ဂုဏ်ယူဖွယ်ကင်း အရည်အချင်း

ဂုဏ်ယူဖွယ်ကင်း အရည်အချင်း
Published 21 August 2016
နီမင်းဆွေ

လောကမှာ လူတွေပိုင်ဆိုင်လေ့ ရှိကြတဲ့ အရည်အချင်း နှစ်မျိုးနှစ်စား ရှိတယ်လို့ ထင်မြင်ယူဆမိပါတယ်။ ပထမတစ်မျိုးက လူတိုင်းမှာ ရှိတတ်ကြတဲ့ သာမန်အရည်အချင်းနဲ့ ဒုတိယတစ်မျိုးကတော့လူတိုင်းမှာ မရှိတဲ့  ထူးခြားတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ အဲဒီထူးခြားတဲ့ အရည်အချင်းထဲမှာမှ ဂုဏ်ယူထိုက်တဲ့ အရည်အချင်းကောင်းနဲ့ ဂုဏ်လည်း မယူထိုက်တဲ့ အရည်အချင်းညံ့ဆိုပြီး နှစ်မျိုးနှစ်စား ထပ်ခွဲနိုင်ပါသေးတယ်။ ဒီအကြောင်းတွေကို တွေးဖြစ်သွားမိရတာကလည်း ၁၉၈၀ ပြည့်နှစ်မှာ ထွက်ပေါ်လာခဲ့တဲ့ Raging Bull ဆိုတဲ့ ဇာတ်ကားကို ကြည့်မိရာက ကိုယ့်မိတ်ဆွေတစ်ယောက် ပြောပြတဲ့ သူ့ရဲ့ကိုယ်တွေ့ ဖြစ်ရပ်လေးတစ်ခုကို သတိရသွားမိလို့ဖြစ်တယ်။
ကိုယ့်မိတ်ဆွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သင်တန်းကျောင်းမှာ သင်တန်းတက်ခွင့်ရခဲ့ပါတယ်။ အဲဒီသင်တန်းသားတွေထဲမှာ တော်တော်ထူးခြားတဲ့ သင်တန်းသားတစ်ယောက် ပါလာတယ်။ သူ့နာမည်က ‘ဘတင့်’ လို့ပဲ ဆိုကြပါစို့။ ဘတင့်မှာ တခြားသင်တန်းသားတွေ အားလုံးမှာရှိတဲ့ စဉ်းစားချင့်ချိန်တတ်တဲ့ အသိဉာဏ်ဆိုတဲ့ အရည်အချင်းမရှိဘဲ အများမှာမရှိတဲ့ ထူးခြားတဲ့ အရည်အချင်းတစ်ရပ် ရှိနေပါတယ်။ အဲဒါကတော့ ဘယ်သူနဲ့မဆို အချိန်မရွေး ရန်ဖြစ်ရဲတဲ့ သတ္တိပါပဲ။ သင်တန်းစတက်ခါစမှာတော့ သူ့အကြောင်းကို မသိကြတဲ့ သင်တန်းသားတချို့ဟာ သူနဲ့ ကတောက်ကဆ ဖြစ်မိကြပါသေးတယ်။ ဒါပေမဲ့ အကြောင်းသိလာတဲ့ အခါမှာတော့ အားလုံးက သူ့ကို ဝေးဝေးက ရှောင်ကြတော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ဖြစ်တာကို ကျောင်းက ဆရာတွေသိသွားရင် နှစ်ယောက်စလုံး အိမ်ပြန်ကြရမှာမို့ဖြစ်တယ်။ ဒါကြောင့် သင်တန်းသားတွေဟာ ‘ကိုဘတင့်ကလည်းဗျာ ဘာညာ’ ဆိုပြီး သူနဲ့ အဆင်ပြေအောင် ကြည့်ရောပြီး သူနဲ့ဝေးရာကို မြန်မြန်ရှောင်ပြေးဖို့ ကြိုးစားကြရတာဟာ အလုပ်ပို တစ်ခုလို ဖြစ်လာပါတယ်။ သင်တန်းကာလ တစ်ဝက်ကျော်ကျော် လောက်မှာတော့ ဘတင့်ဟာ အမေဆုံးလို့ ခွင့်တင်ပြီး အညာက