နိုင်ငံတကာ အလှမယ် စင်မြင့်များတွင် မြန်မာအလှမယ်များ သွားရောက်ယှဉ်ပြိုင်သည့် လမ်းကြောင်းတစ်ခု ထင်ထင်ရှားရှား ပေါ်ထွက်လာပြီး နောက်တွင် နိုင်ငံတကာ မော်ဒယ်ပြိုင်ပွဲ တစ်ခုဖြစ်သည့် Asia's Next Top Model ပြိုင်ပွဲ၌ မြန်မာမော်ဒယ် မေမြတ်နိုးက အသက်အငယ်ဆုံး ပြိုင်ပွဲဝင် တစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါသည်။ အပတ်စဉ် စိန်ခေါ်မှု ရက်သတ္တပတ်များအဖြစ် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး အပတ်စဉ် ရမှတ်များ သတ်မှတ်ကာ ရမှတ်အနည်းဆုံး ပြိုင်ပွဲဝင်မှာ နုတ်ထွက်ရသည့် အဆိုပါပြိုင်ပွဲတွင် မေမြတ်နိုးသည် IT Girl ယှဉ်ပြိုင်မှု ရက်သတ္တပတ်၌ ရမှတ်အများဆုံး ရရှိခဲ့ပါသည်။ အဆိုပါ ရမှတ်အများဆုံး ဆုအဖြစ် New York Fashion Week ကို တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလအတွင်း ပြုလုပ်တော့မည့် New York Fashion Week တွင် မြန်မာကိုယ်စားပြု မော်ဒယ်တစ်ဦးအဖြစ် တက်ရောက်ခွင့် ရရှိတော့မည့် မေမြတ်နိုးနှင့် တွေ့ဆုံ၍ ပြင်ဆင်ထားမှုများ၊ နိုင်ငံတကာ မော်ဒယ်အေဂျင်စီများနှင့် ချိတ်ဆက်ကာ အလုပ်လုပ်ကိုင် သွားမည့် အစီအစဉ်များအား မေးမြန်းဖြစ်ခဲ့ပါသည်။မော်ဒယ် သရုပ်ဆောင် မေမြတ်နိုးနှင့် တွေ့ဆုံခြင်းမေး - စက်တင်ဘာလထဲမှာ သွားရောက်ဖို့ရှိတဲ့ နယူးရော့ခ်ဖက်ရှင် ရက်သတ္တပတ်နဲ့ ပတ်သက်လို့ ပြောပြပါဦး။ဖြေ - မြတ်နိုး စက်တင်ဘာ ၇ ရက်မှာ နယူးရော့ခ်ဖက်ရှင် ရက်သတ္တပတ်ကို တက်ရောက်ဖို့ ရန်ကုန်ကနေ ထွက်ခွာပါမယ်။ ပွဲတက် ဝတ်စုံကတော့ Zalora ကလည်း ပံ့ပိုးပေးသွားပါမယ်။ မိတ်ကပ်ကတော့ Mayballine က လိမ်းခြယ်ပေးသွားမှာဆိုတော့ စိတ်ပူစရာ မလိုပါဘူး။ ဟိုမှာကလည်း နိုင်ငံတကာ မော်ဒယ်အေဂျင်စီတွေ အများကြီး တက်မှာဆိုတော့ ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်နိုင်ဖို့လည်း ကြိုးစားသွားပါမယ်။ ဖြစ်လာမယ် မဖြစ်လာဘူး ဆိုတာကတော့ ကံပေါ့နော်။ အများကြီးတော့ ပြင်ဆင်ထားပါတယ်။မေး - အခု ဒီပွဲကို တက်ရောက်ခွင့်ရတဲ့ အတွက်ရော ဘယ်လို ခံစားနေရလဲ။ဖြေ - နယူးရော့ခ်ဖက်ရှင် ရက်သတ္တပတ် ဆိုတာက တကယ့်ကို Dream Come True ပါပဲ။ ကိုယ်အရမ်းကြိုက်တဲ့ Brand တွေရဲ့ ဖက်ရှင်ရှိုးတွေလည်း ကြည့်ခွင့်ရမယ်ဆိုတော့ တကယ့်ကို ဝမ်းသာအားရ ဖြစ်မိပါတယ်။ ဒီပြိုင်ပွဲမှာ အခုလို New Fashion Week တက်ရောက်ခွင့်ရတဲ့ ဆုကြီးက မြတ်နိုးအတွက် အကောင်းဆုံးဆုကြီးလို့ ထင်ပါတယ်။ အခွင့်အလမ်းတွေလည်း အများကြီးရမယ်လို့ ယုံကြည်ပါတယ်။ Celebrity တွေနဲ့လည်း အများကြီး တွေ့ခွင့်ရမယ်။ တကယ့်ကို တန်ဖိုးရှိတဲ့ အမှတ်တရတွေ ဖြစ်မှာပါ။မေး - New Fashion Week ကနေတစ်ဆင့် ဘယ်လိုအရာတွေကို လေ့လာသင်ယူနိုင်ခဲ့မယ်လို့ရော မျှော်လင့်ထားလဲ။ဖြေ - နိုင်ငံတကာ မော်ဒယ်တစ်ယောက် အနေနဲ့ ဘယ်လိုနေထိုင်ရမယ် ဆိုတာကို အများကြီး လေ့လာမှာပါ။ အဓိကအားဖြင့် နိုင်ငံတကာ မော်ဒယ်တွေက ဘယ်လို Dress Up လုပ်လဲ၊ ဘယ်လို ရှိုးလျှောက်လဲ ဆိုတာတွေကို လေ့လာသင်ယူသွားပါမယ်။ Socialize လုပ်တဲ့ အပိုင်းတွေကိုလည်း လေ့လာ သင်ယူလိုပါတယ်။ ဒါကြောင့် အရမ်းလည်း စိတ်လှုပ်ရှားနေတယ်။ နောက်တစ်ခုက မြတ်နိုးက ဖက်ရှင်လည်း စိတ်ဝင်စားတော့ နယူးရော့ခ်မှာ ဘာတွေက Trend ဖြစ်နေလဲ ဆိုတာကို လေ့လာချင်ပါတယ်။မေး - နိုင်ငံတကာ မော်ဒယ် အေဂျင်စီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်ဆိုတော့ အလုပ်လုပ်ကိုင်ခွင့် ရမယ်ဆိုရင်ရော ဆက်လုပ်သွားဖြစ်မလား။ဖြေ - ဘုရားမလို့ အေဂျင်စီ တစ်ခုခုနဲ့ ချိတ်ဆက်မိခဲ့မယ် ဆိုရင်တော့ နိုင်ငံတကာ မော်ဒယ်တစ်ယောက် အနေနဲ့ အလုပ်လုပ်ကိုင်ခွင့် ရချင်ပါတယ်ရှင့်။ ဆက်လုပ်သွားမယ်လို့လည်း ရည်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အနုပညာ အလုပ်တွေ အဆက်မပြတ်သွားအောင် လုပ်ဖြစ်သွားမှာပါ။မေး - Asia's Next Top Model ပြိုင်ပွဲကို သွားပြိုင်တဲ့အခါ နောက်ထပ်ဘယ်လို လေ့လာပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ရော ကိုယ့်ကိုယ်ကိုယ် သိမြင်လာစေလဲ။ဖြေ - Asia's Next Top Model ပြိုင်ပွဲက မြတ်နိုးအတွက် အတွေ့အကြုံကောင်းတွေ အများကြီး ရစေပါတယ်။ အထူးသဖြင့်တော့ နိုင်ငံတကာက ဓာတ်ပုံဆရာတွေ၊ Stylist တွေ အများကြီးနဲ့ တွေ့ကြုံခွင့်ရတယ်။ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေလည်း သိခွင့်ရတယ်။ အလုပ်ကို ဘယ်လိုတိကျအောင် လုပ်တယ်ဆိုတာက အစ လေ့လာခွင့် ရခဲ့တယ်။ မြတ်နိုး နိုင်ငံတကာမှာ အလုပ်လုပ်မယ်ဆိုရင် ဘယ်လိုအရာတွေ ပြင်ဆင်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း သိခွင့်ရလာပါတယ်။ တစ်ခုကနေတစ်ခု ခြေလှမ်းတွေ ဆက်သွားခွင့်ရတဲ့ အတွက် အရမ်းလည်း ဝမ်းသာနေပါတယ်။မေး - နိုင်ငံတကာ ပြိုင်ပွဲတွေ ဝင်ပြိုင်တဲ့အခါ အခက်အခဲတွေ အများကြီးပဲ တွေ့ကြုံရတာတွေ ရှိတယ်။ ရှေ့ဆက်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကိုရော ဘယ်လို ရင်ဆိုင် ဖြေရှင်းသွားမလဲ။ဖြေ - လူတစ်ယောက်က ပန်းတိုင်တစ်ခု ရှိသင့်ပါတယ်။ Goal တစ်ခု သတ်မှတ်ပြီး ရောက်အောင် သွားသင့်ပါတယ်။ မြတ်နိုးက ပထမဆုံး အိပ်မက်ဆုံရာမှာ Goal တစ်ခု အနေနဲ့ ပြိုင်ခဲ့ပါတယ်။ ပြီးတော့ Asia Pacific World