လေးအိမ်စု အရှင်ဝိစိတ္တသာရစီစဉ်တဲ့ စကားလက်ဆောင် တရားလက်ဆောင်စာအုပ်က အခုဆိုရင် စာအုပ်အမှတ်စဉ် ၁၂ အထိသော်မှ ရောက်နေပါပြီ။ ဆရာတော်ရဲ့ စာအုပ်တွေက သတင်းစာ၊ ဂျာနယ်နဲ့ မဂ္ဂဇင်း အပါအဝင် စာအုပ်ပေါင်းစုံက ကောင်းနိုးရာရာတွေကို ပြန်လည်စုစည်းထားတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။
ဆရာတော်ရဲ့ စာအုပ်တွေက ဆရာတော်ကြီးတွေ၊ စာရေးဆရာတွေရဲ့ မှတ်သားဖွယ် စာစုတွေကို စုစည်းပေးတာဖြစ်တဲ့အတွက် ဖတ်ရသူတွေအနေနဲ့ အသိပညာဗဟုသုတတွေ များစွာရရှိစေနိုင်မှာ ဖြစ်ပါတယ်။
ဆရာတော်က မအူပင် လေးအိမ်စုရွာ ဇာတိဖြစ်ပြီး ရွာဖြစ်ပေမယ့် အထက်တန်းကျောင်း ရှိတယ်။ စာကြည့်တိုက်ရှိတာတွေက ထူးခြားချက်ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် ဆရာတော်ရဲ့စီစဉ်မှုနဲ့ ဟောပြောဖို့ ရောက်ရှိခဲ့ရာ လေးအိမ်စုရွာကို လေ့လာမိတာ ဖြစ်ပါတယ်။ ဆရာတော်က လူငယ်တွေကို အသိပညာ တိုးပွားလာစေနိုင်ဖို့ ရည်ရွယ်ချက် မြင့်မားစွာ ထားရှိတာဖြစ်ပါတယ်။
ဒီကနေ့ လူငယ်လူရွယ်တွေက နောင်တစ်ချိန်မှာ မျိုးဆက်သစ်တွေအဖြစ် နိုင်ငံကို ဦးဆောင်ကြရမှာ ဖြစ်တဲ့အတွက် လူငယ်မှာ ကောင်းပါမှ လူကြီးဖြစ်လာတဲ့အခါ စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ ကိုယ်ကျိုးမဖက်၊ အကျင့်ပျက်ယွင်းမှုမရှိဘဲ မိမိနိုင်ငံသားတွေရဲ့ ဘဝတန်ဖိုးကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံက ရာစုနှစ်ဝက်ကျော် ကာလတိုင်အောင် စစ်အာဏာရှင်စနစ်နဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ မိမိနိုင်ငံသားတွေကို စိတ်ဓာတ်ပျက်ပြားအောင် ထိပ်ပိုင်းခေါင်းဆောင်ကနေ မိုးမလုံစေရာကနေ အောက်ခြေအထိ အကျင့်ပျက်မှုတွေ ဖြစ်လာစေခဲ့တယ်။
အထက်က လူတွေကတော့ အာဏာနဲ့ ငွေကြေးဥစ္စာနဲ့ ဆက်စပ်ပြီး အကျင့်စာရိတ္တ ပျက်ယွင်းခဲ့ကြတာ ဖြစ်တယ်။ အောက်ခြေ လူတန်းစားကတော့ တစ်ဝမ်းတစ်ခါးအတွက် ပညာမတတ်၊ ပညာမတတ်တော့ အသိလည်း မရှိတော့တာမို့ ရရာကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်ကြရင်း နောက်ဆုံးမှာ ရာဇဝတ်နဲ့ မကင်းတဲ့ ခိုး၊ ဆိုး၊ လုယက်တာတွေကနေ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ပေးသူတွေအဖြစ် လုပ်လာကြရတယ်။ အလွယ်ကူဆုံး အလုပ်ကတော့ နာရီပိုင်းနဲ့ ဆန္ဒပြပွဲတွေမှာ ငွေ ကျပ် ၃၀၀၀ ရတယ်။ အစားအသောက်ကလည်း ပါသေးတယ်ဆိုတော့ ခိုင်းတာလုပ်တဲ့ အလေ့ဖြစ်လာတယ်။ ငွေသာရရင် ဘာမဆိုလုပ်တယ်ဆိုတာ ဖြစ်လာတယ်။
ဒီကနေ့ခေတ်ကတော့ ဒီမိုကရေစီခေတ် ဖြစ်လာတာနဲ့အညီ လက်ရှိခေါင်းဆောင်ကလည်း လူထုတင်မြှောက်ထားတဲ့ ခေါင်းဆောင်ဖြစ်တော့ အနာဂတ် အမြင်ကောင်းတွေနဲ့ (News Generation) လို့ခေါ်တဲ့ မျိုးဆက်သစ်တွေကို နေရာတိုင်းမှာ မွေးထုတ်ပေး၊ လေ့ကျင့် ပြုစု ပျိုးထောင်ပေးနေတယ်။
လူငယ်ဖိုရမ်လို့ခေါ်တဲ့ လူငယ်တွေ တွေ့ဆုံပြီး အမြင်ချင်း ဖလှယ်တာတွေကို တိုင်းနဲ့ ပြည်နယ်အလိုက် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ မျိုးစေ့ကောင်းပါမှ အပင်သန်မှာဖြစ်လို့ အနာဂတ်အတွက် မျိုးစေ့ကောင်းတွေ ကြဲပေးရတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် ဓမ္မစကူးလ်လို့ခေါ်တဲ့ ဘုန်းတော်ကြီး စာသင်ကျောင်းတွေကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖွင့်လှစ ်သင်ကြားနေကြပြီ ဖြစ်ပါတယ်။ မူလတန်း အဆင့်မှာကတည်းက ဘာသာရေးအမြင်၊ လူမှုရေးအမြင်ကောင်းတွေ ပိုင်ဆိုင်လာအောင် လုပ်ဆောင်ပေးကြရမှာ ဖြစ်တယ်။
