ဖိလစ်ပိုင် အစိုးရနှင့် ကွန်မြူနစ် သူပုန်တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး

ဖိလစ်ပိုင် အစိုးရနှင့် ကွန်မြူနစ် သူပုန်တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး
သြဂုတ် ၂၆ ရက်က အော်စလိုမြို့တွင် ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ် သူပုန်အဖွဲ့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနား ကျင်းပနေစဉ် (Photo: AFP)
သြဂုတ် ၂၆ ရက်က အော်စလိုမြို့တွင် ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ် သူပုန်အဖွဲ့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနား ကျင်းပနေစဉ် (Photo: AFP)
Published 27 August 2016

အာရှ၏ သက်တမ်း အရှည်ဆုံး ပုန်ကန်မှု တစ်ခုဖြစ်သော ဖိလစ်ပိုင် ကွန်မြူနစ် သူပုန်တို့၏ ပုန်ကန်မှု အဆုံးသတ်ရေး ရည်ရွယ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အကန့်အသတ်မရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဖိလစ်ပိုင် အစိုးရနှင့် ကွန်မြူနစ် ပြောက်ကျားသူပုန်တို့က သြဂုတ် ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး၏ ငြိမ်းချမ်းရေး အကြံပေး ဂျီးဆပ်ဒူရီဆာက အပစ်အခတ် ရပ်စဲရေးသည် သမိုင်းဝင် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်ရန် များစွာရှိသေးကြောင်း နော်ဝေ၌ ကျင်းပသည့် သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ယခင်က မရရှိခဲ့ဖူးသော အကန့်အသတ်မရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် နှစ်ဘက်စလုံးက သဘောတူညီခဲ့ကြသည်။ အော်စလိုတွင် စေ့စပ်ညှိနှိုင်းခဲ့ကြသော ဖိလစ်ပိုင် အစိုးရနှင့် ကွန်မြူနစ် သူပုန်တို့သည် အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အတွင်း ထပ်မံတွေ့ဆုံကြရန် သဘောတူညီခဲ့ကြသည်။
ဖိလစ်ပိုင် ကွန်မြူနစ်ပါတီသည် ၁၉၆၈ ခုနှစ်တွင် စတင်ပုန်ကန်ခဲ့ပြီး ကွန်မြူနစ်တို့၏ ပုန်ကုန်မှုကြောင့် လူ ၃၀၀၀၀ ကျော် သေဆုံးခဲ့သည်ဟု အစိုးရက ခန့်မှန်းထားသည်။ ယခုအခါ အဖွဲ့ဝင် ၄၀၀၀ ခန့်သာ ရှိတော့သော (New People's Army) သည် ၁၉၈၀ ပြည့်လွန်နှစ်များက အင်အား ၂၆၀၀၀ ထိ ရှိခဲ့သည်။ ကျေးလက်ဒေသများတွင် ရှိနေဆဲ ဖြစ်သော ပြောက်ကျားသူပုန်တို့သည် ဒေသခံ စီးပွားရေး လုပ်ငန်းများထံမှ ငွေညှစ်ခြင်း ဆောင်ရွက်လေ့ရှိပြီး အစိုးရ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့ကိုလည်း တိုက်ခိုက်လေ့ရှိသည်။
ကွန်မြူနစ် သူပုန်တို့နှင့် ငြိမ်းချမ်းရေး ရရှိရေးသည် ၁၉၈၆ လူထုတော်လှန်ရေးတွင် ပြုတ်ကျခဲ့သော အာဏာရှင် ဖာဒီနန်မားကို့စ် နောက်ပိုင်း ဖိလစ်ပိုင်သမ္မတ အဆက်ဆက်၏ ရည်မှန်းချက်ဖြစ်သည်။
Ref: AFP

Most Read

Most Recent