လူသားအဆက်အနွယ် လူစီသည် သစ်ပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု လေ့လာချက်က တွေ့ရှိ

လူသားအဆက်အနွယ် လူစီသည် သစ်ပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု လေ့လာချက်က တွေ့ရှိ
Published 30 August 2016

လူသား၏ မျောက်ဝံနှင့်တူသော ရှေးဟောင်းအဆက်အနွယ် လူစီသည် သစ်ပင်ပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကျော်ကြားလှသည့် အဆိုပါ ရုပ်ကြွင်းကို လေ့လာသုံးသပ်ချက် အသစ်တစ်ရပ်က သြဂုတ် ၂၉ ရက်တွင် ထောက်ပြခဲ့ပြီး ဆယ်စုနှစ် တစ်ခု ကြာပြီဖြစ်သော ပဟေဠိ တစ်ရပ်ကို ဖြေရှင်းနိုင်ရန် နည်းလမ်းတစ်ရပ်ကို ပေးခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၂ သန်းခန့်က ပြုတ်ကျရာမှ ထိခိုက်မှုကြောင့် လူစီ၏ အပေါ်ပိုင်း လက်အရိုးများ အစိတ်စိတ် အမြွှာမြွှာ ကျိုးနေပြီး ယင်းသည် ယာဉ်တိုက်မှု၌ ဖြစ်ပွားလေ့ရှိသော ထိခိုက်မှုများနှင့် ဆင်တူသည်ဟု အမေရိကန်နှင့် အီသီယိုးပီးယားတို့မှ သုတေသန ပြုသူများက Nature ဂျာနယ်တွင် ရေးသားခဲ့သည်။
လူစီ၌ ရရှိထားသော ဒဏ်ရာများသည် ပြုတ်ကျမှုကို ရပ်တန့်နိုင်ရန် ကြိုးပမ်းခဲ့ရာ၌ ရိုက်ခတ်မိသည့် အချိန်တွင် လက်များကို ဆန့်ထုတ်ထားကြောင်း ညွှန်ပြနေသည်ဟု ယခု လေ့လာချက်အား ပူးတွဲရေးသားသော အော်စတင်မြို့ရှိ တက္ကဆက်တက္ကသိုလ်မှ ဂျွန်ကာပယ်မန်က ပြောကြားခဲ့သည်။
“ဒီအချက်က ရိုက်ခတ်မိတဲ့ အချိန်မှာ လူစီဟာ အသိရှိနေသေးတယ် ဆိုတာနဲ့ သူမသေမီ ကလေးမှာ အဲဒါကို ပြုလုပ်ခဲ့ကြောင်း ညွှန်ပြနေပါတယ်” ဟု ကာပယ်မန်က ပြောကြားခဲ့သည်။
ယခု မတိုင်မီ အချိန်အထိ ၁၉၇၄ ခုနှစ်က အီသီယိုးပီးယားတွင် အရိုးများ တူးဖော် ရရှိခဲ့သည့် လူစီ မည်သို့မည်ပုံ သေဆုံးခဲ့ကြောင်းနှင့် ကိုက်ညီသော တရားဝင် သဘောတရားများ မရှိခဲ့ပေ။ ယခင် လေ့လာချက်များက အရိုးများသည် သေဆုံးပြီးနောက်မှသာ ကျိုးသွားခြင်း ဖြစ်သည်ဟု ညွှန်ပြခဲ့သည်။
ရီဆော်လူးရှင်းမြင့်သော 3D စကင်နာများကို အခြေခံသည့် လေ့လာချက် အသစ်က အရိုးကျိုးနေပုံများသည် အထိုက်အလျောက်မြင့်သော အမြင့်မှ ပြုတ်ကျခြင်းကဲ့သို့သော ဒဏ်ရာရရှိပုံမျိုးနှင့် ကိုက်ညီရုံမျှသာ ဖြစ်သည်ဟု ဖော်ပြနေကြောင်း သုတေသန အဖွဲ့က ပြောကြားခဲ့သည်။
ယခု လေ့လာချက်များအရ လူစီသည် ခြေချင်းဝတ်၊ ဒူး၊ တင်ပါးဆုံနှင့် နံရိုးထဲမှ အနည်းဆုံး တစ်ချောင်းတို့လည်း ကျိုးနေကြောင်း တွေ့ရှိရသောကြောင့် သူသည် ပြင်းထန်သော အတွင်းအင်္ဂါ ပျက်စီးမှုကိုလည်း ခံစားခဲ့ရလိမ့်မည်ဟု သုတေသန ပညာရှင်များက ကောက်ချက် ချခဲ့ကြသည်။
“ကျွန်တော့်အတွက် သူသေဆုံးပုံကို နားလည်ခြင်းဟာ ကျွန်တော့်အတွက် သူ့ကို ပထမဆုံး အသက်ဝင်လာစေတာပါပဲ” ဟု ကာပယ်မန်က ကမ္ဘာ့အကျော်ကြားဆုံး hominin ရုပ်ကြွင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent