မြောက်ကိုရီးယားက အရှေ့ဘက် ပင်လယ်တွင်းသို့ ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့

မြောက်ကိုရီးယားက အရှေ့ဘက် ပင်လယ်တွင်းသို့ ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့
Published 5 September 2016
Ref: AFP

မြောက်ကိုရီးယားသည် စက်တင်ဘာ ၅ ရက်က ၎င်း၏အရှေ့ဘက် ပင်လယ်တွင်းသို့ ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား အစိုးရက ပြောကြားခဲ့သည်။ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးလက်ခံ ကျင်းပနေသော တရုတ်နိုင်ငံ၌ ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံနေကြစဉ် မြောက်ကိုရီးယားက အင်အားပြသည့် အနေနှင့် ယင်းကဲ့သို့ ဒုံးကျည်များ ပစ်လွှတ်ပြနေခြင်း ဖြစ်သည်။ထိုဒုံးကျည်များကို ဂင်းနစ်စံတော်ချိန် ၀၃း၀၀ နာရီက မြောက်ကိုရီးယားနိုင်ငံ ဟွမ်ဂျူစီရင်စုမှ ဂျပန်ပင်လယ် (အရှေ့ပင်လယ်) ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် လွန်ခဲ့သည့် သီတင်းနှစ်ပတ်ကပင် ရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ် စမ်းသပ်ခဲ့သေးသည်။ “ကီလိုမီတာ ၁၀၀၀ (မိုင် ၆၀၀) အကွာအဝေး အထိရောက်နိုင်တဲ့ နိုဒေါင်ဒုံးကျည်ကို ပစ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ မပစ်ခင် ဂျပန်ကို ရေကြောင်းဆိုင်ရာ ကြိုတင်သတိပေးခြင်းလည်း မရှိခဲ့ပါဘူး” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။“ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်မှာ မြောက်ကိုရီးယားဟာ သူရဲ့ နျူ ကလီးယားနဲ့ ဒုံးကျည်စွမ်းရည်ကို ပြသနိုင်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ စည်းမျဉ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။စက်တင်ဘာ ၅ ရက်က ဟန်ကျိုးမြို့တွင် ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ တောင်ကိုရီးယား သမ္မတပက်ကွမ်ဟီးနှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ ဘေးဆွယ်အစည်းအဝေး၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး နာရီအနည်းငယ် အကြာတွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။တရုတ်သည် မြောက်ကိုရီးယား၏ တစ်ခုတည်းသော အဓိကမဟာမိတ်နှင့် စီးပွားရေးအတွက် မှီခိုရာလည်းဖြစ်သည်။ သို့သော်လည်း ကိုရီးယားကျွန်းဆွယ်ထဲတွင် တင်းမာမှုကို မြင့်တက်စေခဲ့သော မကြာသေးမီ ကာလအတွင်းက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများကြောင့် ယင်းနှစ်နိုင်ငံကြားမှ ဆက်ဆံရေး အက်ကြောင်း ထင်လာခဲ့သည်။သြဂုတ် ၂၄ ရက်ကလည်း မြောက်ကိုရီးယားသည် ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်လွှတ် စမ်းသပ်ခဲ့ရာ ယင်းဒုံးကျည်သည် ဂျပန်၏ အထူးစီးပွားရေးဇုန်ထဲသို့ ကျရောက်ခဲ့သည်။ ထိုစမ်းသပ်မှုအတွင်း ဒုံးကျည်သည် မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘောမှ ဒုံးကျည်ပစ်ခတ် စမ်းသပ်မှုများအနက် အဝေးဆုံးသို့ ရောက်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကလည်း ယင်းစမ်းသပ်မှုသည် အကြီးကျယ်ဆုံး အောင်မြင်မှုကြီးဟု ဆိုသည်။

Most Read

Most Recent