ယူရတော့မယ့် တာဝန်တစ်ရပ်

ယူရတော့မယ့် တာဝန်တစ်ရပ်
သာပေါင်းမြို့ပေါ် ရပ်ကွက်များ ရေနစ်မြုပ်နေသည့် မြင်ကွင်း (ဓာတ်ပုံ - ရာဇာထွန်း)
သာပေါင်းမြို့ပေါ် ရပ်ကွက်များ ရေနစ်မြုပ်နေသည့် မြင်ကွင်း (ဓာတ်ပုံ - ရာဇာထွန်း)
Published 20 August 2016
ဒေါက်တာဖြိုးသီဟ

▬ ၁။ သဘာဝပတ်ဝန်းကျင် အရေးကြီးလားလက်ရှိ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ အကြီးစား ပြဿနာတွေထဲက တစ်ခုကတော့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုပါ။ ကမ္ဘာကြီး ပူနွေးလာတယ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတယ်၊ သစ်တောတွေ ပြုန်းတီးတယ်၊ ရေထု၊ လေထု ညစ်ညမ်းမှုတွေ ရှိလာတယ်။ လူဦးရေ ဆိုတာကလည်း ဒီအတိုင်း တန့်နေမှာ မဟုတ်ဘူး။ တိုးနေမှာ။ ခန့်မှန်းချက်အရဆို ၂၀၅၀ ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေဟာ ၉ ဒသမ ၆ ဘီလီယံ (သန်းပေါင်း ကိုးထောင့်ခြောက်ရာ) ရှိနေလိမ့်မယ်။ လက်ရှိ လူတွေ နေထိုင်ပြုမူနေတဲ့ ပုံစံအတိုင်းသာဆို အဲဒီလောက် လူဦးရေ ရှင်သန်ရပ်တည်ဖို့အတွက် ကမ္ဘာသုံးခုစာလောက် ရှိမှ လုံလောက်ပါမယ်တဲ့။ ဒါကြောင့် လူတွေအနေနဲ့ နောင်လာနောက်သားတွေအတွက် ရေရှည်တည်တံ့တဲ့ ကမ္ဘာကြီးကို ချန်ထားနိုင်ခဲ့ဖို့ ကိုယ့်ရဲ့ နိစ္စဓူ၀ အပြုအမူတွေကို ပြောင်းမှရတော့မယ် ဆိုပြီး တိုက်တွန်းလာ၊ ပြောလာ၊ လှုပ်ရှားမှုတွေ လုပ်လာကြတာပဲ ဖြစ်ပါတယ်။အစိုးရတွေကလည်း ကတိကဝတ်တွေ ပေးလာရတယ်။ စီးပွားရေး လုပ်ငန်းတွေလည်း အရင်လို အကျိုးအမြတ် (Profit) ကိုချည်း ကြည့်လို့ မရတော့ဘူး၊ ကမ္ဘာမြေ (Planet) အပေါ်မှာပါ တာဝန်ခံလာရတယ်။ Globalization ခေတ်မှာ (Global citizen) တစ်ယောက်ဖြစ်ဖို့ လူတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေထဲမှာလည်း လူမှုရေး တာဝန်သိမှု (Social responsibility) ဆိုတာ ပါလာတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ဆိုလည်း သဘာဝပတ်ဝန်းကျင်ကို ဇောင်းပေးလာရတယ်။ ဒါက လက်ရှိ ကမ္ဘာကြီးရဲ့ အခြေအနေ။ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုလည်း ကြည့်လိုက်ပါ။ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရေကြီးရေမြုပ်တာတွေ နိုင်ငံ အနှံ့အပြားမှာ ဖြစ်နေတာ ဒီနှစ်နဲ့ဆို နှစ်နှစ် ရှိပါပြီ။ အင်မတန်မှလည်း ပျက်စီးဆုံးရှုံးမှုများပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေလို့ အရှိန်အဟုန်နဲ့ ကြိုးစား လုပ်ဆောင်ကြရတော့မယ့် အချိန်မှာ ဒီလို ပြဿနာတွေက တိုးတက်မှုကို နောက်ပြန်ဆွဲနေသလိုပါပဲ။ နောက်ပြီး ခုချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံး စာရင်းမှာတင် မကတော့ဘဲ သဘာ၀ ဘေးအန္တရာယ် အကြုံတွေ့ရနိုင်ဆုံး၊ အထိခိုက်နိုင်ဆုံး နိုင်ငံတွေထဲမှာလည်း ထိပ်နား တော်တော်ရောက်နေပြီ။ ဒါကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဟာ ကမ္ဘာမှာသာမက မြန်မာမှာပါ အရေးကြီးကိစ္စတစ်ရပ် ဖြစ်လာခဲ့ပါပြီ။ 
 
▬ ၂။ သဘာဝပတ်ဝန်းကျင်နဲ့ ဆင်းရဲမှုဆင်းရဲမွဲတေမှုနဲ့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုက အပြန်အလှန် ဆက်စပ်တယ်။ ဆင်းရဲတဲ့နိုင်ငံတွေနဲ့စာရင် ချမ်းသာတဲ့နိုင်ငံတွေက သူတို့ရဲ့ စက်မှုလုပ်ငန်းတွေ၊ လူတွေရဲ့ လူနေမှုပုံစံတွေကြောင့် ကာဗွန်ထုတ်လွှတ်မှုပိုများလို့ သဘာဝပတ်ဝန်းကျင် ပိုပျက်စီးတယ်လို့ အရင်တုန်းက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ ဆင်းရဲတဲ့ နိုင်ငံတွေမှာလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ တွေ့လာရတယ်။ ဆင်းရဲတော့ ပညာရေး အားနည်းတယ်။ ဒီတော့ ကုန်ကြမ်းကိုပဲ အားစိုက်ထုတ်ရတယ်။ (Value added) မလုပ်နိုင်ဘူး။ အကျင့်ပျက် ခြစားမှုတွေကလည်း ရှိတတ်တော့ သဘာ၀ အရင်းအမြစ်တွေကို မထိန်းသိမ်းနိုင်ဘူး၊ ခပ်လွယ်လွယ် ချရောင်းတယ်။ တစ်ဖက်မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းတဲ့အခါ (မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီမှု အားနည်းတဲ့အခါ) လူဦးရေတိုးပွားမှု (population growth) ကလည်း အရမ်းများတယ်။ ဒီတော့ စားသုံးသူဦးရေကလည်း များလာတယ်။ ပြောရရင် ဆင်းရဲတဲ့ နိုင်ငံတွေမှာ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုဟာ ချမ်းသာတဲ့ နိုင်ငံတွေထက် မသာတောင် မလျော့ဘူး။ ကမ္ဘာပေါ်မှာ သဘာ၀ ပတ်ဝန်းကျင် အပျက်စီးဆုံး၊ အထိခိုက်ဆုံး နိုင်ငံတွေကို ကြည့်လိုက်ရင် ဆင်းရဲတဲ့နိုင်ငံ၊ အုပ်ချုပ်မှုစနစ် မကောင်းတဲ့နိုင်ငံ၊ ပညာရေးနိမ့်ကျတဲ့ နိုင်ငံတွေက ထိပ်ပိုင်းရောက်နေတာ တွေ့ရပါလိမ့်မယ်။ နောက်ပြီး ဆင်းရဲတဲ့ အခါကျတော့ တစ်နေ့တစ်နေ့ ကိုယ့်အသက်ရှင်ရပ်တည်ရေး (Survival) အတွက်ပဲ ကြိုးစား ရုန်းကန်နေရတယ်။ ဒီအခါမှာ သဘာ၀ ပတ်ဝန်းကျင်ဆိုတာတွေ၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရမယ် ဆိုတာတွေ မသိနိုင်တော့ဘူး၊ သွားပြောလည်း စိတ်မဝင်စားတော့ဘူး၊ သိလည်း လိုက်နာဖို့ ခက်တယ်လေ။ ပေါ်လစီတွေ ချမှတ်တဲ့ အခါမှာလည်း သူတို့ရဲ့အသံ၊ သူတို့ရဲ့ ပူးပေါင်းပါဝင်မှု ရဖို့ခက်လာတယ်။ ဒါက ဆင်းရဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိတဲ့အပိုင်း။နောက်တစ်ပိုင်းက သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းက ဆင်းရဲမှုကို ပိုဆိုးစေတယ် ဆိုတာပါပဲ။ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အခါ ဆင်းရဲတဲ့သူတွေ ပိုခံရတယ်။ ခု ကျွန်တော်တို့ဆီမှာ ရေကြီးတယ်ဆိုလည်း ဘယ်သူတွေ အရင်ဆုံးထိလဲဆို ဆင်းရဲတဲ့သူတွေ အရင်ဆုံးထိတယ်၊ ခံရတယ်။ ဒီအခါမှာ ဆင်းရဲချမ်းသာ ကွာဟလာတယ်။ လူမှုရေး မတည်မငြိမ် ဖြစ်လာတယ်၊ ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်ဖို့ဆိုတာ ပိုပို အလှမ်းဝေးလာတယ်။ ဆင်းရဲခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ကောင်းကောင်းမစားရတော့ အာဟာရ နည်းမယ်၊ ကလေးသေနှုန်း များမယ်၊ ကျန်းမာရေး၊ ပညာရေးစတဲ့ အခြေခံ ဝန်ဆောင်မှုတွေ လက်လှမ်းမမီတော့ဘူး။နိုင်ငံနဲ့ချီ စဉ်းစားမယ်ဆိုလည်း တိုးတက်တဲ့နိုင်ငံတွေမှာ ဒီလိုဘေးတွေ မဖြစ်ဘူးလား ဆိုတော့ မဟုတ်ဘူး၊ ဖြစ်တယ်။ ဒါပေမဲ့ ချမ်းသာတယ်၊ တုံ့ပြန်ဆောင်ရွက်ဖို့ အစီအမံ ကောင်းကောင်းတွေ ရှိတယ်၊ တတ်ကျွမ်းနားလည်သူတွေ ရှိတယ်ဆိုတဲ့ အခါကျတော့ ကြိုတင်ပြင်ဆင်နိုင်တယ်၊ ဆုံးရှုံးမှု နည်းတယ်။ တွေ့ရှိချက်တွေ အရတော့ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ ဘေးအန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရရင် ဆုံးရှုံးရတဲ့ ပမာဏဟာ ဖွံ့ဖြိုးပြီး တိုင်းပြည်တွေရဲ့ ဆုံးရှုံးမှုထက် အဆ ၂၀ ပိုများပါတယ်။ ဒါကိုကြည့်ရင် သဘာဝဘေးအန္တရာယ်တွေဟာ ဆင်းရဲမှုကို ဘယ်လောက်ထိ ပိုဆိုးသွားစေနိုင်သလဲ အလွယ်တကူ သိနိုင်ပါတယ်။ 
 
