ပိုကီမွန် လူအုပ်ကြီးကို ထိန်းချုပ်ရန် ထိုင်ဝမ်ရဲတပ်ဖွဲ့ဝင်များ ခေါင်းခဲနေရ

ပိုကီမွန် လူအုပ်ကြီးကို ထိန်းချုပ်ရန် ထိုင်ဝမ်ရဲတပ်ဖွဲ့ဝင်များ ခေါင်းခဲနေရ
Published 24 August 2016
Ref: AFP

ရှားပါးဒီဂျစ်တယ် သတ္တဝါများကို ဖမ်းဆီးရမိသည့် နေရာတစ်ခုအဖြစ် ကျော်ကြားမှု ရရှိခဲ့ပြီးနောက် ပိုကီမွန် ဂိမ်းကစားသူများဖြင့် အလွန်စည်ကားနေသော ပန်းခြံတစ်ခုတွင် ဂိမ်းကစားသူ လူအုပ်ကို ထိန်းချုပ်ရန် ထိုင်ဝမ်ရဲတပ်ဖွဲ့ဝင်များက ရုန်းကန်နေရသည်။မြို့တော်တိုင်ပေ အပြင်ဘက် ပေ တောင်မှ ပန်းဥယျာဉ်သည် သာမန်အားဖြင့် တိတ်ဆိတ် ငြိမ်သက်နေခဲ့သော်လည်း မကြာသေးခင် ရက်များအတွင်း၌ ပိုကီမွန် ဂိမ်းကစားသူများက ယင်းနေရာသို့ စုပြုံ ရောက်ရှိလာကြသည်။ပြီးခဲ့သည့်လက ဖြန့်ချိခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းတွင် အုတ်အော် သောင်းတင်းဖြစ်ခဲ့သော Pokemon Go ဂိမ်းကြောင့် ပေတောင်ပန်းခြံဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုများကို လမ်းကြောင်းပြောင်းရန် ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေပြီး ဂိမ်းကစားသူ လူအုပ်ကို ထိန်းချုပ်ရန် လူအင်အားလည်း ထပ်မံ ချထားခဲ့ကြောင်း ထိုင်ဝမ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ပေတောင်ရှိ လမ်းဆုံတစ်ခုတွင် လူများစုပြုံ တိုးဝှေ့နေကြမှုကို ရိုက်ကူးထားသည့် အတည်မပြုနိုင်သော ဗီဒီယိုတစ်ခုသည် ယခုတစ်ပတ်အတွင်း၌ အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။ ယင်းဗီဒီယို၌ လူအုပ်သည် ပိုကီမွန်နောက်သို့ လိုက်နေကြသည်ဟု ယူဆရသည်။ ယခုအခါ ထိုင်ဝမ်ရဲတပ်ဖွဲ့သည် ဂိမ်းကစားသူများ စုဝေးနေသော နေရာကို ခန့်မှန်းနိုင်သော မိုဘိုင်းဆော့ဖ်ဝဲ Go Radar အား  အသုံးပြု၍ လူအုပ်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ သြဂုတ် ၂၃ ရက် ညက အရွယ်စုံလူရာနှင့်ချီ၍ ပေတောင်ပန်းခြံသို့ စုပြုံရောက်ရှိခဲ့ကြောင်း အေအက်ဖ်ပီ ဓာတ်ပုံဆရာ တစ်ဦးက ပြောကြားခဲ့သည်။ပေတောင်ပန်းခြံ တစ်ဝိုက်တွင် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ယာဉ်ကြောထိန်းသိမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရမှု ၄၇၄ ကြိမ် ရှိခဲ့ကြောင်း သိရသည်။ ယာဉ်မောင်းနေစဉ် ဂိမ်းကစားမှုဖြင့် ယာဉ်မောင်း ၁၂၀၀ ကျော်ကို ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။အာဏာပိုင်များက ခေါင်းခဲနေရသော်လည်း ပေတောင်ရှိ ဒေသခံ စီးပွားရေး လုပ်ငန်းများသည် လူစည်ကားမှုကို စီးပွားရေး အခွင့်အလမ်းအဖြစ် ရရှိနေကြကြောင်း သိရသည်။ ပန်းခြံအနီးရှိ ဟိုတယ်များက ဂိမ်းကစားသူများအတွက် လျှော့ဈေးများပေးနေပြီး၊ စားသောက်ဆိုင်များတွင်လည်း တန်းစီစောင့်ဆိုင်းရသည်အထိ စည်ကားနေကြောင်း သိသည်။

Most Read

Most Recent