အနောက်နိုင်ငံများတွင် IS တိုက်ခိုက်မှုများကို အဓိကစီမံသူ ဆီးရီးယား၌ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး

အနောက်နိုင်ငံများတွင် IS တိုက်ခိုက်မှုများကို အဓိကစီမံသူ ဆီးရီးယား၌ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး
Published 31 August 2016

IS အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သော အဘူမိုဟာမက် အယ်အဒါနီသည် ဆီးရီးယားတွင် အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်း IS တို့အဖွဲ့က ကြေညာခဲ့သည်။ အဒါနီသည် အနောက်နိုင်ငံများတွင် ဖြစ်ပွားခဲ့သော IS တိုက်ခိုက်မှုများ၏ အဓိကကြိုးကိုင်စီစဉ်သူ ဖြစ်သည်ဟု အမေရိကန်က ယူဆထားသည်။
ညွန့်ပေါင်းအဖွဲ့သည် သြဂုတ် ၃၀ ရက်က အလယ်ပိုပြည်နယ်တွင် အဒါနီကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ တိုက်ခိုက်မှု၏ရလဒ်ကို စုံစမ်းနေဆဲ ဖြစ်သော်လည်း အဒါနီ အမှန်တကယ် သေဆုံးခဲ့ပါက IS အဖွဲ့အတွက် အဓိက ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း အမေရိကန်၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
IS အဖွဲ့တွင် လူသိအများဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် အဒါနီသည် လူပေါင်း ၈၆ ဦးကို သေစေခဲ့သော ဇူလိုင် ၁၄ ရက်က နိစ် မြို့တွင်ဖြစ်ပွားခဲ့သည့် ထရပ်ကားဖြင့် လူအုပ်ထဲသို့ ဝင်ရောက် တိုက်ခိုက်မှုကဲ့သို့ ဓားများ၊ ယာဉ်များကို အသုံးပြု၍အရပ်သားများကို ပစ်မှတ်ထားသည့် တစ်ကိုယ်တော် တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်နေသူ ဖြစ်သည်။
အဒါနီသည် အလက်ပိုမြို့၌ ထိုးစစ်ဆင်နေသည့် အစိုးရတပ်ဖွဲ့များကို ပြန်လည်ခုခံရန် စစ်ဆင်ရေးများကို စီစဉ်နေစဉ် ကိုယ်ကျိုးစွန့် သွားခဲ့ခြင်းဖြစ်ကြောင်း IS သတင်းဌာနဖြစ်သည့် Amaq ၌ ဖော်ပြခဲ့ပြီး ၎င်း၏ကျဆုံးမှုအတွက် လက်တုံ့ပြန်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။
“အဒါနီဟာ IS အဖွဲ့ရဲ့ ပြည်ပစစ်ဆင် ရေးတွေကို အဓိက စီမံသူနဲ့ အဓိက IS ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးအဖြစ် ထမ်းဆောင်နေသူ ဖြစ်ပါတယ်” ဟု ပင်တဂွန်က ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ အနောက်ပိုင်း အိုင်ပြည်နယ် ဇာတိဖြစ်သည့် အဒါနီသည် IS အဖွဲ့ထဲသို့ မဝင်ခင်က ကွယ်လွန်ခဲ့ပြီဖြစ်သည့် ခေါင်းဆောင် အဘူမာဆက်အယ်ဇာကွာဝီ လက်အောက်၌ အီရတ်နိုင်ငံရှိ အယ်ကေးဒါး အဖွဲ့ဝင် ဖြစ်ခဲ့သေးသည်။ ထို့နောက် အီရတ်နိုင်ငံရှိ IS အဖွဲ့ထဲသို့ ဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား အမေရိကန်က ဆုငွေ ဒေါ်လာငါးသန်း ထုတ်ထားသည်။
IS အဖွဲ့နှင့် ပတ်သက်၍ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် အိုင်မန်ဂျာ ဝပ်တာမီမီက အဒါနီ သေဆုံးခြင်းသည် ှုှ အဖွဲ့၏ကျဆုံးမှု ကျယ်ပြန့်လာခြင်းကို သိသိသာသာ ဖော်ညွှန်းနေသည်ဟု ပြောကြားခဲ့သည်။
“ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဒါနီ သေဆုံးခဲ့တယ်ဆိုရင် ဒါဟာညွန့်ပေါင်းအဖွဲ့ရဲ့ ထောက်လှမ်းရေး အစွမ်းအစ အလွန်မြင့်တယ်ဆိုတာ ပြသလိုက်တာပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ 
အဒါနီသေဆုံးမှုကို အတည်ပြုနိုင်ပါက အနောက်နိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် ှုှ အဖွဲ့၏စွမ်းရည်နှင့် လှုံ့ဆော်မှုများကို လျော့ကျစေလိမ့်မည်ဟု အမေရိကန် ကာကွယ်ရေး အရာရှိ တစ်ဦးကလည်း ပြောကြားခဲ့သည်။
Ref : AFP

Most Read

Most Recent