သူ့အား ပြည့်တန်ဆာမသားဟု ပြောခဲ့သည့် ဒူတာတေးနှင့် တွေ့ဆုံရန် အစီအစဉ်ကို အိုဘားမား ဖျက်သိမ်း

သူ့အား ပြည့်တန်ဆာမသားဟု ပြောခဲ့သည့် ဒူတာတေးနှင့် တွေ့ဆုံရန် အစီအစဉ်ကို အိုဘားမား ဖျက်သိမ်း
Published 6 September 2016
Ref: AFP

ဖိလစ်ပိုင်ခေါင်းဆောင် ရိုဒရီဂိုဒူတာတေးက အမေရိကန်သမ္မတ ဘာရက်အိုဘားမားအား “ပြည့်တန်ဆာမသား” ဟု တံဆိပ်ကပ်ကာ “ဝက်တစ်ကောင်လို ရွှံ့လူးနေမယ်” ဟူသည့် ရိုင်းရိုင်းစိုင်းစိုင်း စကားများ ပြောကြားခဲ့ပြီးနောက် ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲ တစ်ခု၌ အိုဘားမားက ဒူတာတေးနှင့် တွေ့ဆုံမည့် အစီအစဉ်ကို စက်တင်ဘာ ၆ ရက်တွင် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ကြီးမှူးကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ၌ ၎င်းတို့နှစ်ဦးတွေ့ဆုံရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ဇွန် ၃၀ ရက်တွင် အာဏာရလာပြီး ကတည်းက စော်ကားမော်ကား ပြောဆိုမှုများ ပြုလုပ်နေသည့် ဒူတာတေးကြောင့် ရေရှည်မဟာမိတ်များဖြစ်ခဲ့သည့် အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ဆက်ဆံရေး ကျဆင်းလာပြီး နှစ်စဉ်ကျင်းပခဲ့သည့် ယခုနှစ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား အမြင်မကြည်မလင် ဖြစ်ခဲ့ရသည်။လွန်ခဲ့သည့်နေ့က ဖိလစ်ပိုင်ခေါင်းဆောင်၏ နောက်ထပ်စော်ကားပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အိုဘားမား၏ လက်ထောက်များက အိုဘားမားနှင့် ဒူတာတေးတို့ စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်း၌ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။ဗီယန်ကျင်းသို့ သွားရောက်ခါနီးတွင် နှစ်လမျှသာရှိသော အချိန်အတွင်း လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံ၏ ရာဇဝတ်မှု တိုက်ဖျက်ရေးကိစ္စအပေါ် အိုဘားမားက လက်ချာပေးမည့် ကိစ္စကို သူ့အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ဒူူတာတေးက သတိပေးခဲ့သည်။“ခင်ဗျား လေးစားမှုရှိရမယ်။ မေးခွန်းတွေ အဆိုပြုချက်တွေနဲ့ ပစ်ပေါက်တာမျိုးတွေ လာမလုပ်ပါနဲ့။ ဒီဖိုရမ်မှာ ခင်ဗျားကို ကျွန်တော်ဆဲမိလိမ့်မယ် ပြည့်တန်ဆာမသားရဲ့” ဟု အိုဘားမားအတွက် “ဘာပြောချင်သလဲ” ဟု သတင်းထောက်များ မေးမြန်းသည့်အခါ ဒူတာတေးက ပြောကြားခဲ့သည်။မဆင်မခြင် ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုမှုကြောင့် ကမ္ဘာတစ်လွှား၌ နာမည်ပျက်ဖြင့် အလျင်အမြန် ကျော်ကြားလာသော ဒူတာတေးသည် ၎င်းနှင့် အိုဘားမား တွေ့ဆုံမည့် အစီအစဉ်၌ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စပေါ်လာမည့် အရေးကို ရှင်းပြရာတွင် အရောင်အသွေးစုံလှသော ဘာသာစကားကို သုံးစွဲခဲ့သည်။“ခင်ဗျား ဒါမျိုး ကျွန်တော့်ကို လာလုပ်ခိုင်းရင် ကျွန်တော်တို့ ဝက်တွေလို ရွှံ့ထဲမှာ လူးနေရမှာပေါ့” ဟု ဒူတာတေးက ပြောကြားခဲ့သည်။ဒူတာတေးသည် ယခင်ကလည်း ဖိလစ်ပိုင်ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို “ပြည့်တန်ဆာမသား မိန်းမလျာ” ဟု ခေါ်ဆိုခဲ့ဖူးပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုလည်း “ပြည့်တန်ဆာမသား” ဟုပင် ခေါ်ဆိုခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent