လောပိတ အလွမ်းနှင့် စိုးရိမ်သောက

လောပိတ အလွမ်းနှင့် စိုးရိမ်သောက
လောပိတ (ဘီလူးချောင်း) အမှတ် (၂) စက်ရုံကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ် (ဓာတ်ပုံ - မခိုင်)
လောပိတ (ဘီလူးချောင်း) အမှတ် (၂) စက်ရုံကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ် (ဓာတ်ပုံ - မခိုင်)
Published 23 August 2016
တက္ကသိုလ်မိုးဝါ

တစ်နေ့က သုဝဏ္ဏရှိ နာရေးတစ်ခုအား သတင်းသွားမေးရင်း အိမ်ရှင်ကို မတွေ့ခဲ့စေကာမူ လာရောက် သတင်းမေးသူ မိတ်ဟောင်းဆွေဟောင်း အများအပြားနှင့် အချင်းချင်း ဧည့်ခံသည့် သဘောဖြင့် စကားစမြည် ပြောဖြစ်သည်။ အများစုမှာ ၁၉၆၀၊ ၁၉၇၀ ဝန်းကျင် စက်မှုတက္ကသိုလ်ကျောင်းထွက် ဖြစ်သဖြင့် စကားပြောရင်းနှင့် လျှပ်စစ်အကြောင်း ရောက်သွားသည်။ ဟိုဘက်နှင့် ဒီဘက်ခေတ်များကို ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ ကျယ်ပြန့်ရင့်ကျက်ပြီးဖြစ်သော လျှပ်စစ်အင်ဂျင်နီယာချုပ်မှ တစ်ဆင့် ဦးဆောင်ညွှန်ကြားရေးမှူး (အငြိမ်းစား) ဖြစ်လာသူ တစ်ဦးနှင့် ယခုလက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အခြေအနေအကြောင်း ပြောဖြစ်သွားသည်။ စာရေးသူနှင့် အတွေးအမြင် အယူအဆ တစ်ထပ်တည်းကျသော စကားတစ်ခွန်းကို သူက အမှတ်မထင် ပြောလိုက်သည်။ ယင်းမှာ “ရေအားလျှပ်စစ်စက်ရုံ တည်တော့မယ်ဆိုရင် လောပိတ (ဘီလူးချောင်း) အမှတ် ၂ စက်ရုံကို စံနမူနာ ယူသင့်တယ်၊ သူက အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးပဲ” ဟူ၍ ဖြစ်သည်။ သူပြောသော စကားသည် အလွန်နက်နဲ၍ အဓိပ္ပာယ် ကျယ်ဝန်းသည်ဟု စာရေးသူက မိမိဘာသာ ဖြည့်စွက်တွေး တွေးလိုက်မိသည်။  အဆင့်မြင့်သည် ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ အကောင်းဆုံး ဆိုသည်မှာလည်း မည်သည်က ကောင်းသည်ဟု ဆိုလိုသနည်း။လောပိတဟု အသံကြားလိုက်သည်နှင့်  ရင်ထဲ၌ အတန်ကြာ ငုပ်နေခဲ့ပြီးသော လွမ်းဆွေးတသမှု တစ်ရပ် ပြန်ပေါ်လာတော့သည်။ လောပိ ရေအားလျှပ်စစ် စက်ရုံကို ၁၉၆၀ ပြည့်နှစ် ဧပြီလတွင် ဖွင့်လှစ်ခဲ့စဉ်က တစ်လုံးလျှင် ၂၈ မဂ္ဂါဝပ် တပ်ဆင်အားရှိ လျှပ်ထုတ်စက် သုံးလုံးဖြင့် လည်ပတ်၍ ရန်ကုန်မြို့ ဓာတ်အားလိုအပ်မှုအတွက် အဓိကထား ပို့ပေးသည်။ ယင်းဖွင့်ပွဲကို လျှပ်စစ် အင်ဂျင်နီယာ ကျောင်းသားများအဖြစ် စာရေးသူ အပါအဝင် နောက်ထပ် သူငယ်ချင်း လေးယောက်နှင့်အတူ နွေရာသီ လက်တွေ့သင်တန်းအဖြစ် သွားရောက်ကွင်းဆင်း