အာဇာနည်နေ့မှာ လူငယ်တွေကို အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ လုပ်ပေးတာက မျိုးဆက်သစ် လူငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓာတ်တွေ မွေးလာနိုင်စေဖို့ အခြေတည်ပေးခဲ့တာ ဖြစ်တယ်။ ကလေးငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ ပြန်ပြောခိုင်းတာ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ သီချင်းတွေကို သီဆိုခိုင်းတာတွေကို ရုပ်မြင်သံကြားမှာတွေ့ရတော့ ဝမ်းသာနေမိတယ်။
တစ်ဦးသောသူက လူလည်းသေသွားခဲ့ပြီ။ နာမည်လည်း သေသွားခဲ့ပြီ။ နောက်တစ်ဦးကတော့ လူက မသေသေးပေမယ့် နာမည်ကသေသွားခဲ့ပြီ။ ဗိုလ်ချုပ်အောင်ဆန်းက မသမာသူတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တာ နှစ်ပေါင်း၁၀၀ ကျော်ပြီ ဖြစ်ပေမယ့် ဒီကနေ့အထိ နာမည်က မသေသေးဘဲ ရှင်သန်နေဆဲဖြစ်တယ်။
အတိတ်ကာလတွေမှာ နည်းလမ်းပေါင်းစုံနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်ကို ပပျောက်သွားအောင် လုပ်ဆောင်ခဲ့တယ်။ သို့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဆောင်ချက်တွေက ကိုယ်ကျိုးကိုစွန့်ပြီး မိမိနိုင်ငံနဲ့ မိမိနိုင်ငံသားတွေ အကျိုး အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သူဖြစ်လို့ နာမည်ကောင်းတစ်လုံးကို နှစ်ပေါင်းရာကျော် နိုင်ငံသားတွေရဲ့ နှလုံးသားထဲမှာ စွဲထင်ကျန်ရစ်နေဆဲဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူငယ်တွေကို နေရာပေး ရှေ့တန်းတင်ပေးနေတာကို နေ့စဉ်နဲ့အမျှ တွေ့မြင်ကြားသိနေရပြီ ဖြစ်တယ်။
ဒီကနေ့ လူငယ် နောင်ဝယ် လူကြီးဖြစ်တာမို့ အနာဂတ်မျိုးဆက်သစ်တွေဖြစ်တဲ့ လူငယ်တွေကို အရည်အချင်းတွေ တိုးတက် မြင့်မားလာအောင် ကြိုးပမ်း လုပ်ဆောင် ပေးကြရမှာ ဖြစ်တယ်။ လူငယ်ဘဝမှာကတည်းက ကောင်းမွန်တဲ့ အနာဂတ်အမြင်ကောင်းတွေ ရှိလာအောင် ပြုစုပျိုးထောင်ပေးကြရမှာ ဖြစ်တယ်။
အတိတ်ကာလရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် လူငယ်တွေ တော်တော်များများက မိမိဘဝကို ကျောင်းမတက်နိုင်၊ ပညာမသင်နိုင်ကြဘဲ ရရာအလုပ်တွေလုပ်ပြီး ဘ၀၀မ်းကျောင်းမှုတွေ လုပ်နေကြရတယ်။ စာရေးသူတို့ကျောင်းသားဘဝမှာ ဆရာကြီး သိပ္ပံမောင်ဝရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ -
“တပေကုလားရွာက ရွှံ့ညွန် ရေအိုင်အတွင်းမှာ ဆော့ကစားကြတဲ့ လူငယ်တွေက အနာဂတ်အချိန်မှာ နိုင်ငံခေါင်းဆောင် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ” ဆိုတာ ဖတ်ခဲ့ရပါတယ်။
ခေါင်းဆောင်တွေက အနာဂတ်အမြင်ကောင်းတွေနဲ့ ဒီကနေ့ မျိုးဆက်သစ်လူငယ်တွေကို ဘက်ပေါင်းစုံမှာ အရည်အချင်းတွေ တိုးတက်လာနိုင်စေဖို့ ရှေ့တန်းတင်ပေးရမယ့်အချိန် ကျရောက်လာပြီလို့ ဆိုချင်ကြောင်းပါ။
လူငယ်တွေကို ရှေ့တန်းတင်ရမယ့်ခေတ် ရောက်လာပြီ
Most Read
Most Recent
8 hours ago