မြို့လေးတစ်မြို့ကို ခွင့်ပြန်သွားတယ်။ သင်တန်းခွင့်ရတာဟာ အထူးအဆန်း ဖြစ်နေသလို သင်တန်းမတက်ခင် ကတည်းက ဘတင့်အမေ သေဆုံးခဲ့ပြီးဖြစ်တယ် ဆိုတာကို သိနေကြလို့လည်း ပိုပြီးအထူးအဆန်း ဖြစ်ကြရပါတယ်။ ဒါပေမဲ့ ဘယ်သူပြန်ပြောရဲမတုံး၊ သင်တန်းကာလ ကိုးလကုန်ဆုံးအောင် ကြိတ်မှိတ်သည်းခံပြီး အချိန်မြန်မြန် ကုန်သွားအောင်သာ ကြိုးစားနေကြရတာ မဟုတ်လား။ ဒီလိုနဲ့ သင်တန်းဆင်းဖို့ အချိန်နီးကပ်လာပါတယ်။ အရေးကြီးပြီး အသက်အန္တရာယ်ရှိတဲ့ လေ့ကျင့်ခန်းတွေကို မြို့ပြင်ဘက်က တောထဲမှာရှိတဲ့ လေ့ကျင့်ကွင်းတွေမှာ သွားလေ့ကျင့်ကြရတယ်။ ရိုင်ဖယ်သေနတ်ကိုင်ပြီး တောလမ်းလေးအတိုင်း ပြေးလာနေကြတဲ့ သင်တန်းသားတွေအနားမှာ ဆရာတွေက လမ်းဘေးနားကပ်ပြီး မိုင်းခွဲပေးကြရတယ်။ မိုင်းက အသံမိုင်းဆိုပေမယ့် လူနားမှာ သိပ်ကပ်ပြီးကွဲရင်လည်း သေနိုင်တာပါပဲ။ ဒါ့ကြောင့် မိုင်းခွဲတဲ့ဆရာ နှစ်ယောက်မှာလည်း သတိကိုယ်စီနဲ့ပေါ့။ အဲဒါ ဘတင့်အလှည့်ရောက်တော့ မိုင်းလည်း ကွဲသွားရော ဘတင့်က တုံ့ခနဲ ခဏရပ်လိုက်ပြီး ‘ဒီမအေ... အသံတွေကလည်း ခုထိကြားနေရတုန်းပဲကွာ’ လို့ ဆောင့်ကြီး အောင့်ကြီးနဲ့ ဆဲပြီးမှ ဆက်ပြေးသွားတယ်။ စစ်မြေပြင်မှာ ဒီလိုအသံမျိုးတွေကို နားယဉ်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိုင်းခွဲပေးကြရတဲ့ ဆရာနှစ်ယောက်မှာတော့ စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ခဲ့ကြရတာပေါ့။
ဒီလိုနဲ့ သင်တန်းမဆင်းခင် တစ်ရက်အလိုကို ရောက်လာတယ်။ အဲဒီကျောင်းဆင်းပွဲ အကြိုနေ့မှာတော့ သင်တန်းသားတွေကို ဘာမှအလုပ်မခိုင်းတော့ဘူး၊ နောက်တစ်နေ့ သင်တန်းဆင်းပွဲ အခမ်းအနားမှာ ကောင်းကောင်းလုပ်နိုင်အောင် ၀၀လင်လင်ကျွေးပြီး နားခိုင်းထားတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့ဖြစ်ပြီး ဘာမှမလုပ်ခိုင်းတော့ဘူး ဆိုပေမယ့် သင်တန်းသားတွေကို ခန်းမကြီးတစ်ခုထဲ ခေါ်သွင်းပြီး အရာရှိတွေက စကားပြောကြတာတော့ရှိတယ်။ သင်တန်းဆင်းမယ့်နေ့မှာ ရောက်လာကြမယ့် မိဘဆွေမျိုးတွေကို ဘယ်လိုနေရာချရမယ်၊ ဘယ်လိုကျွေးမွေးရမယ် ဆိုတာတွေကို မှာကြတာပေါ့။ အဲဒီအချိန်မှာ သူတို့အထဲက ဘတင့်ပျောက်နေတယ် ဆိုတာကို အစပိုင်းမှာ ဘယ်သူမှ သတိမထားမိကြဘူး။ တကယ်တော့ ဘတင့်ဟာ သူရဲ့အိပ်ဆောင်ထဲမှာ သင်တန်းကျောင်းက သူထုတ်ထားတဲ့ အသုံးအဆောင်နဲ့ အဝတ်အစားတွေကို ပြန်အပ်နေရင်းနဲ့ သူပိုင်ပစ္စည်းတွေကို သိမ်းနေရတာ ဖြစ်တယ်။ ဒါကိုဆရာနှစ်ယောက်က ဝိုင်းကူပေးနေပြီး ဘေးနားက ခုတင်ပေါ်မှာတော့ သင်တန်းနည်းပြ တစ်ယောက်က စီးကရက်သောက်ပြီး ထိုင်စောင့် ပေးနေတယ်။ အဲဒီမှာ ဘတင့်က နောက်ဆုံးအခွင့်အရေး တစ်ခုအနေနဲ့ သူတို့မြို့သား သူ့သူငယ်ချင်း လှခင်ကို ခေါ်ပေးပါလို့ တောင်းဆိုတယ်။ အဲဒါ သင်တန်းဆရာက အမိန့်ပေးလို့ ဆရာတစ်ယောက်က သူ့မိတ်ဆွေ လှခင်ကို ခန်းမထဲကနေ သွားခေါ်လာတယ်။ အိပ်ဆောင်ထဲ လှခင်ရောက်လာတဲ့အခါ ဘတင့် RTU (Return to Unit = အိမ်ပြန်ရခြင်း) ဖြစ်ပြီဆိုတာကို သိလိုက်ရတယ်။ လှခင်အိပ်ဆောင်ထဲရောက်တဲ့ အခါမှာတော့ ဘတင့်က ပစ္စည်းတွေကို သိမ်းပြီးသားတောင် ဖြစ်နေပြီ။ ဘတင့်ရဲ့ ထင်းရူးသေတ္တာကို ဆရာနှစ်ယောက်က ကားပေါ်တင်ပေးဖို့တောင် လုပ်နေကြပါပြီ။ အဲဒီမှာ ဘတင့်ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ ‘လှခင်ရာ ငါ့ဘဝမှာ ဒီဝတ်စုံကို ဒီတစ်သက် ဘယ်လိုမှ ကြည့်လို့ရမှာ မဟုတ်တော့ဘူးလို့’ ဖြစ်ပါတယ်။ ဒီပြောစကားကို ကြားလိုက်ရတဲ့ ဘေးက ခုတင်ပေါ်မှာ ထိုင်နေတဲ့ သင်တန်းဆရာကတော့ စီးကရက်သောက်ရင်း သဘောကျလွန်းလို့ ပြုံးနေပါတယ်။ ဘတင့်ကို ကားနဲ့ ရန်ကုန်မြို့ထဲပို့ပေးဖို့ ခေါ်သွားကြတဲ့ အချိန်ကစပြီး လှခင်တစ်ယောက် ဘတင့်ကို တော်တော်နဲ့ မတွေ့ရတော့ဘူး။
နောက်လေးနှစ်နီးပါးအကြာ လှခင်ဟာ အရာရှိအဆင့်နဲ့ ခွင့်ရလို့ အညာက သူတို့မြို့လေးကို ပြန်လာတယ်။ ငယ်စဉ်ဘဝက ဘတင့်နဲ့အတူ ကျင်လည်ခဲ့ဖူးတဲ့ မြို့ထဲက ရုပ်ရှင်ရုံနံဘေးက ဘိလိယက်ခုံကို ညဘက် သွားလည်တယ်။ အဲဒီမှာ အသံစွာကျယ် စွာကျယ်နဲ့ လူတစ်ယောက် ဘိလိယက်ခုံထဲ ဝင်လာလို့ ဘယ်သူများပါလိမ့်ဆိုပြီး လှမ်းကြည့်လိုက်တော့ ဘတင့်ဖြစ်နေတယ် ဆိုတာကို တွေ့လိုက်ရတယ်။ ဘတင့်ရဲ့ မျက်လုံးတွေဟာ နီရဲနေပြီး ဝတ်ထားတဲ့ အင်္ကျီလုံချည်တွေကလည်း ဟောင်းနွမ်းစုတ်ပြတ်နေပြီ။ သူ့ဆံပင်တွေကလည်း အုန်းဆန်ဖတ်ထဲ မြေနီတွေ သိပ်ထည့်ထားသလို