါ်ထွက်လျက်ရှိသည်ကို တွေ့မြင်ရသည်။ယခုအထိ မည်သည့် စစ်သွေးကြွအဖွဲ့ ကမှ ရန်ပုံငွေအဖွဲ့အား တိုက်ခိုက်မှုကို ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မပြုသေးသော်လည်း တာလီဘန် အဖွဲ့က အမေရိကန်က ကျောထောက် နောက်ခံပြုပေးထားသည့် အာဖဂန်အစိုးရကို ဆန့်ကျင်လျက် တစ်နိုင်ငံလုံးအနှံ့ တိုက်ခိုက်မှုများ မြှင့်တင်လုပ်ဆောင်နေချိန်၌ ယခု တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။“တိုက်ခိုက်သူနှစ်ဦး အဆောက်အအုံထဲကို ဝင်လာတယ်လို့ ယုံကြည်ရပါတယ်။ ကံမကောင်းစွာပဲ အရပ်သားတစ်ဦး အသတ်ခံခဲ့ရပြီး အခြားခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆီဒစ်ဆီဒစ်ကီက ပြောကြားခဲ့သည်။ သို့သော် အဆိုပါ ရန်ပုံငွေအဖွဲ့ကို မေးမြန်းအတည်ပြုရန် လက်လှမ်းမမီနိုင်သေးပေ။လူအများ ထိခိုက်သေကျေစေရန် ရည်ရွယ်ပုံရသည့် ကာကွယ်ရေးဝန်ကြီးဌာနအနီး ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားစဉ်အတွင်း စစ်တပ်ဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် အဆင့်မြင့် အရာရှိများ သေဆုံးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ကာကွယ်ရေးဝန်ကြီးဌာနအနီး တံတားတစ်ခုပေါ်တွင် ဖြစ်ပွားသည့် ပထမဆုံး ပေါက်ကွဲမှု၌ ထိခိုက်ဒဏ်ရာ ရရှိသူများကို ကူညီရန် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ အလျင်အမြန် ရောက်ရှိလာကြချိန်တွင် ဒုတိယမြောက်ဗုံးကို ခွဲခဲ့ခြင်းဖြစ်သည်။ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် အလောင်းများနှင့် မီးလောင်ကျွမ်းထားသည့် အပိုင်းအစ အပျက်အစီးများ ပြန့်ကျဲနေသော အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ကားများ အလျင်အမြန် ရောက်လာကြသည်။ သို့သော် ဒဏ်ရာရရှိထားသူများနှင့် အလောင်းများ များပြားလွန်းလှသောကြောင့် အချို့ကို မော်တော်ကား နောက်ခန်းများ၌လည်းကောင်း၊ ရဲတပ်ဖွဲ့ ပစ်ကပ်ကားများဖြစ်လည်းကောင်း ဆေးရုံများသို့ သယ်ဆောင်ခဲ့ရသည်။တံတားပေါ်၌ ဖြစ်ပွားသော ပေါက်ကွဲမှုသည် ပြင်းထန်လွန်းသောကြောင့် ကဘူးမြစ်အတွင်းသို့ လွင့်စဉ်ကျသွားသော အလောင်းများကို မီးသတ်သမားများက ပြန်လည် ဆယ်ယူနေရကြောင်း သိရသည်။

Most Read

Most Recent