ဇင်ဘာဘွေနိုင်ငံထဲတွင် အာရပ်နွေဦး ရှိမည် မဟုတ်ဟု သမ္မတ မူဂါဘီက ဆန္ဒပြသူများကို သတိပေး

ဇင်ဘာဘွေနိုင်ငံထဲတွင် အာရပ်နွေဦး ရှိမည် မဟုတ်ဟု သမ္မတ မူဂါဘီက ဆန္ဒပြသူများကို သတိပေး
Published 27 August 2016

ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက နိုင်ငံတွင်းမှ အာရပ်နွေဦးပုံစံ ဆန္ဒပြမှုများသည် အလုံးစုံ ကျရှုံးသွားလိမ့်မည်ဟု သြဂုတ် ၂၆ ရက်က သတိပေးခဲ့သည်။ ဇင်ဘာဘွေ နိုင်ငံထဲတွင် အားကောင်းကောင်းနှင့် ဖြစ်ပေါ်နေသော ဆန္ဒပြမှုပေါင်းများစွာကို ရဲများက မျက်ရည်ယို ဓာတ်ငွေ့များဖြင့် ပစ်ခြင်း၊ ရိုက်နှက်ခြင်းတို့ဖြင့် ဖြိုခွင်းပြီးနောက် မူဂါဘီ၏ ယခု သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဇင်ဘာဘွေနိုင်ငံကို ဆယ်စုနှစ်များစွာ ချုပ်ကိုင်လာခဲ့သည့် အသက် ၉၂ နှစ်အရွယ် သမ္မတမူဂါဘီသည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သဖြင့် အတိုက်အခံများက ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ ဖြိုခွင်းနှိမ်နင်းမှုများကို ဆန္ဒပြသူများက ခဲများဖြင့် ပေါက်ခြင်း၊ တာယာများ မီးရှို့ခြင်းတို့ဖြင့် ပြန်လည် တုံ့ပြန်ခဲ့ကြသည်။ “သူတို့ဟာ တိုင်းပြည် အာဏာရဖို့အတွက် လမ်းတွေပေါ်မှာ တာယာတွေကို မီးရှို့နေကြတယ်။ နောက်ပြီး ဒီနိုင်ငံထဲမှာ အာရပ်နွေဦးကလို အဖြစ်အပျက်တွေ ရှိလာလိမ့်မယ်လို့လည်း ထင်နေကြတယ်။ ဒါပေမဲ့ ကျွန်တော်ပြောလိုက်မယ် ဒီမှာ ဒါမျိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာပဲ” ဟု မူဂါဘီက ရုပ်သံမိန့်ခွန်းထဲတွင် ပြောခဲ့သည်။ ယခုကဲ့သို့ မငြိမ်သက်မှုများ ဖြစ်ပေါ်စေရန် ပြည်ပ အင်အားကြီးနိုင်ငံများ၏ သွေးထိုးမှုများ ရှိသည်ဟုလည်း မူဂါဘီက စွပ်စွဲခဲ့သေးသည်။
ယခု ဆန္ဒပြပွဲများကို အတိုက်အခံ ၁၈ ပါတီက စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ ထို ၁၈ ပါတီထဲတွင် မော်ဂန်ဆဗန်ဂီရိုင်း၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု ပါတီနှင့် ယခုနှစ် အတွင်းကမှ စတင် တည်ထောင်ခဲ့သော ဒုတိယသမ္မတဟောင်း ဂျွိုက်မူဂျူရူ၏ ဇင်ဘာဘွေပြည်သူများ ပထမ ပါတီတို့ ပါဝင်သည်။ ဆန္ဒပြပွဲများအား ရက်ရက်စက်စက် နှိမ်နင်းခြင်းကို အတိုက်အခံ ခေါင်းဆောင်များက အပြစ်တင်နေကြပြီး မူဂါဘီ၏ အစိုးရကို ဖိအားများ ပိုမိုပေးသွားမည်ဟု ကတိပြုထားကြသည်။
မူဂါဘီ အနိုင်ရရှိခဲ့သည့် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် မဲလိမ်မှုများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သဖြင့် သြဂုတ် ၂၆ ရက် ဆန္ဒပြပွဲက လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဇင်ဘာဘွေတွင် ပြီးခဲ့သည့် သီတင်းပတ်များ ကတည်းက မူဂါဘီကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုသည့် အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
Ref: AFP

Most Read

Most Recent