နီကြောင်ပွရောင်းနေတယ်။ ခြေထောက်မှာလည်း ဖိနပ်တောင် မပါတော့ဘူး။ ဘတင့်က သူ့သူငယ်ချင်းတွေကို ‘သောက်လည်း သောက်ပြီးပြီလေ၊ စားလည်းစားပြီးပြီလေ’ ဆိုပြီး ကြွားဝါပြောဆိုနေတာကို လှခင် ကြားလိုက်ရတယ်။ ဘတင့်ရဲ့ဘဝက အရက်သောက်နိုင်တာ ထမင်းစားနိုင်တာလောက်ကိုပဲ အောင်မြင်မှု တစ်ခုအဖြစ် ဂုဏ်ယူနေရတဲ့ အဖြစ်မျိုးကို ရောက်နေပါပေါ့လား ဆိုတာကို လှခင်သိလိုက်ရတယ်။ နောက်ထပ်နှစ်နှစ်လောက် ကြာတဲ့အခါ လှခင် အရာရှိကြီးဘဝနဲ့ မွေးရပ်မြို့လေးကို နောက်တစ်ခေါက် ရောက်သွားတယ်။ အဲဒီအခါမှာတော့ ဘတင့်မရှိတော့ဘူး။ ဘယ်လိုကွယ်လွန်သွားလို့ ဘယ်သူတွေက ဘယ်လိုသဂြုႋဟ် လိုက်ကြရသလဲ ဆိုတာလောက်ကိုတောင် ဘယ်သူမှ သေသေချာချာ ရေရေရာရာ ပြန်မပြော နိုင်ကြတော့ဘူး။ တကယ်တော့ ဘတင့်ဟာ သင်တန်းတက်နေစဉ် ကာလအတွင်း ခွင့်မရ ရအောင်ယူပြီး မွေးရပ်မြို့လေးကို ပြန်လာခဲ့တာဖြစ်တယ်။ အဲဒီမှာ ငယ်စဉ်က ရန်ငြိုးရန်စ ရှိခဲ့ဖူးတဲ့ အဲဒီမြို့က အဲဒီတုန်းကအခေါ် ရာဇဝတ်အုပ်ကို သွားတွေ့ပြီး ‘မင်းကြပ်ကြပ် သတိထား နောက်လေးလကြာရင် မင့်ကိုငါ နားရင်းလာအုပ်ပြမယ်’ လို့ ကြိမ်းမောင်းခဲ့တာ ဖြစ်တယ်။ ရာဇဝတ်အုပ်လည်း စိုးရိမ်ပြီး ဘတင့် ဒီမြို့လေးမှာ နေထိုင်သွားစဉ်တုန်းက ဖြစ်ခဲ့ဖူးတဲ့ လက်နက်မှုကို ပြန်ရှာတယ်။ တွေ့တဲ့အခါမှာ ဘတင့်ဟာ ဒီလိုပြစ်မှုမျိုးကို ကျူးလွန်ခဲ့ဖူးသူ ဖြစ်ပါတယ်ဆိုပြီး အထက်ကို အမြန်စာတင်ပေးလိုက်တော့ အဲဒီအစီရင်ခံစာက သင်တန်းကျောင်းကို မဆိုင်းမတွ ရောက်လာခဲ့တော့တာပေါ့။ ဒါ့အပြင် အဲဒီအချိန်မှာ အဆဲအဆိုခံရတဲ့ ဆရာတွေ အများကြီးကလည်း ဝိုင်းတိုင်ထားကြတဲ့အချိန် ဖြစ်နေပြန်တော့ တိုတိုပြောရရင် ဘတင့် အာတီယူ ဖြစ်သွားခဲ့ရတော့တာပဲ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ အထက်ကပြောခဲ့တဲ့ Raging Bull ရုပ်ရှင်ဇာတ်ကားအကြောင်း ဆက်ပြောချင်ပါတယ်။ ဒီဇာတ်ကားဟာ ၁၀-၇-၁၉၂၁ ရက်နေ့မှာ ဖွားမြင်ခဲ့တဲ့ အမေရိကန် Middle weight လက်ဝှေ့ ချန်ပီယံ ‘ဂျိတ်လာမိုတာ’ (Jake La Motta) ရဲ့ အတ္ထုပ္ပတ္တိကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး လာမိုတာအဖြစ် Robert De Niro က သရုပ်ဆောင်ထားပါတယ်။ လာမိုတာမှာ ဘတင့်လိုပဲ လူတိုင်းမှာမရှိတဲ့ ထူးခြားတဲ့ အရည်အချင်း တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ အဲဒါကတော့ သူ့မေးရိုးမာသလို စိတ်ဓာတ်လည်းမာတဲ့ အရည်အချင်းပါပဲ။ သူ့မေးရိုးဟာ ဘယ်လောက်တောင် မာသလဲဆိုရင် လက်ဝှေ့ကြိုးဝိုင်းထဲမှာ အမှတ်နဲ့သာ ရှုံးနိမ့်ခဲ့ဖူးတာ ရှိပေမယ့် ကစ်ခါမှ ကြမ်းပြင်ပေါ် လဲကျလို့ ရှုံးခဲ့ရတယ်လို့ မရှိခဲ့ဖူးပါဘူး။ အဲဒီလို မေးရိုးမာသလို ကြိုးဝိုင်းထဲနဲ့ အပြင်လက်တွေ့ဘဝမှာ သူ့မေးရိုးလိုပဲ မာတဲ့ စိတ်ဓာတ်ကို လာမိုတာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ အောင်မြင်ကျော်ကြား လာရုံမက ငွေကြေးလည်း ချမ်းသာလာတယ်။ အများတကာပိုင်တဲ့ အရည်အချင်း တစ်မျိုးဖြစ်တဲ့ သဝန်တိုစိတ်ကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းတစ်မျိုး မရှိခဲ့လို့ သူ့ဘဝမှာ အလဲလဲအပြိုပြို တစ်ခါဖြစ်ခဲ့ဖူးပါသေးတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ အချိန်မီပြန်လည် တည့်မတ်နိုင်ခဲ့လို့ လာမိုတာရဲ့ဘဝဟာ ကြိုးဝိုင်းထဲမှာ ပျော်ရွှင်စရာ ကောင်းခဲ့သလို အသက် ၉၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အခုအချိန်ထိ အပြင်ဘဝမှာလည်း ကျန်းမာပျော်ရွှင်စွာနဲ့ နေနိုင်သေးတာ ဖြစ်ပါတယ်။
ဘတင့်မှာ လာမိုတာ့လိုပဲ ထူးခြားတဲ့ အရည်အချင်း တစ်ရပ်ရှိပေမယ့် ဒီအရည်အချင်းဟာ ကောင်းတဲ့အရည်အချင်း မဟုတ်သလို ဂုဏ်ယူစရာ ကင်းမဲ့တဲ့ အရည်အချင်း တစ်မျိုးလည်း ဖြစ်နေတယ်။ သင်တန်းတက်နေတုန်းက သင်တန်းကာလ တစ်ဝက်လောက် ရောက်ချိန်မှာ ဒီမကောင်းတဲ့ အရည်အချင်းကို စွန့်ပယ်ပြီး လာမိုတာလိုသာ ကိုယ့်ဘဝကို ကိုယ်ပြန်လည် တည့်မတ်နိုင်ခဲ့မယ်ဆိုရင် ဘတင့်ရဲ့ ဘဝဟာလည်း တစ်မျိုးတစ်ဖုံ ဖြစ်လာခဲ့မှာ အသေအချာပါပဲ။ ဒါပေမဲ့ ဒီမကောင်းတဲ့ အရည်အချင်းကြီးကို သံယောဇဉ် မဖြတ်နိုင်ဘဲ အဟုတ်အမှန်ထင်ပြီး သင်တန်းပြီးဆုံးတဲ့အထိ ဇွတ်ဖက်တွယ်နေခဲ့မိတဲ့ အတွက် ဘတင့်ရဲ့ ဘဝဟာ လာမိုတာရဲ့ ဘဝလို သက်ရှည်ကျန်းမာ ချမ်းချမ်းသာသာနဲ့ ဘဝခရီးကို မနှင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Most Read

Most Recent