အစိုးရသစ်ရဲ့ လေးလကျော် သက်တမ်းအတွင်းမှာ ရာဇဝတ်မှုနဲ့ ပတ်သက်လို့ သြဂုတ် ၂၀ ရက်က ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းပြီး လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ လေးလောင်းပြိုင် လူသတ်မှုဖြစ်စဉ် မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွှေနံ့သာကျေးရွာ အုပ်စု၊ ပတ္တမြားမြို့သစ်၊ ကျူးကျော်ဝင်း၊ မြအေးချမ်းလမ်းနဲ့ နဝရတ်လမ်းထောင့်ရှိ အိမ်တစ်အိမ်မှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် နှစ်ဦးတို့ဟာ ဓားဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာ သေဆုံးနေပါတယ်။သေဆုံးနေတဲ့ သူတွေက ရဲဝန်ထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ကိုစိုးနောင်နဲ့ သူ့ဇနီး မချယ်ရီပွင့် အပြင် သူတို့ရဲ့ သားနှစ်ဦးဖြစ်တဲ့ မောင်ဟန်သူရ (အသက် ၁၃ နှစ်)၊ မောင် စွမ်းထက်မြတ် (အသက် ၈ နှစ်) တို့ဟာ လူမဆန်စွာ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာပါ။အခင်းဖြစ်ပွားမှုအပြီး လူမှုကွန်ရက် Facebook စာမျက်နှာပေါ် တက်လာတဲ့ လူသတ်မှုဖြစ်စဉ် ဓာတ်ပုံတွေအရ ကိုစိုးနောင်တို့ မိသားစုဟာ လူမဆန်စွာနဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာကို တွေ့မြင်ရပါတယ်။အဲဒီ ဓာတ်ပုံတွေအရ အသက် ၁၃ နှစ်အရွယ် မောင်ဟန်သူရဟာ သူ့ရဲ့ စာကြည့်စားပွဲနားမှာပဲ ဓားထိုးဒဏ်ရာ ခုနစ်ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူဟာ ဝမ်းဗိုက် ဓားထိုးခံရတဲ့ ဒဏ်ရာတွေအပြင် လည်ပင်းအောက် ညှပ်ရိုးနှစ်ခုအကြား ဓားနဲ့ ထိုးခံခဲ့ရပြီး ဓာတ်ပုံတွေအရ လည်ပင်း ပြတ်ရှနေတဲ့ ပုံစံ ဖြစ်ခဲ့ပါတယ်။မောင်ဟန်သူရရဲ့ညီ အသက် ၈ နှစ်အရွယ်သာ ရှိသေးတဲ့ မောင်စွမ်းထက်မြတ်ဟာ အိပ်ခန်းတွင်းက ခုတင်ပေါ်မှာ ဓားဒဏ်ရာ သုံးချက်နဲ့ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ကိုစိုးနောင်ကတော့ အခင်းဖြစ်နေအိမ် ဘုရားခန်းရှေ့မှာ ဓားဒဏ်ရာလေးချက်နဲ့ သားကြီးဖြစ်သူ မောင်ဟန်သူရ အနီးမှာ အသတ်ခံခဲ့ရတာပါ။ဒါ့ပြင် ကိုစိုးနောင်ရဲ့ဇနီး မချယ်ရီပွင့်ဟာ အိမ်နောက်ဖေး မီးဖိုခန်းထဲမှာ ဓားဒဏ်ရာ ရှစ်ချက်နဲ့ အသတ်ခံခဲ့ရပါတယ်။ လူမှုကွန်ရက်မှာ တက်လာတဲ့ ဓာတ်ပုံတွေအရ မချယ်ရီပွင့်ဟာ ဒဂုံတက္ကသိုလ်မှာ ဓာတုဗေဒ ဘာသာရပ်နဲ့ ပညာသင်ယူနေတယ်လို့ သိရပါတယ်။လူလေးယောက် အသတ်ခံရတဲ့ နေအိမ်ဟာ အဓိက လမ်းမကြီးနဲ့ အလှမ်းဝေးပြီး ပတ္တမြားမြို့သစ်ရဲ့ ချောင်အကျဆုံး နေရာမှာ ရှိနေတဲ့အပြင် လူသွားလူလာလည်း နည်းပါးပါတယ်။ဒါ့အပြင် အနီးပတ်ဝန်းကျင် တစ်အိမ်နဲ့ တစ်အိမ် အလှမ်းဝေးပြီး အခင်းဖြစ်နေအိမ်က သီးခြားပုံစံလိုမျိုး ဖြစ်နေသလို အိမ်အနီးမှာလည်း ချုံနွယ်တွေ ရှိနေတာပါ။ အခင်းဖြစ် နေအိမ်ခြေရင်းဘက်မှာ မြောင်းကြီးတစ်ခု ရှိနေပြီးတော့ အိမ်ကို သွားတဲ့ လမ်းဟာ မြေနီလမ်းဖြစ်ပြီး ကားဝင်လို့ မရတဲ့လမ်း ဖြစ်တယ်လို့ သိရပါတယ်။အသတ်ခံရတဲ့ မိသားစုဟာ အဲဒီနေရာမှာ နေထိုင်တာ တစ်နှစ်ကျော်ကာလ ရှိနေပြီး ကျူးကျော်နေထိုင်သူတွေလို့ ပြောကြပေမယ့် တိုက်ခံအိမ်ဆောက်ပြီး နေထိုင်နေကြတာပါ။ သူတို့ နေထိုင်ချိန်မှာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားတာ မရှိဘူးလို့ ပတ်ဝန်းကျင် နေထိုင်သူတွေက ပြောကြသလို ကိုစိုးနောင်ဟာ အနေအေးဆေးသူတစ်ဦး ဖြစ်တယ်လို့ ပြောကြပါတယ်။သူဟာ ၂၀၁၄ ခုနှစ်ဝန်းကျင်က အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲကနေ ဒုရဲအုပ်အဆင့်နဲ့ နုတ်ထွက်ခဲ့ပြီး အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်နေတယ်လို့ သိရပါတယ်။“ကိုစိုးနောင်က အရင်တုန်းက အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့မှာ ဒုရဲအုပ်အဆင့်နဲ့ တာဝန်ထမ်းဆောင်ဖူးပါတယ်။ ပြီးတော့ ၂၀၁၄ ခုနှစ်လောက်မှာ နုတ်ထွက်စာတင်ပြီး အခု ပွဲစားအလုပ် လုပ်ကိုင်နေတာပါ။ ကိုစိုးနောင်က ရပ်ကွက်ထဲမှာလည်း အရမ်း ဟော့ဟော့ရမ်းရမ်း မရှိပါဘူး။ မချယ်ရီပွင့်ကတော့ အိမ်မှာပဲ နေတယ်။ ကလေးနှစ်ယောက်ကလည်း ကျောင်းမှာ ငယ်ငယ်ကတည်းက ဆုတွေရပြီး စာကြိုးစားတဲ့ ကလေးတွေပါ” လို့ အသတ်ခံရသူ မချယ်ရီပွင့်ရဲ့အဒေါ် မစန်းစန်းမြင့်က ဆိုပါတယ်။အခင်းဖြစ် နေအိမ်မှာ မိသားစု ငါးဦး နေထိုင်ပြီး ကိုစိုးနောင်တို့ မိသားစု လေးဦးအပြင် မချယ်ရီပွင့်ရဲ့ မိခင်ဖြစ်သူ ဒေါ်ရီရီနွဲ့လည်း အတူ နေထိုင်ပါတယ်။အခင်းဖြစ်ချိန်မှာ ဒေါ်ရီရီနွဲ့ဟာ ရွှေပြည်သာမြို့နယ်က ဆွေမျိုးတော်စပ်သူ နေအိမ်ဆီ ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကိုစိုးနောင်တို့ မိသားစုဝင်လေးဦး အသတ်ခံရပြီး သေဆုံးနေတဲ့ မြင်ကွင်းကို ဒေါ်ရီရီနွဲ့က ပထမဆုံး မြင်တွေ့ခဲ့တာပါ။အဲဒီနေ့ နံနက် ၆ နာရီလောက်မှာ ရွှေပြည်သာမြို့နယ်က ပြန်ရောက်လာတဲ့ ဒေါ်ရီရီနွဲ့ အခင်းဖြစ်နေအိမ်ကို ရောက်ရှိခဲ့ပြီး အဲဒီမြင်ကွင်းကို တွေ့မြင်ခဲ့တာပါ။ ဒီမြင်ကွင်းကို တွေ့တဲ့အခါမှာ ဒေါ်ရီရီနွဲ့ဟာ ကြောက်လန့်တကြား ပြန်ထွက်ပြီး အထိတ်တလန့် အော်ဟစ်ပြောဆို ခဲ့ရာက ဘေးပတ်ဝန်းကျင်က လူတွေ သိရှိခဲ့တာ ဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရပ်ကွက်ထဲရှိ ဆိုင်ကယ်ကယ်ရီသမား တစ်ယောက်က “အခင်းဖြစ်တဲ့ နေအိမ်မှာ မိသားစုငါးဦး နေတာပါ။ သေဆုံးသူ မိသားစုက ကျွန်တော့် ဆိုင်ကယ်ကို အမြဲငှားစီးနေကျပါ။ မချယ်ရီပွင့်ရဲ့ အမေကို သြဂုတ် ၁၉ ရက် ညက ကျွန်တော့်ဆိုင်ကယ်နဲ့ သူ့အမျိုးတွေရှိတဲ့ ရွှေပြည်သာကို လိုက်ပို့ပေးခဲ့သေးတယ်။ ပြီးတော့ နောက်နေ့ မနက်မှာလည်း ကျွန်တော်ကိုယ်တိုင်ပဲ ပြန်သွားခေါ်ပြီး မချယ်ရီပွင့်တို့ အိမ်ရှေ့ကို လိုက်ပို့ပေးပြီး ကျွန်တော်လည်း ကယ်ရီဂိတ်ကို ပြန်ထွက်သွားတယ်။ လူသတ်မှု ဖြစ်သွားတာတော့ ရပ်ကွက်ထဲကလူတွေ ပြောလို့ သိရတာပါ။ အသတ်ခံလိုက်ရတဲ့ ကိုစိုးနောင်က ပွဲစားအလုပ် လုပ်ကိုင်တယ်လို့တော့ သိရပါတယ်” လို့ ဆိုပါတယ်။သူတို့ ဘာကြောင့် အသတ်ခံခဲ့ရသလဲ ဆိုတာ အခုထိ မသိရသေးပါဘူး။ ဒါပေမဲ့ သူတို့ အသတ်ခံရတဲ့ ဖြစ်စဉ်ကို လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ ရေးသားခဲ့ကြသူတွေကတော့ ဘယ်လောက်ပဲ အငြိုးရှိရှိ အပြစ်မဲ့တဲ့ ကလေးတွေကိုပါ သတ်ဖြတ်ခဲ့တာဟာ လူမဆန်တဲ့ ရက်စက်မှု ဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ပတ္တမြားမြို့သစ်မှာ နေထိုင်နေသူ တစ်ဦးကလည်း သူနေထိုင်လာတဲ့ ၂၅ နှစ်တာ ကာလမှာ ဒီဖြစ်စဉ် ပေါ်ပေါက်ခဲ့တာကို တုန်လှုပ်မိကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ဒီလို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ လူသတ်လက်နက်ဖြစ်တဲ့ ဓားကို ကျူးလွန်သူက ထားရှိခဲ့တယ်လို့ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ဆိုပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် NLD အစိုးရသစ် လက်ထက်မှာ အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့ အခု လေးလောင်းပြိုင် လူသတ်မှုဟာ တရားဥပဒေ စိုးမိုးရေး အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာပါပြီ။လေးလောင်းပြိုင် လူသတ်မှုကို ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ) ၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
■ မပေါ်သေးတဲ့ လူသတ်မှုပြီးခဲ့တဲ့၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် ညဉ့်နက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက် ဘောဂ ၂ လမ်းမှာ ဖြစ်ပွားခဲ့တဲ့ သားအမိ နှစ်ယောက် လည်လှီး သတ်ခံရမှုမှာ ကျူးလွန်သူကို လက်ရှိအချိန်ထိ ဖမ်းဆီး ရမိသေးခြင်း မရှိဘူးလို့ သိရပါတယ်။လူသတ်မှု ကျူးလွန်သူဟာ အဲဒီရပ်ကွက် ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားရာနေ့က စလို့ ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ ကျူးလွန်သူရဲ့ အချက်အလက် ဓာတ်ပုံတွေကို တစ်နိုင်ငံလုံး ဖြန့်ထားပေမယ့် လက်ရှိအချိန်ထိ မမိသေးတာ ဖြစ်ပါတယ်။
■ ရက် ၁၀၀ စီမံချက်အစိုးရသစ် တက်လာပြီး တစ်လ အကြာမှာပဲ မှုခင်းကျဆင်းရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ မှုခင်းကျဆင်းရေးအတွက် ရက် ၁၀၀ စီမံချက်ကို ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မေ ၁ ရက်က စပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ဒီလို ဆောင်ရွက်ရာမှာ ခေတ်အဆက်ဆက်က လုပ်ဆောင်ခဲ့တဲ့ ရဲလုပ်ငန်းပိုင်း ဆိုင်ရာတွေကို အသွင်သဏ္ဌာန်ရော၊ အနှစ်သာရပါ ပြောင်းလဲပြီး လုပ်ဆောင်ခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ကိုက်ညီတဲ့ စီမံချက်တွေ ထပ်မံရေးဆွဲပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ရဲတပ်ဖွဲ့တွေဟာ ဌာနဆိုင်ရာက အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။“လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မှုခင်းကျဆင်းရေးအတွက် ကျွန်တော်တို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။ မိတ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိတ်ဖက် ရဲတပ်ဖွဲ့ဝင်တွေမှာ လေကြောင်းတို့ ရေကြောင်းတို့ အဲဒါတွေလည်း ပါပါတယ်။ မူးယစ်တို့၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ လုံခြုံရေး တပ်ဖွဲ့ခွဲတွေက အင်အားထပ်ပြီးတော့ ဆောင်းပေးတယ်။ အဲဒီ အဖွဲ့တွေနဲ့ ရပ်ကွက်အလိုက် ခြေကျင်လှည့်ကင်းတို့၊ စက်ဘီးလှည့်ကင်းတို့၊ မီးတန်းယာဉ် လှည့်ကင်းတို့ ပေါင်းစပ်ပြီး လှည့်တာပေါ့။ နောက်ပြီး ယာဉ်စစ်တာတွေလည်း လုပ်နေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ပြောပါတယ်။ရဲတပ်ဖွဲ့ရဲ့ ရက် ၁၀၀ စီမံချက် အဖြစ် မြို့နယ်နဲ့ ရပ်ကွက်တွေမှာ မှုခင်း အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် လျော့ကျရေးအတွက် ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခြင်း၊ လှည့်ကင်းဆောင်ရွက်ခြင်း၊ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေ၊ ထောင်ထွက် လူမိုက်တွေအပြင် လူဆိုးသူခိုးတွေကို အရပ်ဝတ် နယ်ထိန်းတွေက စောင့်ကြည့် အကဲခတ်ခြင်း၊ လေ့လာခြင်းတွေ ပြုလုပ်လျက်ရှိပြီး အရေးယူခြင်း၊ ခြေချုပ်ခံဝန်နဲ့ ထားခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ အနေနဲ့ မေ ၁ ရက်က စတင်တဲ့ ရက် ၁၀၀ စီမံချက် ကာလအတွင်း ကြိုတင်ကာကွယ် ဖမ်းဆီးမှုအဖြစ် လက်နက်ပုန်း၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ၊ ခြေချုပ်ယစ်မျိုး အစရှိတဲ့ အမှုပေါင်း ၁၂၄၄၈ မှုကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ ရက် ၁၀၀ စီမံချက်အတွင်း ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေအနက် လူသတ်မှုနဲ့ မုဒိမ်းမှု စုစုပေါင်း အမှု ၆၀ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။ဒါ့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လထိ လူသတ်မှု ၁၀၆ မှု၊ မုဒိမ်း မှု ၁၀၈ မှု၊ လုယက်မှု ၃၄ မှု၊ ဓားပြမှု တစ်မှု၊ ဖောက်ထွင်းမှုလေးမှု ဖြစ်ပွားခဲ့ပြီး မနှစ်က လူသတ်မှု ၁၉၁ မှု၊ လုယက်မှု ၆၇ မှု၊ မုဒိမ်းမှု ၁၁၀၊ ဓားပြမှု လေးမှု၊ ဖောက်ထွင်းမှု ၂၀ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် အစိုးရသစ် လက်ထက် မှုခင်း ကျဆင်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ရက် ၁၀၀ စီမံချက် စတင်တဲ့ မေလမှာ တစ်နိုင်ငံလုံး လူသတ်မှု ၁၂၆ မှု၊ ဇွန်လမှာ လူသတ်မှု ၁၂၅ မှုနဲ့ ဇူလိုင်လမှာ လူသတ်မှု ၉၅ မှု ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံး ဖြစ်ပွားခဲ့တဲ့ မှုခင်းအရေအတွက်မှာ လူသတ်မှု ၁၂၆၄ မှု၊ ဓားပြမှု ၁၀ မှု၊ လုယက်မှု ၁၃၆ မှု၊ မုဒိမ်းမှု ၆၈၂ မှု ဖြစ်ပွားခဲ့ပြီး လူသတ်မှုနဲ့ မုဒိမ်းမှု ဖြစ်စဉ်မှာ အများဆုံး ဖြစ်ခဲ့ပါတယ်။
■ ရက် ၁၀၀ ရှင်းလင်းပွဲအစိုးရသစ်ရဲ့ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲကို သြဂုတ် ၁၆ ရက်က ပြန်ကြားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ပါတယ်။ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး။ ပြည်နယ် ၁၄ ခုနဲ့ အဓိက ကျတဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက် ရေးဆွဲပြီး မေ ၁ ရက်ကနေ သြဂုတ် ၈ ရက်အထိ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။မှုခင်းကျဆင်းရေး ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူတွေရဲ့ အမှုတွေကို တရားရုံးတွေက ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ဝန်ဆောင်မှုကို ရှေးရှုတဲ့ ရဲလုပ်ငန်း စနစ်ကို အသွင်သဏ္ဌာန် ပြောင်းလဲခြင်းနဲ့ အနှစ်သာရ တိုးတက်အောင် မြှင့်တင်ဆောင်ရွက်ခြင်း စတဲ့ အပိုင်းလေးပိုင်းနဲ့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။မှုခင်းကျဆင်းရေးအတွက် အရေးယူ ဆောင်ရွက်ရာမှာ ကြိုတင် ကာကွယ် အရေးယူမှု ၅၈၁၀၈ မှု၊ အမှုကြီး ၇၉၁ မှုနဲ့ အခြားအမှု ၁၆၈၅၄ မှုတို့ကို အရေးယူနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် အမှု ၂၇၈၈ မှု၊ တရားခံ ၄၃၄၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တစ်ရပ် ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှု ရင်ဆိုင်နေကြရသူတွေရဲ့ အမှုတွေကို တရားရုံးတွေက ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်းအတွက် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်၊ ဥပဒေရုံး အဆင့်ဆင့်၊ တရားစွဲ အဖွဲ့အစည်း အဆင့်ဆင့်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရုပ်သိမ်း၊ ပိတ်သိမ်းအမှုပေါင်း ၂၇၄ မှုနဲ့ အမှု ရင်ဆိုင်နေရသူ ၄၅၇ ဦးကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆက်လက်ပြောဆို ခဲ့ပါတယ်။ဒီလို ရက် ၁၀၀ သတင်းစာ ရှင်းလင်းပွဲအပြီး လေးရက်မြောက်နေ့မှာ မင်္ဂလာဒုံက လေးလောင်းပြိုင် လူသတ်မှု ဖြစ်တာကို ကြည့်မယ်ဆိုရင် ရဲတပ်ဖွဲ့ အနေနဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကျဆင်းရေးအတွက် တင်းတင်းကျပ်ကျပ် ဆက်လက်လုပ်ဆောင်ရမယ် ဆိုတာ ပေါ်လွင်နေပါတယ်။
■ ဝန်ကြီးချုပ် စကားအစိုးရသစ် လက်ထက်မှာ ရက် ၁၀၀ စီမံချက် ကာလအတွင်း ရန်ကုန်တိုင်းရှိ ဆိုးသွမ်းနယ်မြေတွေကို ရွေးချယ်ကာ လူထုလုံခြုံရေးအတွက် စီမံကိန်း ချမှတ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်နဲ့ ပတ်သက်လို့ မေလ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့ အုပ်ချုပ်ရေး ယန္တရား တစ်ရပ်လုံးဟာ တုံ့ပြန်ခံရမယ်ဆိုတာ လုံး၀ အဖြစ်မခံနိုင်ဘူး။ ဖြစ်လို့လဲ မရဘူး။ ရဲကို ဓားနဲ့ ထိုးသတ်ပြီးနောက် ရဲမလာနဲ့ဆိုတဲ့ နယ်မြေမျိုး ရန်ကုန်တိုင်းမှာ လုံး၀ မရှိစေရဘူး။ ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရားက ပြည်သူလူထုက အပ်နှင်းထားတဲ့ တာဝန်ကို ဆောင်ရွက်ဖို့ ကြိုးစားမှာ ဖြစ်တယ်။ ဒီလို ကြိုးစားတာကို ရာဇဝတ်ဂိုဏ်းလို လူပုဂ္ဂိုလ်တွေက ဒီနယ်မြေမှာ လာပြီး မင်းသေသွားနိုင်တယ် ဆိုရင် အဲဒီ စိန်ခေါ်မှုက ကျွန်တော်တို့အတွက် အကြီးဆုံး စိန်ခေါ်မှုပဲ။ ဒါမျိုးတွေကို ခွင့်ပြုထားလို့ မရဘူး။ အဲဒီ စိန်ခေါ်မှုကို ကျွန်တော်တို့ ရှင်းမယ်။ ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ဆိုးသွမ်းတဲ့ နယ်မြေတွေကို ရွေးချယ်ပြီး စီမံကိန်း တစ်ခု ချမှတ်ပြီးတော့ လူထုလုံခြုံရေးအတွက် လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။မှုခင်းတွေ ဖော်ထုတ်ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင် အင်အားနဲ့ ပြည်သူ့အင်အား အချိုးမမျှတတဲ့အတွက် ပြည်သူတွေသာမက