ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် အဖွဲ့ဝင်များ ပထမအကြိမ် အစည်းအဝေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် အဖွဲ့ဝင်များ ပထမအကြိမ် အစည်းအဝေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Published 5 September 2016
ငြိမ်းကို၊ ကျော်ဇင်ဝင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်နှင့် အဖွဲ့ဝင်များ၏ ပထမအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ခဲ့ပြီး အစည်းအဝေး အဖွင့်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်တို့က အဖွင့်အမှာစကား ပြောကြားကာ အစည်းအဝေးကျင်းပချိန် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။
အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အရေးကိစ္စသည် မိမိတို့အားလုံးကို ထိခိုက်နာကျင်စေသည့် ဒဏ်ရာတစ်ခုဖြစ်ကြောင်း၊  မိမိတို့တိုင်းပြည်နှင့် ပြည်သူများ ခံစားနေရသည့် ဒဏ်ရာအားလုံးကို ကိုဖီအာနန်နှင့် အဖွဲ့ဝင်အားလုံး ပါဝင်သည့် ကော်မရှင်အနေဖြင့် ကုစားပေးနိုင်ရန် ဆန္ဒပြုကြောင်းနှင့် မိမိတို့အနေဖြင့် အကောင်းဆုံး ရှေ့ဆက်သွားနိုင်မည့် လမ်းကြောင်းကို ဆောင်ကြဉ်းပေးနိုင်ရန်လည်း မျှော်လင့်ကြောင်း အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန်အနေဖြင့် ရခိုင်ပြည်နယ်အရေး ကိစ္စများကို မြေပြင်ကွင်းဆင်း လေ့လာမှုမှ တွေ့ရှိသိမြင် နိုင်တော့မည်ဖြစ်ပြီး ပြဿနာ၏ မူလဇာစ်မြစ် အရင်းအမြစ်များကို အကဲဖြတ်နိုင်မည် ဖြစ်သော်လည်း တစ်ရက်တည်း၊ ရက်သတ္တပတ် တစ်ပတ်တည်း လေ့လာရုံဖြင့် လုံလောက်မည် မဟုတ်ကြောင်း၊ သို့ရာတွင် ကိုဖီအာနန် အနေဖြင့် ရခိုင်ပြည်နယ်သို့ ရောက်ရှိချိန်တွင် ယင်းပြဿနာကို ဖြေရှင်းရန် ရည်ရွယ်ဆောင်ရွက်မည် ဖြစ်သောကြောင့် အဖြေရှာဖွေတွေ့ နိုင်မည်ဟု မိမိယုံကြည်ကြောင်းလည်း ထပ်လောင်းပြောကြားသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်က အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်မှ ပြည်သူများကို အေးချမ်းသာယာ စည်ပင်ဝပြောသော အနာဂတ်ကို ရရှိနိုင်မည့် ဘုံလမ်းကြောင်း တစ်ခုကို ရေးဆွဲပေးနိုင်ရန် အကူအညီ ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာကိုဖီအာနန်နှင့် ကော်မရှင် အဖွဲ့ဝင်များသည် ယနေ့ (စက်တင်ဘာ ၆ ရက်) မှ ၇ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် မစ္စတာ ကိုဖီအာနန်အား ရခိုင်လူမှု အဖွဲ့အစည်း အချို့မှ ဆန္ဒပြကန့်ကွက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်လက်ပြီး မစ္စတာကိုဖီအာနန်သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မရှင်၌ မစ္စတာကိုဖီအာနန် အပါအဝင် နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦးနှင့် မြန်မာနိုင်ငံသား ပုဂ္ဂိုလ်ခြောက်ဦး စုစုပေါင်းကိုးဦး ပါဝင်သည်။
ကော်မရှင်တွင်ပါဝင်သည့် မြန်မာနိုင်ငံသားပုဂ္ဂိုလ် ခြောက်ဦးမှာ ဦးဝင်းမြ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ဒေါက်တာသာလှရွှေ (နာယက၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်း)၊ ဦးအေးလွင် (ငြိမ်း ချမ်းမေတ္တာအဖွဲ့-မြန်မာနိုင်ငံ-တည်ထောင် သူတစ်ဦးနှင့် အမြုတေအဖွဲ့ဝင်)၊ ဒေါက်တာ မြသီတာ (ဥက္ကဋ္ဌ၊ သားဖွားမီးယပ်ပညာအဖွဲ့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း/အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆရာဝန်များအသင်း)၊ ဦးခင်မောင်လေး (အဖွဲ့ဝင်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်)၊ ဒေါ်စောခင်တင့် (ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်)/ဒုတိယဥက္ကဋ္ဌ၊ ရခိုင်အမျိုးသမီးများအသင်း) တို့ ဖြစ်ကြသည်။
ထို့အတူ ကော်မရှင်တွင် ပါဝင်သည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာ နန်၊ မစ္စတာဂါဆန်ဆလမ် (လက်ဘနွန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီး၊ ၂၀၀၀-၂၀၀၃/ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်၊ ၂၀၀၃-၂၀၀၆)၊ မစ္စလက်တီတီရာဗန်ဒန် အာဆမ် (ကုလသမဂ္ဂ အိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာ အစီအစဉ် (UNAIDS) ၏ အထူးအကြံပေးပုဂ္ဂိုလ်၊၂၀၀၅-၂၀၀၆/ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီး၊ ၂၀၁၂-၂၀၁၅) တို့ ဖြစ်ကြသည်။
ထိုသို့ ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ကော်မရှင်ဖွဲ့စည်းရာတွင် ပြည်တွင်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ကိစ္စရပ်အပေါ် နိုင်ငံခြားသားများ ပါဝင်နေသဖြင့် ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီအချို့နှင့် လူမှုအသင်းအဖွဲ့ အချို့က ကြေညာချက်များ ထုတ်ပြန်ထားသည်။
ထို့ပြင် သြဂုတ် ၃၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါက်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာ ရောက်စေသဖြင့် အဆိုပါကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ကြောင်း အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆို တစ်ရပ်အား တင်သွင်းထားပြီး လွှတ်တော်တွင် ယနေ့ (စက်တင်ဘာ ၆ ရက်)တွင် စတင်ဆွေးနွေးမည်ဖြစ်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အနေဖြင့် ရခိုင်ဒေသရှိ ပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့်အရေးများအား အာမခံချက် ပေးနိုင်ရေးကိစ္စ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများနှင့် အခြေခံလူမှု ဝန်ဆောင်မှုများ ရရှိရေး ကိစ္စများအား စဉ်းစားဆောင်ရွက်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများပံ့ပိုးရေး၊ အခွင့်အရေးများနှင့် ပြန်လည် ရင်ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်း အဆောက်အအုံများ တည်ထောင်ပေးရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးစသည့် ကဏ္ဍများအတွက် လေ့လာ သုံးသပ်မှု ပြုလုပ်၍ အကြံပြု တင်ပြမှုများ ကော်မရှင်အနေဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ သြဂုတ် ၂၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှုတို့ကိုလည်း သုံးသပ်သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရှာဖွေတွေ့ရှိချက်များနှင့် လေ့လာသုံးသပ် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာနိုင်ငံ အစိုးရထံ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထု သိရှိနိုင်ရေး အတွက်လည်း အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မရှင်အနေဖြင့် အစီရင်ခံစာကို ကော်မရှင် တည်ထောင်ပြီး ၁၂ လ ကာလထက် နောက်မကျစေဘဲ တင်ပြရမည် ဖြစ်သည်။                           

Most Read

Most Recent