လေ့လာခြင်းဖြစ်သည်။ အလွန် ဇောက်နက်သည့် တောင်ခြေ၌ တည်ရှိသော စက်ရုံသို့ ကားကြီးဖြင့် ဂငယ်ကွေ့ ကိုးကွေ့ ချိုးကွေ့ပြီးမှ ရောက်နိုင်သည်။ တောင်ပေါ်တွင် သားနားလှပသော တစ်ထပ်ပျဉ်အိမ် တစ်လုံး၌ စာရေးသူတို့ အဆင်ပြေစွာ တည်းခိုရန် စီစဉ်ပေးထားသည်။ထိုစဉ်က ဂျပန်အစိုးရသည် မြန်မာအား လျော်ကြေးပေးသည့် အနေဖြင့် အဆိုပါ လောပိတ ရေအားလျှပ်စစ် စက်ရုံကို တည်ဆောက်ပေးခြင်းဖြစ်သည်။ ပြီးတော့ နှစ်နိုင်ငံ အကျိုးတူ စာချုပ်အရ အကျိုးခံစားခွင့် အနေဖြင့် မြန်မာက ၅၁ ရာခိုင်နှုန်း၊ ဂျပန်က ၄၉ ရာခိုင်နှုန်း ဟူ၍ သဘောတူထားကြသည်။ အလွန်ပင် တရားမျှတသော အပေးအယူ ဖြစ်သည့်ပြင် စစ်လျော်ကြေးအဖြစ် တည်ဆောက်ပေးရသည် ဆိုစေကာမူ ဂျပန်အနေဖြင့် ကရော်ကမည် ပြုလုပ် ဆောင်ရွက်ခြင်း မရှိ။  ဖြစ်လျှင်ပြီးရော၊ ငါ့အတွက် အကျိုးအမြတ် များများကျန်လျှင် ပြီးရောဆိုပြီး ဖြစ်ကတတ်ဆန်း ပြုမူချက်ကို လုံး၀ မတွေ့ရ။ အသုံးပြုထားသည့် ပစ္စည်း ကိရိယာ အားလုံးမှာ အဆင့်မြင့် ကောင်းမွန်သည်။ အနှစ် ၅၀ ကြာသည့် တိုင်အောင် ကြီးကြီးမားမား ပျက်စီးချွတ်ယွင်းသွားခြင်း မရှိ။ ၂၃၀ ကီလိုဗို့ ပို့လွှတ်လိုင်းတစ်လျှောက် အင်ဂျင်နီယာများနှင့်အတူ လိုက်ပါ၍ လေ့လာဖူးသည်။ ယခုခေတ်ကဲ့သို့ မဟုတ်၊ လေပြင်းတစ်ချက် ဝေ့လိုက်သည်နှင့် ကောက်ကွေးလိမ်တွန့်ဖို့ အသင့်စောင့်နေသော တာဝါတိုင်မျိုး မဟုတ်။ ထိုစဉ်က ပစ္စည်းကိရိယာ၏ ခိုင်ခံ့မှုသည် ချီးကျူးစရာ၊ အတုယူ မှတ်သားလောက်စရာ။ပြီးတော့ လောပိတ (ဘီလူးချောင်း) ရေတံခွန်မှ စဉ်ဆက်မပြတ် ကျလာသော ရေဖွေးဖွေးကို တောင်လယ်ခါးပန်းတွင် ရေကန်ကြီး (Pondage) များဖြင့် သိုလှောင်ထားပြီး ပိုက်ကြီးများဖြင့် တောင်အောက်၌ တည်ထားသော ရေတာဘိုင်များသို့ အရှိန်ဖြင့် စီးဆင်းစေသည်။ ရေပမာဏသည် လျော့နည်းသွားသည် ဟူ၍ မကြားဖူးခဲ့။ အယ်လ်နီညိုဖြစ်စဉ် သက်ရောက်ခဲ့သည့် ၁၉၉၆ နှင့် ၁၉၉၇ နှစ်တို့တွင်သာ မိုးမရွာသောကြောင့် ဒုတိယနှစ်တွင် ရေခန်းခြောက်ကုန်၍ စက်များ မလည်နိုင်ဘဲ ရှိခဲ့ဖူးသည်။လောပိတ ရေအားလျှပ်စစ်စက်ရုံ သက်တမ်းအရ အနှစ် ၅၀ ကျော် ရှိလာသည့် ကာလတွင်မှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) က ယန်းသန်း ၆၀၀၀ ကျော် (အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော်)  တန်ဖိုးရှိ အကြီးစား ပြင်ဆင်ရန် အကူအညီပေးခဲ့သည်။ ဂျပန်က ပြုပြင်လဲလှယ်ရန် လိုအပ်နေသော တာဘိုင်များ၊ ထရန်စဖော်မာများဖြင့် အပြည့်အ၀ အကူအညီ ပေးအပ်သွားခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် နှစ်စဉ်မြင့်တက်နေရကား အစိုးရသစ် အနေဖြင့် ပထမ ရက် ၁၀၀ လုပ်ဆောင်ချက်များအား ရှင်းလင်းရာ၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ကုန်ကျစရိတ် နည်းပါးသော ရေအားလျှပ်စစ် စီမံကိန်းကိုသာ မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ပြည်သူက လက်ခံပေးစေလိုကြောင်း ပြောကြားသည်။ ကျောက်မီးသွေးကို လက်မခံ၊ သန့်စင်ကျောက်မီးသွေး လုပ်မည်ပြောလည်း ပြည်သူများက လက်မခံကြ။ ထို့ကြောင့် ကျောက်မီးသွေး စီမံကိန်းများ ရပ်တန့်သွားကာ သဘာဝဓာတ်ငွေ့လည်း မရှိသည့်အတွက် ရေအားနှင့် ပတ်သက်၍လည်း ပတ်ဝန်းကျင်ကို ထိခိုက်မည်ဆိုး၍ စီမံကိန်းများ နှောင့်နှေးကုန်သည်။ ပတ်ဝန်းကျင် သက်ရောက်မှု အနည်းနှင့်အများ ရှိမည် ဖြစ်သဖြင့် ယင်းကို နည်းနိုင်သမျှ နည်းအောင် လုပ်ရမည်ဟု အမြဲတမ်း အတွင်းဝန်က ပြောသည်။ (The Daily Eleven - ၁၃-၈-၂၀၁၆ နေ့ထုတ်)။အထက်ပါ ပြောကြားချက်အပေါ် ရှမ်းပြည်နယ် အခြေစိုက် ဒေသခံ အဖွဲ့အစည်း ၂၆ ခုက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် “မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းမှာ ထိုင်းကို ၄၅ ရာခိုင်နှုန်း၊ တရုတ်ကို ၄၅ ရာခိုင်နှုန်း၊ ကျန် ၁၀ ရာခိုင်နှုန်းက ပဲခူးနှင့် ရှမ်းပြည်မြို့ နှစ်မြို့အတွက် ခွဲဝေပေးမှာ ဖြစ်တယ်။ ဒါကိုကြည့်ရင် သံလွင်ရေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံကို မီးပေးနိုင်မယ်ဆိုတာ ဘယ်လိုမှ ယုံကြည်စရာ မရှိဘူး။” ဟု ပေးစာတွင် ပါရှိသည်။ ထို့ပြင် သံလွင်မြစ် ရေကာတာ စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်ရာတွင် မြန်မာနိုင်ငံအတွက် လိုအပ်သော လျှပ်စစ်မီး ထုတ်လုပ်ပေးသည်ဟု ဆိုခြင်းမှာ ကြီးမားစွာ လွဲမှားနေသည်။ ဥပမာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သံလွင်မြစ်ပေါ် ကွန်လုံရေကာတာမှ ထွက်သော လျှပ်စစ် မဂ္ဂါဝပ် ၁၄၀၀ နှင့် နောင်ချို ရေကာတာမှ ရရှိသော လျှပ်စစ် မဂ္ဂါဝပ် ၁၂၀၀ တို့မှ ရာခိုင်နှုန်း ၉၀ သည် တရုတ်သို့သွားမည် ဖြစ်သဖြင့် မြန်မာပြည်သူများသည် ကြီးမားသော ဒုက္ခကို ခံစားရတော့မည်ဟူ၍ အိတ်ဖွင့်ပေးစာက ဖော်ပြထားသေးသည်။ (The Daily Eleven - ၁၉-၈-၂၀၁၆ နေ့ထုတ်)။  လောပိတ ရေအားလျှပ်စစ် စက်ရုံကို ရှေးရှေးမှ ယခုအချိန်ထိ အကောင်းဆုံး ဓာတ်အားပေးစက်ရုံဟု ဆိုခြင်းမှာ လွန်အံ့မထင်။ ဂျပန်နှင့် မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ အကျိုးအမြတ် ခွဲဝေရာ၌လည်း ၅၁-၄၉ ရာခိုင်နှုန်းဖြစ်၍ လျော်ကန်သင့်မြတ်သော အစီအစဉ်တစ်ရပ် ဖြစ်သည်ဟု ပြောရမည်။ ယခုလည်း အစိုးရသစ်၏ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ဖော်ပြောကြားချက်ထဲတွင် ရေအားလျှပ်စစ် စီမံကိန်း လုပ်ဆောင်လျှင် လျှပ်စစ်မီး မည်မျှ ရ၍ မည်မျှ အကျိုးဖြစ်ထွန်းမည် ဆိုသည်ကိုသာ ဇောင်းပေးထားပြီး စီမံကိန်းနှင့် ပတ်သက်သော သော့ချက်ဖြစ်သည့် အကျိုးအမြတ် ခွဲဝေမှု အချိုးအစားကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသည်ကို တွေ့ရသည်။ ယခင် အစိုးရ လက်ထက်၌ စတင်ပေါ်ပေါက်လာသော ဧရာဝတီမြစ်ဆုံ ကိစ္စတွင် ဧရာမ စီမံကိန်းကြီးပင် ဖြစ်လင့်ကစား ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား ပမာဏ၏ ရာခိုင်နှုန်း ၉၀ ကို တရုတ်က ရရှိမည် ဆိုလိုက်ကတည်းက ပြည်သူ့အကျိုးစီးပွား၊ ပြည်သူ့မျက်နှာကို မကြည့်သော ကိုယ်ကျိုးရှာ တစ်ဖက်စောင်းနင်း အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း ထင်ရှားနေပေသည်။  ပညာရှင်ဖြစ်စေ၊ ပညာရှင် မဟုတ်သည် ဖြစ်စေ သူတို့ပြောသော စကားအရ နှစ်သန်းပေါင်းများစွာ တည်ရှိနေခဲ့သော မြန်မာပြည်သူတို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် သဘာဝ၏ လက်ဆောင်ပဏ္ဏာဖြစ်သော ဧရာဝတီမြစ်ကြီးကို သူ့သဘာဝအတိုင်း ဆက်လက်ထိန်းသိမ်း ထားရှိရန် ပြည်သူအားလုံး၏ ခိုင်မြဲသော ဆန္ဒအရင်းခံသာ ဖြစ်ကြောင်းနှင့် ယင်းဆန္ဒအား မည်သူကမျှ လွန်ဆန်နိုင်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားသည့် စကားများ ဖြစ်သည်။မည်သို့ပင် ဆိုစေကာမူ ရေအားလျှပ်စစ် စီမံကိန်း အများအပြားအနက် လောပိတ ရေအားလျှပ်စစ် စီမံကိန်းသည် စံနမူနာအဖြစ် ယနေ့တိုင် ရပ်တည်လျက် ရှိနေပြီး စာရေးသူတို့ အဖို့တော့ လောပိတ အလွမ်းနှင့် အတူ ယခုအစိုးရသစ် လုပ်ဆောင်မည်ဆိုသော ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ် သက်ရောက်မှု လေ့လာဆန်းစစ်ချက် (EIA, SIA) ကို မှန်ကန်တည့်မတ်စွာ၊ တိကျထိရောက်စွာ ပြုလုပ်လျက်၊ ပြည်သူအား မျက်နှာမူ၍ ပြည်သူ့အကျိုးစီးပွားကို ရှေးရှုမည့် ပွင့်လင်းမြင်သာသော စီမံကိန်းဖြစ်ရန် စိုးရိမ်သောကစိတ်ဖြင့် မျှော်လင့်ကိုးစား နေမိတော့သည်။

Most Read

Most Recent