လော့စ်အိန်ဂျလိစ် လေဆိပ်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လေဆိပ်ကို ခေတ္တပိတ်ပစ်ခဲ့ရ

လော့စ်အိန်ဂျလိစ် လေဆိပ်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လေဆိပ်ကို ခေတ္တပိတ်ပစ်ခဲ့ရ
Published 29 August 2016

လော့စ်အိန်ဂျလိစ် လေဆိပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လေဆိပ်၏ နေရာအချို့ကို ခေတ္တပိတ်ပစ်ခဲ့ရပြီး Zorro ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စည်ကားသော လေဆိပ်တွင် သေနတ်သံကဲ့သို့ ဆူညံသံများ ကြားခဲ့ရပြီးနောက် ခရီးသည်များက အထိတ်တလန့်နှင့် ထွက်ပြေးခဲ့ကြရသည်။ လေဆိပ်ခန်းမဆောင်၏ အဝင်အထွက် ဧရိယာများကို ရဲတပ်ဖွဲ့က ထိန်းချုပ်ခဲ့ပြီးနောက် မကြာမီ ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်း လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က Twitter တွင် ရေးသားခဲ့သည်။ လေဆိပ်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် ပစ်ခတ်မှု မဟုတ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ကြောင်း ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း ၎င်းက ရေးသားခဲ့သည်။
သို့သော်လည်း အနက်ရောင် Zorro ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို လေဆိပ်ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း လော့စ်အိန်ဂျလိစ်လေဆိပ် အာဏာပိုင်များက Twitter တွင် ရေးသားခဲ့သည်။ လော့စ်အိန်ဂျလိစ် လေဆိပ်သည် ကမ္ဘာတွင် သတ္တမမြောက် အစည်ကားဆုံး လေဆိပ်ဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့သည် အမေရိကန်တွင် ဒုတိယလူဦးရေ အများဆုံး မြို့လည်းဖြစ်သည်။
Zorro ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားသည် ပလတ်စတစ်ဓားဖြင့် ဝှေ့ယမ်းခဲ့ကြောင်း၊ ခရီးသည်များက လေဆိပ်တွင် လုံခြုံရေးပြဿနာတစ်ခု ဖြစ်နေသည်ဟု လူမှုမီဒီယာများတွင် ရေးသားခဲ့ကြသည်။ ခရီးသည်များအား လုံခြုံရေးအတွက် ပြန်လည်စစ်ဆေးပြီး လေဆိပ်ခန်းမ အတွင်းသို့ ပြန်လည် ဝင်ခွင့်ပြုခဲ့သည်။              
Ref : AFP

Most Read

Most Recent