▬ ၃။ သဘာဝပတ်ဝန်းကျင်ကို ဘာလို့ ဂရုမစိုက်သလဲသဘာ၀ ပတ်ဝန်းကျင်နဲ့ ပတ်သက်ရင် ကမ္ဘာမှာတော့ တော်တော်လေး သတိပြုမိလာကြတယ်။ ဒါပေမဲ့ လက်တွေ့လုပ်ဆောင်မှုတွေတော့ အားနည်းနေတုန်းပဲ။ ကျွန်တော်တို့ဆီမှာကတော့ ပိုဆိုးတာပေါ့။ ဘာလို့လဲ စဉ်းစားကြည့်တော့ အကြောင်းရင်းသုံးခု သတိထားမိတယ်။ပထမ အကြောင်းရင်းက အကျိုးသက်ရောက်မှု (Impact) က မြင်သာထင်သာ မရှိဘူး။ ယာဉ်စည်းကမ်းဖောက်ဖျက်မိတယ် ဆိုပါစို့၊ ခုချက်ချင်းကို ယာဉ်တိုက်မှုဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ်လည်း ရဲကဖမ်းမယ်။ အရေးယူ ခံရမယ်။ ဒါကျတော့ အဲဒီလို ချက်ချင်း မဖြစ်ဘူး။ ကိုယ်အခု ပလတ်စတစ်အိတ်ကို လွှင့်ပစ်လိုက်တယ်၊ ရေတွေ မလိုအပ်ဘဲ ဖွင့်ချထားတယ်၊ သစ်တွေ ခုတ်လိုက်တယ်။ ချက်ချင်း ဘာမှမဖြစ်ဘူး။ ဘယ်သူကမှလည်း အရေးမယူဘူး။ ကာလတစ်ခု ကြာတော့မှသာ အကျိုးဆက်က ထင်ရှားလာတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အနေနဲ့ ကိုယ့်လုပ်ရပ် သေးသေးလေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အဆက်အစပ်ကို မြင်နိုင်ဖို့ လိုတယ်။ ကိုယ့်အမူအကျင့်လေးတွေ ပြောင်းလဲနိုင်ဖု့ိလည်း လိုတယ်။ သစ်ခုတ်တာလို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် စီမံကိန်းမျိုး အတွက်တော့ အစိုးရကလည်း ဒါကို အရေးကြီးကြောင်း လက်ခံထားဖို့ လိုမယ်။ဒုတိယ အကြောင်းရင်းကတော့ တာဝန်ခံစရာ မလိုတာပဲ။ ခုနကလို ကားတိုက်သွားမယ်ဆိုရင် လျော်ရမယ်၊ အရေးယူခံရမယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးလို့ တာဝန်ခံရမယ်၊ ဘယ်သူ့မှာ တာဝန်ရှိလဲဆို ဘယ်သူ့မှာမှ မရှိဘူးဘဲ ငြင်းကြလိမ့်မယ်။ ဖတ်ခဲ့ရဖူးတဲ့ နာမည်ကျော် ကာတွန်းပညာရှင် ဆရာတစ်ယောက်ရဲ့ ကာတွန်းလို ရေကြီးမှုအတွက် ဘယ်ရေတစ်စက်မှ သူတို့မှာ တာဝန်ရှိတယ် ပြောကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီ ရေစက်တွေ ပေါင်းပြီးပဲ ရေကြီးခဲ့ရတာလေ။ ပြောမှာပဲ၊ ကျွန်တော် ခုတ်တဲ့သစ်က နည်းနည်းလေး၊ ကျွန်မတို့က ပလတ်စတစ်အိတ်လေး ဒီလိုပဲ ပစ်ချလိုက်တာ။ အဲဒါလေးတွေ အားလုံးပေါင်းလိုက်တော့ ခုလို သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်လာရတော့တာပဲ။ ဒါကြောင့် ကျွန်တော်တို့တွေဟာ ကိုယ့်လုပ်ရပ်တိုင်းရဲ့ အကျိုးဆက်ကို မြင်ဖို့လိုတယ်၊ တာဝန်ယူတတ်ဖို့ လိုတယ်၊ လူမှုရေး တာဝန်သိတယ် ဆိုတာကို ဂုဏ်ယူတတ်ဖို့ လိုတယ်။နောက်ဆုံး အကြောင်းရင်းကတော့ ကိုယ့်ကို တိုက်ရိုက် လာမထိတာပဲ။ ရှေ့မှာ ပြောခဲ့သလို၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်လို့ ဘေးအန္တရာယ်တွေ ဖြစ်ပြီဆို