မှာလည်း နောက်ထပ် Goal တစ်ခုပါ။ နောက်ထပ် Goal တစ်ခုကတော့ Asia's Next Top Model ပေါ့။ နောက်ထပ်လည်း ပန်းတိုင်တွေ ထပ်သတ်မှတ်ပြီး ရောက်အောင်သွားမှာပါ။ ဒီလို သွားတဲ့ လမ်းမှာလည်း အခက်အခဲတွေ အများကြီး ရှိမယ်ဆိုတာ မြတ်နိုး သိပါတယ်။ မြတ်နိုး အသိဆုံးပဲပေါ့နော်။ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ရှေ့လာမယ့် အခက်အခဲတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် မြတ်နိုးဘေးနားမှာ Supporting လုပ်ပေးနေတဲ့သူတွေ အများကြီးကို ကျေးဇူးတင်ချင်ပါတယ်။ ပရိသတ်တွေ၊ ဖေဖေ၊ မေမေနဲ့ ဆရာသမားတွေပါ။ မြတ်နိုးက အခုဆို အရင်ကထက် ပိုပြီးတော့လည်း ရင့်ကျက်လာတယ်လို့ ထင်ပါတယ်။ သင်ခန်းစာတွေ ယူရင်းနဲ့ပဲ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။မေး - နိုင်ငံတကာ မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ဘာတွေ အဓိက လိုအပ်နေသေးတယ်လို့ ထင်လဲ။ဖြေ - အဓိကတော့ လေ့လာအားတွေ လိုအပ်နေပါသေးတယ်။ Open-Minded ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ မြန်မာ Culture ကိုတော့ ဘယ်တော့မှမေ့သွားမှာ မဟုတ်ပါဘူး။ မြန်မာမိန်းကလေးတစ်ယောက် ဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကိုတော့ မေ့သွားမှာ မဟုတ်ပါဘူး။ ဖက်ရှင်နဲ့ ပတ်သက်လို့၊ စကားပြောဆိုမှုနဲ့ ပတ်သက်လို့၊ Post တွေ၊ Catwalk နဲ့ ပတ်သက်တာတွေ အများကြီး လေ့လာဖို့ လိုအပ်နေပါသေးတယ်။မေး - Asia's Next Top Model ကို ထပ်မံယှဉ်ပြိုင်ဖို့ ပြင်ဆင်နေသူတွေလည်း ရှိတယ်ဆိုတော့ ဘာများ အကြံဉာဏ်ပေးချင်တာရှိလဲ။ဖြေ - မြတ်နိုးက အရမ်းအားပေးပါတယ်။ သွားပြိုင်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ မြန်မာ့ဂုဏ်ဆောင်ရာ ရောက်သလို အတွေ့အကြုံကောင်းတွေလည်း အများကြီး ရစေပါတယ်။ မော်ဒယ်တစ်ယောက် မဟုတ်ရင်တောင်မှ အရပ်အမောင်းရယ်၊ ဘာသာစကားရယ် အားသာချက်ရှိရင် သွားပြိုင်လို့ ရပါတယ်။မေး - သရုပ်ဆောင်တစ်ယောက် အနေနဲ့ရော ဘာတွေလုပ်ဖြစ်ဖို့ ရှိမလဲ။ဖြေ - မြတ်နိုး R Square ထုတ်လုပ်ရေးနဲ့ စာချုပ် ချုပ်ဆိုထားပါတယ်။ အောက်တိုဘာလထဲမှာတော့ ကိုမြင့်မြတ်နဲ့ တစ်ကားရိုက်ဖို့ ရှိနေပါတယ်။မေး - တစ်ကိုယ်တော်စီးရီး ထွက်ဖို့ကရော။ဖြေ - အခု ကြိုးစားနေပါတယ်။ ဒီဖက်ရှင်ပွဲ မသွားခင် အပြီးသတ် လုပ်သွားဖို့ စိတ်ကူးထားပေမယ့် လိုနေတာလေးတွေ ရှိသေးတဲ့အတွက် နှစ်ကုန်လောက်တော့ အပြီးထွက်နိုင်အောင် ကြိုးစားသွားမှာပါ။
မော်ဒယ် သရုပ်ဆောင် မေမြတ်နိုးနှင့် တွေ့ဆုံခြင်း
Most Read
Most Recent
10 hours ago