အခြားဌာနဆိုင်ရာ အဖွဲ့အစည်းတွေကပါ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ထောင်ကနေ ထွက်လာသူတွေနဲ့ ရဲဘက်စခန်းတွေကနေ ထွက်ပြေးလာသူတွေဟာ ထောင်ကျမှာကို မကြောက်တော့ဘဲ ပြစ်မှုတွေကို ထပ်မံကျူးလွန်နေတဲ့ အခြေအနေဟာ စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး ဒီအခြေအနေကို ပြန်လည်တည့်မတ်ဖို့ ကြိုးစားသွားမယ်လို့ ဝန်ကြီးချုပ်က ပြောကြားပါတယ်။“ရဲဘက်စခန်းတွေက ပြေးလာပြီး ရပ်ကွက်တွေထဲမှာ မင်းမဲ့စရိုက် ဆန်စွာ လုပ်ချင်သလို လုပ်နေတာတွေ၊ မြို့ရွာတွေကို ဝင်စွက်ဖက်တာတွေဟာ အရေးကြီးတဲ့ စိုးရိမ်စရာ” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။အဲဒီနောက်မှာတော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ဒဂုံတောင်၊ လှိုင်သာယာမြို့နယ်၊ ကမာရွတ်နဲ့ သန်လျင်မြို့နယ်တွေမှာ Community Based Policing ဖြစ်တဲ့ ရဲတပ်ဖွဲ့ကနေ ရပ်ရွာအခြေပြု ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
■ ငါးလောင်းပြိုင် လူသတ်မှုပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မတ် ၃ ရက်တုန်းက မိုးကုတ်သူဌေး ဦးမြမောင်ရဲ့ အဆက်အနွှယ်တွေ နေထိုင်ကြတဲ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် ၁၂၆ မှာ ကျောက်ကုန်သည်ကြီး ဦးချာလီ (ဦးစောကြည်ဖ) သူ့ရဲ့ ဇနီး ဒေါ်စန်းစန်းမြင့် (၅၈) နှစ်၊ သမီးတွေ ဖြစ်တဲ့ မမြစန္ဒာ (၃၆) နှစ်၊ မနှင်းပွင့်အေး (၂၇) နှစ်၊ အိမ်အကူ မအယ်ဖော်တို့ကို သေနတ်နဲ့ပစ်ပြီး သတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်။ အခုချိန်ထိတော့ အဲဒီလူသတ်မှု ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။အဲဒီ ငါးလောင်းပြိုင် လူသတ်မှုဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရ လက်ထက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသတ်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်ခဲ့သူနဲ့ ပတ်သက်ပြီး ထင်မြင်ချက် အမျိုးမျိုး ရှိခဲ့ပါတယ်။ဒီအမှုနဲ့ ပတ်သက်လို့ ရဲချုပ် ခင်ရီက မကြာမီ တရားခံတွေကို ကြေညာနိုင်တော့မယ်ဆိုပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီအမှုကို စီအိုင်ဒီက ကိုင်နေတယ်လို့ပဲ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်မှာ ရှစ်နှစ်ကာလကို ကျော်လွန်ခဲ့ပေမယ့် တရားခံ ဘယ်သူဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထုက ဝေဖန်မှုတွေ ရှိနေပါတယ်။ဒီအမှု ဖြစ်စဉ်ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခြောက်လှန့်တုန်လှုပ်မှု ဖြစ်စေတဲ့ အပြင် ရန်ကုန်မြို့လို အချက်အချာ ကျတဲ့ နေရာမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့အတွက် ပြည်သူတို့ရဲ့ ဘဝတွေဟာလည်း လုံခြုံမှု ကင်းမဲ့သလို ဖြစ်နေပါတော့တယ်။အဲဒီ ငါးလောင်းပြိုင် လူသတ်မှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့အပြင် စီအိုင်ဒီကပါ အမှုမပလပ်ဘဲ ဆက်လက်ကိုင်တွယ် စစ်ဆေးနေတယ် ဆိုပေမယ့် အခုချိန်ထိ လူသတ်မှု