ဘယ်သူတွေ အရင်ဆုံးထိလဲ၊ ဆင်းရဲတဲ့သူတွေ အရင်ဆုံး ထိတယ်။ ဒီတော့ တကယ်ပျက်စီးအောင် လုပ်ခဲ့တဲ့ သူတွေက ခပ်အေးအေးပဲ၊ အလှူအတန်းတွေတောင် ဂုဏ်ယူစွာနဲ့ ပြန်လုပ်လိုက်ကြသေးတယ်။ ဒါပေမဲ့ အဓိက တာဝန်ရှိသူက သူတို့တွေ။ စဉ်းစားကြည့်ပါ၊ ဖြစ်သင့်ရဲ့လား။ တာဝန်ကင်းတယ် ထင်ရဲ့လား။ တရားမျှတမှု ရှိတယ်လို့ရော ထင်ပါရဲ့လား။နောက်တစ်ချက်က ကိုယ့်တော့ တိုက်ရိုက် မထိပေမယ့် တွေးကြည့်ရင် တိုင်းပြည် အနေနဲ့တော့ အများကြီး ဆုံးရှုံး နစ်နာသွားရတယ်။ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေ၊ ပိုင်ဆိုင်မှုတွေ၊ လုပ်အားတွေ၊ ကလေးတွေ ပညာသင်ဖို့ ခက်သွားတယ်၊ အလုပ်အကိုင်တွေ ဆုံးရှုံးကုန်တယ်။ လူတစ်စု အကျိုးအမြတ်ရဖို့ လူပေါင်းများစွာက အများကြီး ဆုံးရှုံးလိုက်ရသလို ဖြစ်နေတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုတာ လုပ်သင့်တဲ့ လုပ်ထိုက်တဲ့ လူမှုရေးကိစ္စ (Social issue) ဖြစ်သလို၊ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုတွေ နည်းလာအောင် လုပ်သင့်တဲ့ (Efficiency issue) တစ်ခုလည်း ဖြစ်တယ်။ 
 
▬ ၄။ ကျွန်တော်တု့ိ ဘာလုပ်ကြမလဲအရင်ဆုံးတော့ ကိုယ့်ရဲ့ အမူအကျင့်လေးတွေကို စပြောင်းလဲရပါမယ်။ မလိုအပ်ဘဲ ဖြုန်းတီးနေတာတွေ လျှော့ရမယ်။ ရေတွေ၊ မီးတွေ မလိုအပ်ဘဲ ဖွင့်မထားဖို့၊ အမှိုက်တွေ အလွယ်တကူ မစွန့်ပစ်ဖို့၊ ဒါမျိုးတွေပေါ့။ အချင်းချင်း အသိပညာပေးဖို့လည်း လိုပါလိမ့်မယ်။နောက်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အစိုးရရဲ့ စီမံကိန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကို စောင့်ကြည့်ဖို့၊ တွန်းအားပေးဖို့လည်း လိုမယ်။ အာဏာရှင်နိုင်ငံတွေမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပိုများတတ်တာ အကြောင်းမဲ့ မဟုတ်ဘူး။ ပြည်သူတွေက ပြောခွင့် မရကြလို့၊ သဘာ၀ အရင်းအမြစ်တွေကို အာဏာရှင်တွေက သူတို့ပိုင်တဲ့အတိုင်း ပြုမူသွားကြလို့၊ ပွင့်လင်းမြင်သာမှု မရှိလို့။ ဒီမိုကရေစီ ဆိုတာကတော့ ပြည်သူ့အသံကို နားထောင်ရတယ်၊ ပြည်သူ့ဆန္ဒကို ဦးစားပေးရတယ်၊ အကောင်အထည် ဖော်ရတယ်၊ ဒီလို စနစ်ကောင်းကောင်း ရှိတဲ့အခါ သဘာ၀ ပတ်ဝန်းကျင်ကို ပိုပြီး ထိန်းသိမ်းနိုင်တယ်။ ပြည်သူတွေရဲ့ (Check & Balance) က တစ်ဆင့်ပေါ့။ စီးပွားရေးလုပ်ငန်း ဆိုတာကတော့ (Demand) ဆိုတဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး (Supply) လုပ်ရတာ။ ဒါကြောင့် (Demand) လုပ်နေတဲ့ ပြည်သူတွေမှာ သူတို့ကို ပြောင်းလဲပစ်နိုင်တဲ့ ပါဝါ ရှိတယ်။ ဒါတွေကို ပြည်သူတွေက အသုံးချနိုင်ဖို့ လိုမယ်။ဒါဟာ နိုင်ငံသားတစ်ယောက် အနေနဲ့ ဆိုလည်း ကိုယ့်နိုင်ငံတိုးတက်ဖို့၊ သဘာဝဘေးအန္တရာယ်တွေ နည်းပါးဖို့၊ စီးပွားရေး၊ လူမှုရေး တိုးတက်ဖို့ လုပ်ဆောင်သင့်တဲ့ နိုင်ငံရေး တာဝန် ဖြစ်သလို၊ ကမ္ဘာနိုင်ငံသားတစ်ယောက် အနေနဲ့လည်း ကမ္ဘာမြေ အရှည်တည်တံ့ဖို့၊ နောက်မျိုးဆက်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်တွေ ချန်ထားခဲ့နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ လူမှုရေးတာဝန် တစ်ရပ်လည်းပဲ ဖြစ်ပါတယ်။ နှမ်းတွေအများကြီး ပေါင်းစပ်လိုက်တဲ့ အခါကျမှ ဆီဆိုတာ ဖြစ်လာတာပါ။ နှမ်းတစ်စေ့တည်းနဲ့တော့ ဆီမဖြစ်ပါဘူး။ ဒါသေချာပါတယ်။ ဒီထက်ပိုသေချာတာက ကိုယ့်ကိုယ်ကိုယ် နှမ်းလေးတစ်စေ့ပါပဲလို့ သတ်မှတ်ထားတဲ့ နှမ်းတွေနဲ့တော့ ပိုလို့တောင် ဆီမဖြစ်ပါဘူး။ ရေကန်ထဲကို ကျောက်ခဲလေးတစ်လုံး ကျသွားတဲ့အခါ ဝဲဂယက်လေးတွေ ထသွားပါတယ်။ ကျောက်ခဲက ကြီးလေလေ ဝဲဂယက်ကလည်း ကြီးလေလေပါပဲ။ ရေကန်ရဲ့ ဒီနေရာမှာ ကျောက်ခဲတစ်လုံး၊ ဟိုနေရာမှာ ကျောက်ခဲတစ်လုံး၊ ဒီလိုနဲ့သာ ကျောက်ခဲတွေအများကြီး တစ်ပြိုင်နက်တည်း ရေကန်ထဲ ရောက်သွားကြမယ်ဆိုရင် အဲဒီခဲလေးတွေကြောင့် ထွက်ပေါ်လာတဲ့  ဝဲဂယက်လေးတွေကလည်း တစ်ခုနဲ့တစ်ခု ဆက်မိပြီး ရေကန်ကြီးတစ်ခုလုံး ဝဲဂယက်တွေ ထကုန်မှာပါ။ ဒီဥပမာအတိုင်းပါပဲ။ တစ်ဦးတစ်ယောက်ရဲ့ စစ်မှန်တဲ့ခံယူချက်၊ စေတနာ၊ တက်ကြွမှုနဲ့ အသိပညာတွေဟာ သူရဲ့ ကိုယ်ပိုင်ဥစ္စာ ဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်း ပြန့်ပွားတတ်၊ ကူးစက်သွားတတ်တဲ့သဘော ရှိပါတယ်။ခုချိန်ဟာ အားလုံးပါဝင် ကြိုးစားမှရမယ့် အချိန်ပါ။ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ဘူးလို့ မတွေးကြတော့ဘဲနဲ့ ကျယ်ပြောလှတဲ့ ရေကန်ကြီးမှာ ဝဲဂယက်တွေ အများကြီးပဲ ထသွားစေနိုင်တဲ့ ခဲလုံးတစ်လုံးအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြီး အားလုံးဝိုင်းကြိုးပမ်းကြဖို့ လိုနေပါပြီ။(Ref: Inequality and Environmental Policy by Joseph E. Stiglitz)

Most Read

Most Recent