ထိုင်းတောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ

ထိုင်းတောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရ
Published 24 August 2016
Ref: AFP

ထိုင်းနိုင်ငံ တောင်ဘက်စွန်းရှိ ညဘက် လူစည်ကားရာ ရပ်ကွက်တစ်ခု၌ ကားဗုံးကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး လူ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်သည့် မြို့များကို ပစ်မှတ်ထား ဗုံးဖောက်ခွဲမှုများကြောင့် ထိုင်းနိုင်ငံသည် ချောက်ကမ်းပါးစွန်းသို့ ရောက်နေချိန် ယခုကားဗုံးပေါက်မှု ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။သြဂုတ် ၂၃ ရက်နှောင်းပိုင်းက ဖြစ်ပွားခဲ့သော နောက်ဆုံးပေါက်ကွဲမှုသည် မွတ်စလင်များ အဓိကနေထိုင်ရာ တောင်ပိုင်းပြည်နယ် သုံးခုထဲမှ တစ်ခုဖြစ်သော ပတ္တာနီပြည်နယ်ရှိ ဟိုတယ်တစ်လုံး အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  “အခုအချိန်အထိတော့ လူတစ်ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာ ရရှိထားပါတယ်” ဟု ပတ္တာနီပြည်နယ် ရဲတပ်ဖွဲ့၏ အုပ်ချုပ်သူ အရာရှိဖြစ်သော ဗိုလ်ချုပ်သနောင်ဆပ်ဝမ်ဆူပါက ပြောကြားခဲ့သည်။ ဟိုတယ် အဆောက်အအုံမှာ အလွန်အမင်း ပျက်စီးသွားသည်ဟု သိရသည်။ ဗုဒ္ဓဘာသာအများစု နေထိုင်သည့် ထိုင်းနိုင်ငံတွင် အဆိုပါ တောင်ပိုင်းပြည်နယ်သုံးခုမှ မွတ်စလင် သူပုန်များသည်  အစိုးရကို တော်လှန် ပုန်ကန်နေသည်မှာ ကာလရှည်ကြာရှိပြီ ဖြစ်သည်။သတင်းဓာတ်ပုံများထဲတွင် အစိတ်စိတ် အမွှာမွှာဖြစ်နေသည့် ဟိုတယ်မျက်နှာစာရှေ့မှ လမ်းပေါ်တွင် မီးများလောင်ကျွမ်းနေသည်ကို တွေ့ရသည်။ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ ကားတစ်စီး ပျက်စီးကာ ကာရာအိုကေဘားများ၊ အနှိပ်ခန်းများ၊ စားသောက်ဆိုင်များ ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။ပတ္တာနီပြည်နယ်သည် ခရီးသွားများကြားတွင် ထင်ရှားသည့်နေရာတစ်ခု မဟုတ်သော်လည်း ယခုနောက်ဆုံး တိုက်ခိုက်မှုသည် သြဂုတ် ၁၁ ရက်နှင့် ၁၂ ရက်အတွင်းက ဗုံးပေါက်ကွဲမှုများနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်သွေးကြွများ၏ သတိပေးမှု တစ်ခုဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။ ၁၁ ရက်နှင့် ၁၂ ရက် တိုက်ခိုက်မှုများအတွင်း လေးဦးသေဆုံးကာ ဥရောပနိုင်ငံသားများ အပါအဝင် ထိခိုက်ဒဏ်ရာ ရရှိသူ ၃၇ ဦး ရှိခဲ့သည်။ ယခု တိုက်ခိုက်မှုများကြောင့် ထိုင်းတောင်ပိုင်းမှ ပုန်ကန်မှုများသည် မြောက်ပိုင်းသို့ ပျံ့နှံ့လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။  ထိုင်းတောင်ပိုင်းရှိ မွတ်စလင် သူပုန်များသည် များသောအားဖြင့် လုံခြုံရေးတပ်ဖွဲ့များ၊ ပြည်နယ်တွင်းရှိ အထင်ကရနေရာများကို ပစ်မှတ်ထား၍ တိုက်ခိုက်လေ့ ရှိသော်လည်း ယခုကဲ့သို့ ညပိုင်းလူစည်ကားရာ နေရာများကိုလည်း အခါအားလျော်စွာ တိုက်ခိုက်လေ့ ရှိကြသည်။

Most Read

Most Recent