တောင်တရုတ်ပင်လယ် စစ်ပွဲတွင် အားလုံး ရှုံးနိမ့်လိမ့်မည်ဟု ဗီယက်နမ်က သတိပေး

တောင်တရုတ်ပင်လယ် စစ်ပွဲတွင် အားလုံး ရှုံးနိမ့်လိမ့်မည်ဟု ဗီယက်နမ်က သတိပေး
၂၀၁၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တရုတ်ဆန့်ကျင်ရေး လက်ကိုင်ဆောင်ပုဒ်များကို ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများနှင့် ရဲတစ်ဦးတို့ကို ဟနွိုင်းမြို့၌ တွေ့ရစဉ် (Photo: AFP)
၂၀၁၆ ခုနှစ် ဇူလိုင် ၁၇ ရက်က တရုတ်ဆန့်ကျင်ရေး လက်ကိုင်ဆောင်ပုဒ်များကို ကိုင်ဆောင်ထားသည့် ဆန္ဒပြသူများနှင့် ရဲတစ်ဦးတို့ကို ဟနွိုင်းမြို့၌ တွေ့ရစဉ် (Photo: AFP)
Published 30 August 2016

တောင်တရုတ် ပင်လယ်ထဲမှ ရေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် မည်သည့် လက်နက်ကိုင် ပဋိပက္ခ၌ မဆို အနိုင်ရသူ ရှိလိမ့်မည် မဟုတ်ကြောင်း ဗီယက်နမ်သမ္မတ ထရန်ဒိုင်းကွမ်းက သြဂုတ် ၃၀ ရက်တွင် သတိပေး ပြောကြားခဲ့သည်။  
သမ္မတကွမ်းသည် စင်ကာပူသို့ နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေသော အကြောင်းအရာတို့နှင့် ပတ်သက်၍ ပြုလုပ်သည့် ဖိုရမ်တစ်ခုအတွင်း ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ် ခေါင်းဆောင်သည် ၎င်း၏ သတိပေးချက်ထဲတွင် မည်သည့် နိုင်ငံကိုမျှ ရည်ညွှန်းခဲ့ခြင်း မရှိသော်လည်း လက်တလောတွင် တရုတ်၏ လုပ်ရပ်များကြောင့် ဒေသတွင်း၌ စိတ်မသက်မသာ ဖြစ်နေကြသည်။
တောင်တရုတ်ပင်လယ်ထဲရှိ ရေပိုင်နက် အများစုကို ပိုင်ဆိုင်သည်ဟုဆိုပြီး ကျောက်တန်းများတွင် နယ်မြေသစ်များ ဖော်ထုတ်ကာ စစ်လက်နက် အသုံးအဆောင်များ ထားနိုင်မည့် လေယာဉ်ကွင်းများ တည်ဆောက်နေသည့် တရုတ်၏ လုပ်ရပ်များက ထိုရေပိုင်နက်များကို ပိုင်ဆိုင်သည်ဟု အလားတူ ပြောကြားနေသော ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံတို့ကို ဒေါသထွက်စေခဲ့သည်။
“အရှေ့တောင်အာရှဒေသရဲ့ အသည်းနှလုံး နေရာမှာ တည်ရှိတဲ့ တောင်တရုတ် ပင်လယ်ဟာ ဒေသတွင်းက နိုင်ငံတွေအတွက် အရေးပါတဲ့ အကျိုးကျေးဇူးတွေကို ပေးရုံသာမက ကမ္ဘာတစ်ဝန်းက လေကြောင်းနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးတွေအတွက် အလွန်အရေးကြီးတဲ့ လမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်” ဟု ကွမ်းက ဆိုသည်။ သို့သော် မကြာသေးမီ ကာလတွင်းက ပေါ်ပေါက်လာသည့် ကိစ္စများက ဒေသတွင်း လုံခြုံရေးအပေါ် အနုတ်သဘောဆောင်သည့် သက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အထူးသဖြင့် ရေကြောင်းလုံခြုံရေး၊ လွတ်လပ်စွာ သွားလာနိုင်မှု၊ ပျံသန်းမှုတို့နှင့် ပတ်သက်၍ စိုးရိမ်စရာ ဖြစ်နေသည်ဟု ကွမ်းက ဆက်လက် ပြောကြားခဲ့သည်။ “ဘယ်သူမှ ရှုံးသူနိုင်သူ ဆိုပြီး ရှိလာမှာ မဟုတ်ဘဲ အကုန်လုံး အရှုံးနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခလို မတည်ငြိမ်မှုတွေကို ကျွန်တော်တို့က ဒေသတွင်းမှာ ဖြစ်ပွားခွင့် ပြုသင့်ပါသလား” ဟု ကွမ်းက ပြောကြားကာ သတိပေးခဲ့သည်။ ISEAS Yusof Ishak အင်စတီကျူ့က ကြီးမှူးကျင်းပပြီး သံတမန်များ၊ ပညာရှင်များ၊ ကျောင်းသားများ တက်ရောက်သည့် ဖိုရမ်တွင် သမ္မတကွမ်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုထဲ၌ ထိုင်ဝမ်နှင့် အရှေ့တောင်အာရှ လေးနိုင်ငံဖြစ်သော ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ ပါဝင်သည်။ ဗီယက်နမ်သည် တရုတ်၏ လုပ်ရပ်များအပေါ် အပြင်းထန်ဆုံး တုံ့ပြန်ဝေဖန်သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ်က အငြင်းပွား ရေပိုင်နက်ထဲသို့ ရေနံတူးစဉ်တစ်ခု ရွှေ့ပြောင်းခဲ့သည့် တရုတ်၏ လုပ်ရပ်ကြောင့် ဗီယက်နမ်တွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ကြသေးသည်။
Ref: AFP

Most Read

Most Recent