ကျူးလွန်ခဲ့တဲ့ တရားခံတွေကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။အဆိုးရွားဆုံး အနေနဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာတုန်းက သားအမိ နှစ်ဦး လည်လှီး အသတ်ခံရတဲ့ ဖြစ်စဉ် ရှိခဲ့ပေမယ့် အဲဒီအမှုက ကျူးလွန်ခဲ့တဲ့ တရားခံကိုလည်း အခုချိန်ထိ ဖမ်းမမိသေးပါဘူး။အခု ဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင် လူသတ်မှုဟာ ၂၀၀၈ ခုနှစ် မတ်လဆန်းက ဖြစ်ခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုအပြီး အဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
■ စိန်ခေါ်မှုဒီလေးလောင်းပြိုင် လူသတ်မှုဟာ အစိုးရသစ်ရဲ့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှု အပေါ်ကို စိန်ခေါ်လိုက်တဲ့ အမှုလည်း ဖြစ်ပါတယ်။ အစိုးရသစ် အနေနဲ့ ပြည်သူတွေအတွက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေး အဖြစ် ရက် ၁၀၀ စီမံချက်ကို အကောင်အထည် ဖော်ခဲ့ပေမယ့် စီမံချက် ပြီးဆုံးပြီး ရက်ပိုင်းလောက်မှာ ထိတ်လန့် တုန်လှုပ် ချောက်ချားဖွယ် လူမဆန်စွာ သတ်ဖြတ်ထားတဲ့ လူသတ်မှုကြီး ပေါ်ပေါက်ခဲ့တာကို ကြည့်ရင် ရန်ကုန်မြို့မှာ တရားဥပဒေကို မကြောက်ရွံ့ဘဲ ပြစ်မှုကျူးလွန်သူတွေ ရှိနေသေးတယ်ဆိုတာ ထင်ရှားနေပါတယ်။ဒီလို ဥပဒေကို မထီမဲ့ပြင် လုပ်နေတဲ့ ဒုစရိုက်သမားတွေကို အစိုးရသစ် အနေနဲ့ ဘယ်လိုဖြေရှင်း ဆောင်ရွက်သင့်သလဲ ဆိုတာ ပြန်လည်သုံးသပ်ရတော့မှာ ဖြစ်ပါတယ်။ဒီလို မှုခင်းမျိုးတွေ ရန်ကုန်မှာ ဘာကြောင့် ဖြစ်နေရပါသလဲ။ အဓိကကတော့ ပြည်သူအချိုးနဲ့ ရဲဝန်ထမ်း အင်အား အချိုးဟာ မမျှတလို့ပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် လက်ရှိ ဖွဲ့စည်းပုံ ခွင့်ပြုအင်အားရဲ့ ၄၆ ဒသမ ၂၅ ရာခိုင်နှုန်းသာ ခန့်ထားနိုင်ပြီး နိုင်ငံတကာ စံနှုန်းများအရ ရဲနဲ့ ပြည်သူအချိုးမှာ ၁ အချိုး ၄၀၀ ဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့တွေရဲ့ ရဲနဲ့ပြည်သူ အချိုးမှာ ၁ အချိုး ၁,၁၉၁ ဦးဖြစ်တယ်လို့ သြဂုတ် ၁၇ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး ဒုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ရဲနဲ့ ပြည်သူ အချိုးကို ပြောကြားရာ ရန်ကုန်တိုင်းဒေသကြီးမှာ ၁ အချိုး ၁၂၄၁၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၁ အချိုး ၁၃၀၈၊ ပဲခူးတိုင်းဒေသကြီးမှာ ၁ အချိုး ၉၃၄၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁ အချိုး ၁၅၄၉၊ မန္တလေးတိုင်း ဒေသကြီးမှာ ၁ အချိုး ၁၃၁၇ တို့ကို တွေ့ရှိရတာကြောင့် မှုခင်းဖြစ်ပွားမှု များတဲ့ တိုင်းဒေသကြီးတွေမှာ လူဦးရေ သိပ်သည်းပြီး ရဲတပ်ဖွဲ့ဝင်အင်အား နည်းပါးမှုဟာ မှုခင်းများ ပိုမိုဖြစ်ပွားရတဲ့ အကြောင်းရင်းထဲက အချက်တစ်ချက်အဖြစ် ပါဝင်တာကို စိစစ်တွေ့ရှိတယ်လို့ ဆိုပါတယ်။ဒါ့ပြင် မှုခင်းကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ကာကွယ်မှု ၁၁ မျိုးကို ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်ရာမှာ ၂၀၁၃ ခုနှစ်က ၂၀၀၅၂ မှု ရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ် သြဂုတ် ၁၅ ရက်ထိ ၅၆၄၉၂ မှု အသီးသီး ဖော်ထုတ် အရေးယူခဲ့ပြီး မှုခင်း ကျဆင်းရေးနှင့် ပတ်သက်လို့ ၂၀၁၂ ခုနှစ်က စတင်ကာ စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ဒီနေရာမှာ ပြည်ထဲရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့တာတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ရှိတဲ့ အင်အားလေးကို သုံးပြီး ပြည်သူတွေရဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေးတွေကို ဆောင်ရွက်နေတာကို တွေ့ရမှာပါ။ဒါကြောင့်လဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်ဟာ တစ်နေ့တခြား စီးပွားရေး ကျပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှု၊ ဖြစ်ပေါ်လာတာနဲ့အမျှ ဒုစရိုက်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဖောင်းပွလို့ လာပါတယ်။ဘာပဲဖြစ်ဖြစ် အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီရက် ၁၀၀ အတွင်း အစိုးရ ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ပြည်သူတွေထဲမှာ တချို့က သဘောကျတဲ့သူတွေ ရှိသလို သဘောမကျတဲ့ သူတွေလည်း ရှိနေပါတယ်။ဒီလို သဘောမကျသူတွေ ရှိနေတဲ့ အချိန်မှာ မင်္ဂလာဒုံက လေးလောင်းပြိုင်လူသတ်မှု ဖြစ်စဉ် ဖြစ်ပေါ်လာတာဟာ အစိုးရသစ်ရဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်နေမှုတွေကို အိုးမဲသုတ်လိုက် သလိုပါပဲ။ဒါကြောင့် ပြည်ထဲဝန်ကြီး လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ဒီလေးလောင်းပြိုင် လူသတ်မှုရဲ့ လက်သည်တရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်မှသာ အစိုးရသစ် အနေနဲ့ အသက်ရှူချောင်မှာ ဖြစ်ပါတယ်။လက်ရှိ အချိန်မှာ ပြည်သူလူထုကလည်း လေးလောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုတွေ မြင့်တက်နေမှာ အမှန်ပါပဲ။ ဒီလို ပြည်သူတွေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ အချိန်မှာ တရားခံကို အမြန်ဆုံး ဖမ်းပြနိုင်ခဲ့ရင် ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ တပ်မတော် အစိုးရလက်ထက်က ဖြစ်ပွားခဲ့တဲ့ စိမ်းလဲ့ကန်သာလမ်းက ငါးလောင်းပြိုင် လူသတ်မှုလို ဇာတ်မျောကြီး ဖြစ်သွားခဲ့ရင်တော့ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ဟာ လုံခြုံမှု ကင်းမဲ့သလို ဖြစ်သွားနိုင်တဲ့အတွက် ရဲတပ်ဖွဲ့အပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုတွေ ဆုံးရှုံးသွားနိုင်တာကို သတိပြု ဆင်ခြင်သင့်ပါတယ်။ဒီလေးလောင်းပြိုင် လူသတ်မှု ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက “အသေးစိတ်ကိုတော့ မှုခင်း ရဲတပ်ဖွဲ့တွေ၊ ခရိုင်ရဲတပ်ဖွဲ့တွေ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွေနဲ့ ကျူးလွန်သူကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” လို့ ဆိုပါတယ်။
တရားဥပဒေ စိုးမိုးမှုကို စိန်ခေါ်လိုက်တဲ့ လေးလောင်းပြိုင် လူသတ်မှု
Most Read
Most Recent
8 hours ago










