မြစ်ဆုံစီမံကိန်းသည် ပြည်ထောင်စုလုံခြုံရေးနှင့် သက်ဆိုင်သဖြင့် မည်သည့်အစိုးရက ဆောင်ရွက်သည်ဖြစ်စေ ခွင့်မပြုနိုင်ဘဲ ဆက်လက် အကောင်အထည်ဖော်ပါက အစိုးရနှင့်ပြည်သူကြား ပြဿနာများစွာဖြစ်လာနိုင်ပြီး

မြစ်ဆုံစီမံကိန်းသည် ပြည်ထောင်စုလုံခြုံရေးနှင့် သက်ဆိုင်သဖြင့် မည်သည့်အစိုးရက ဆောင်ရွက်သည်ဖြစ်စေ ခွင့်မပြုနိုင်ဘဲ ဆက်လက် အကောင်အထည်ဖော်ပါက အစိုးရနှင့်ပြည်သူကြား ပြဿနာများစွာဖြစ်လာနိုင်ပြီး
ကချင်ပြည်နယ် မြစ်ဆုံဒေသ၏ လှပသာယာမှုကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခန့်က တွေ့ရစဉ်
ကချင်ပြည်နယ် မြစ်ဆုံဒေသ၏ လှပသာယာမှုကို ၂၀၁၅ ခုနှစ် နှစ်ကုန်ခန့်က တွေ့ရစဉ်
Published 21 August 2016
ကျော်ဇင်ဝင်း

မြစ်ဆုံစီမံကိန်းသည် ပြည်ထောင်စုလုံခြုံရေးနှင့် သက်ဆိုင်သဖြင့် မည်သည့်အစိုးရက ဆောင်ရွက်သည်ဖြစ်စေ ခွင့်မပြုနိုင်ဘဲ ဆက်လက် အကောင်အထည်ဖော်ပါက အစိုးရနှင့်ပြည်သူကြား ပြဿနာများစွာဖြစ်လာနိုင်ပြီး ဆိုးကျိုးများသောကြောင့် အပြီးတိုင်ရပ်ဆိုင်းရန် ကချင်တိုင်းရင်းသားပါတီများ တောင်းဆို
 
မြစ်ဆုံစီမံကိန်း တည်ဆောက်ရေးသည် ပြည်ထောင်စုလုံခြုံရေးနှင့် သက်ဆိုင်သဖြင့် မည်သည့်အစိုးရက ဆောင်ရွက်သည်ဖြစ်စေ ခွင့်မပြုနိုင်ဘဲ ဆက်လက် အကောင်အထည်ဖော်ပါက ပြဿနာများစွာ ဖြစ်လာနိုင်ပြီး ဆိုးကျိုးများသောကြောင့် အပြီးတိုင်ရပ်ဆိုင်းရန် တောင်းဆိုကြောင်း ကချင်တိုင်းရင်းသားပါတီ တာဝန်ရှိသူများက ပြောကြားသည်။ယခင်အစိုးရလက်ထက် သက်တမ်းငါးနှစ်အတွင်း ယာယီရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်းအား ယခုအစိုးရလက်ထက်တွင် မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချိန်တွင် သြဂုတ် ၁၂ ရက်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည်  ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့်မသင့်နှင့်စပ်လျဉ်း၍ လေ့လာစိစစ် သုံးသပ်တင်ပြနိုင်ရန် ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်ကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် အပါအဝင် အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများအကြား မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မည်ကို စိုးရိမ်လျက်ရှိပြီး ကချင်တိုင်းရင်းသားပါတီများကလည်း ကန့်ကွက်ကြောင်း ပြောကြားခြင်းဖြစ်သည်။“ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် မြစ်ဆုံကိစ္စကတော့ အကျိုးအမြတ် ဘယ်လောက်ပဲရှိရှိ လုပ်ခွင့်ပြုလို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ EIA/SIA က ထွက်ထားပြီးသား။ ဟိုဘက်ခေတ်ကတည်းက လုပ်ထားပြီးသား ၂၀၁၃ လောက်က တည်းက။ လုပ်ထားပြီးသားကြီးက အခုတစ်ခါ ကော်မရှင်ထပ်ဖွဲ့။ ကော်မရှင်ကို တိုက်ရိုက်ဖွဲ့ပြီး ပြန်လုပ်မယ့်ဟာက ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်မယ့် ဦးတီခွန်မြတ်တို့ ဘာတို့ဆိုတာလည်း ကျွန်တော်တို့ ကချင်တိုင်းရင်းသားအရေး ဘာမှလုပ်ခဲ့တဲ့သူ မဟုတ်ဘူး။ ကချင်ပြည်နယ်ကို ကိုယ်စားပြု သောသူလို့ ကျွန်တော်တို့ ကချင်လူထု မသတ်မှတ်ထားဘူးလေ။ အဲဒါ တစ်ချက်ပေါ့။ ကျွန်တော်တို့  ကချင် Mandate မရဘူး။ မရတဲ့သူက ဥက္ကဋ္ဌ လုပ်ဦးမယ်ဆိုတော့ ကျွန်တော်တို့ ကချင်လူထု သဘောထားကို သူလက်ခံပါ့မလား” ဟု ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက ပြောကြားသည်။ထို့အတူ  မြစ်ဆုံစီမံကိန်းအပြင် မေခ၊ မလိခ မြစ်ညာစီမံကိန်းများကိုလည်း ခွင့်မပြုနိုင် KNC ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက ဆိုသည်။“ကျွန်တော်တို့လူထုက Strike လုပ်မှာပဲ။ ကျွန်တော်တို့ လက်မခံဘူး။ ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်တာက တခြားနည်းတွေ အများကြီးရှိပါတယ်။ ဒီမဂ္ဂါဝပ်က ဒီလောက် မက်စရာမလိုဘူး။  မက်တဲ့ဟာက တခြားကိစ္စတွေမှာ အများကြီး ထိခိုက်သွားနိုင်တယ်။ ရေလွှမ်းဧရိယာပဲ ကြည့်ဦးလေ။ စင်ကာပူရဲ့ ကျွန်းတစ်ကျွန်းမကဘူး ရှိနေတယ်။ ကျွန်တော်တို့ ဘယ်လို လက်ခံလို့ရမလဲ။ ဒါကို မထိန်းသိမ်းနိုင်ဘူးလေ။ နည်းပညာအရ ဘယ်လောက်ပဲ အာမခံခံ။ သူတို့ရဲ့Three Gorges Dam အကြောင်း ကျွန်တော်တို့ အကုန်သိနေတာပဲ။သူတို့ဆီမှာတောင် ပြဿနာပေါင်းစုံ မဖြေရှင်းနိုင်တာ ကျွန်တော်တို့ဆီမှာ နည်းပညာလည်း မရှိဘဲ သူတို့ အားကိုးပြီး ဘယ်လိုလုပ်မလဲ။ ဒါက ကျွန်တော်တို့ သုံးသပ်ရရင် ပြည်နယ်လုံခြုံရေးသာမက ပြည်ထောင်စု လုံခြုံရေးပါ ထိခိုက်တဲ့ ကိစ္စတွေနော်” ဟု ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက ပြောကြားသည်။ထို့အတူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက မြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ် လူထုသာမက တစ်နိုင်ငံလုံးမှ ပြည်သူများက ထောက်ခံခြင်း မပြုသဖြင့် မိမိတို့အနေဖြင့်လည်း ခွင့်ပြုခြင်း၊ ထောက်ခံခြင်း မပြု နိုင်ကြောင်း ပြောကြားသည်။“ပြောချင်တာတစ်ခုက ဒါကို ဘယ်အစိုးရကပဲ တက်လာလာ ဘယ်သူပဲ ဘယ်ခေါင်းဆောင်ပဲ လုပ်လုပ် ဒါကို ဆက်လက်ခွင့်ပြုရင် ကမောက်ကမဖြစ်မယ်။ တိုင်းပြည်က မောက်ကမဖြစ်ရင် ပြည်သူနဲ့အစိုးရကြား အများကြီး ပြဿနာပေါ်လာမယ်။ ဒီဟာကို ဆိုးကျိုးနဲ့ကောင်းကျိုးကို ချင့်ချိန်ကြည့်လိုက်ရင် ဆိုးကျိုးက ပိုများတယ်။ ဒါကြောင့် ဒါက ဆက်လက် လုပ်ခွင့်ရမလားဆိုတာ မျှော်လင့်လို့ မရဘူး။ အပြီးတိုင်ရပ်စဲ၊ အပြီးသတ် စာရင်းရှင်းဖို့ပဲ။ ယာယီမဟုတ်ဘူး” ဟု ဒေါက်တာ မနာမ်တူးဂျာက ပြောကြားသည်။ကချင်ဒီမိုကရက်တစ် ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းကလည်း ယခင်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်းအား မရပ်ဆိုင်းပါက လူထုနှင့် ထိပ်တိုက်တွေ့လာနိုင်သဖြင့် ရပ်ဆိုင်းခဲ့သည့် အခြေအနေဖြစ်ပြီး  လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင်လည်း စီမံကိန်းအား ပိတ်ပင်ရပ်ဆိုင်းခြင်း မရှိပါက လူထုနှင့်ထိပ်တိုက် တွေ့လာနိုင်ကြောင်း ပြောကြားသည်။“ဘာကြောင့်လဲဆိုတော့ လူထုကိုယ်တိုင်ကိုက ဒီဟာကိုမကြိုက်ဘူး။ အခုလက်ရှိ NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအနေနဲ့ ဘာပဲဖြစ်ဖြစ် မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်ရင်တော့ အစကတည်းက မူဝါဒထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ပြီးမယ့်ကိစ္စမဟုတ်ဘူး။ ဖြေကို ဖြေရှင်းရမှာပဲ။ ဒါကြောင့်ပြတ်ပြတ်သားသား ဖြေရှင်းရမယ်။ တရုတ်အစိုးရနဲ့လည်း  ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်။ အခုလက်ရှိ သက်တမ်းမှာ ဒီဟာကို အမြန်ဆုံး ပြတ်ပြတ်သားသား ဖြေရှင်းစေချင်ပါတယ်” ဟု ဦးအောင်ခမ်းက ပြောကြားသည်။မြစ်ဆုံစီမံကိန်း ဆက်လက် တည်ဆောက်ရေးတွင် ပါတီ၏ သဘောထားမှာ ပြည်သူ၏ သဘောထားပေါ် မူတည်ကြောင်း မြစ်ကြီးနားမြို့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) အထွေထွေအတွင်းရေးမှူး ဦးလာမာလေးက ပြောကြားသည်။လက်ရှိအစိုးရသစ်အနေဖြင့် ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း သုံးသပ်ရေး ကော်မရှင်အား ဖွဲ့စည်းခြင်းသည် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုသည့်သဘော ဖြစ်နိုင်ကြောင်း ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။“သူတို့က (မြန်မာ-တရုတ် အစိုးရကြား) တရားဝင်အဖြစ် အချင်းချင်း တင်ပြရမှာတွေရှိမယ်လေ။ ရှိမှာပေါ့။ ဒါကြောင့်မို့လက်ရှိ အစိုးရအနေနဲ့လည်း အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ ပေးနိုင်တယ်ဆိုရင် ကောင်းတာပေါ့။ ကော်မရှင်ကို လေ့လာခိုင်းမယ်။ ပြီးလို့ရှိရင် ကော်မရှင်က တင်ပြမယ်။ ကော်မရှင်ကလည်း ပြည်သူလူထု သဘောထား ဆန္ဒလည်းတင်ပြမှာပဲ။ ပြည်သူလူထု သဘောထား ဆန္ဒကို ဆန့်ကျင်ပြီးတော့ တင်ပြမယ်လို့မထင်ဘူး။ အဲဒါတစ်ချက်နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဟိုဘက် (တရုတ်) သွားတာက မြစ်ဆုံကို ဒီအတိုင်း ပစ်ထားတာ မဟုတ်ဘူး။ မျက်ကွယ်ပြုထားတာ မဟုတ်ဘူး။ ကျွန်မတို့လည်း ဒါကိုစနစ်တကျ လုပ်ချင်တယ်။ မှန်ပါတယ်။ သို့သော်လည်းပဲ ဒီလိုအခြေအနေ ရှိတယ်။ ဒါကြောင့်မို့လို့ ဒါကို ဆက်လုပ်ရေးကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သူ့အနေနဲ့ ပြောစရာရှိမှာပေါ့” ဟု ဒေါက်တာ မနာမ်တူးဂျာက ပြောကြားသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာလီခယ်ကျင်း၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သြဂုတ် ၁၇ ရက်မှ ၂၁ ရက်အထိ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခဲ့သည်။“ဖြစ်နိုင်မယ်ဆိုရင် မလုပ်စေချင်ဘူး။ တကယ်လည်း မဖြစ်မနေ လုပ်ရမယ်ဆိုရင် ပြည်သူတွေကို ကောင်းကောင်းမွန်မွန် ချပြပြီးမှ ပြည်သူတွေ နားလည်သဘောပေါက် ပြီးမှ ပြည်သူသဘောတူမှပဲ လုပ်သင့်တယ်လို့မြင်တယ်။ နောက်ဆုံးလုပ်မယ် ဆိုရင်လည်းပဲ နိုင်ငံတကာ လုံး၀ ခိုင်ခိုင်ခန့်ခန့် လုပ်သင့်တယ်။ ဒါကို လုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် ဘယ်လောက်အကျိုးရှိမလဲ။ အကျိုးက ဘယ်လောက်ယုတ်မလဲ။ ချင့်ချင့်ချိန်ချိန်နဲ့ လုပ်သင့်တယ်လို့ မြင်တယ်။ ပြည်သူတွေ သဘောတူမှာပဲ လုပ်သင့်တယ်လို့ မြင်တယ်။ ပါတီသဘောထားတော့ မဟုတ်ဘူး။ ကျွန်တော် တစ်ယောက်တည်း သဘောထားပါ။ ဖြစ်နိုင်ရင်တော့ စီမံကိန်းကို မလုပ်စေချင်ဘူး”  ဟု ဦးလာမာလေးက ပြောကြားသည်။နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခယ်ကျင်းနှင့် တွေ့ဆုံဆွေးနွေးရာ၌ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများရှိခဲ့ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အဖြေရှာနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကို မြန်မာအစိုးရက ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံစွမ်းအင်ဌာနချင်း ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် နှစ်ဖက်စလုံးအတွက် အကျိုးရှိမည့် အဖြေတစ်ခုကို ရှာဖွေတွေ့ရှိနိုင်ရန်အတွက် ဆန္ဒရှိသည်ဟုလည်း ပြောကြားခဲ့ကြောင်း တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Liu Zhenmin  က တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ထိုသို့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ ရောက်ရှိနေချိန်တွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း ၆၂  ဖွဲ့ ပူးပေါင်း လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင်အား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတစ်ဆင့်  တရုတ်နိုင်ငံသမ္မတ ရှီကျင်းပင်ထံသို့  သြဂုတ် ၁၈ ရက်က ပေးပို့ခဲ့သည်။ထို့ပြင် မြစ်ဆုံစီမံကိန်းအား ပြည်သူလူထုလက်မခံဘဲ ဆောင်ရွက်ပါက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA မှ ဗိုလ်ချုပ်ဂွမ်မော်က သြဂုတ် ၂၀ ရက်တွင် ပြောကြားသည်။ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေး ကော်မတီနှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) ဆွေးနွေးပွဲအပြီးတွင် ဗိုလ်ချုပ်ဂွမ်မော်က သတင်းထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။          

Most Read

Most Recent