လွန်ခဲ့တဲ့ဆယ်စုနှစ် ငါးစုမက အိမ်နီးချင်းနိုင်ငံတွေမှာ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်မှာ သဘာဝဘေးအန္တရာယ် ရေဘေးသင့်ခဲ့တာကို၊ ပြည်သူတွေ ဒုက္ခဖြစ်ခဲ့ကြရတာကို ကြားခဲ့မြင့်ခဲ့ရပြီး ကျွန်တော်တို့တစ်တွေက လူသားချင်း စာနာစိတ်နဲ့ စုတ်သပ်ခဲ့ကြ သနားခဲ့ကြတာပေါ့။
မနှစ်ကရေကြီးတယ်။ ဧရာဝတီချင်းတွင်းမြစ်ရိုးတလျှောက်က မြို့ရွာတွေကစလို့ အထက်မြန်မာပြည်ကနေ အောက်ပိုင်းဧရာဝတီ မြစ်ဝကျွန်းပေါ်အထိ ပြည်သူတွေ သိန်းနဲ့ချီပြီး ဒုက္ခရောက်ခဲ့ကြတယ်။ မကွေးတိုင်းထဲမှာလည်း ထူးထူးခြားခြား အပျက်အစီးတွေ များခဲ့ကြတယ်။
ဒီနှစ် ထပ်ရေကြီးတယ်။ ပြည်သူတွေ ထပ်ဒုက္ခရောက်ကြပြန်တယ်။
မနှစ်က ဒီအချိန်မှာ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ရန်ကုန်မြို့ရဲ့ လမ်းဆုံလမ်းခွတိုင်းမှာ ပရဟိတအဖွဲ့တွေ အုတ်အုတ်ကျက်ကျက်နဲ့ပေါ့။ အရပ်သားတွေ၊ ကျောင်းသားတွေပါတဲ့ ပရဟိတ အုပ်စုတွေက များမှ များ။
ဒီနှစ်ရေဘေးအတွက် အလှူငွေကောက်တာတွေ တွေ့နေရပါသေးတယ်။ ဒါပေမဲ့ ကျိုးတိုးကျဲတဲပါပဲ။ ရေဘေးက သိပ်မကြီးဘူးလို့ ထင်ကြတာလား။ အစိုးရသစ်အပေါ် ယုံကြည်လိုက်ကြဟန် တူတာလား။ ဒါမှမဟုတ် ပရဟိတသမားအများစုရဲ့ စိတ်ခံစားချက်က အရှိန်ကျသွားတာလားတော့ ကျွန်တော်လည်း မပြောတတ်ပြီ။
ကဲ စဉ်းစားကြည့်ကြရအောင်။ မနှစ်က ရေဘေးဖြစ်ခဲ့တယ်။ ဒီနှစ် ရေဘေးဖြစ်နေတယ်။ နောက်နှစ် ရေဘေး ဆက်ဖြစ်လိမ့်မယ်။ နောက် ငါးနှစ် ရေဘေးဆက်ဖြစ်သွားမယ်။ နောက် ခုနစ်နှစ် ရေဘေးဆက်ဖြစ်မယ် ဆိုခဲ့ရင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ဘာတွေ ပြင်ဆင်သင့်ပြီလဲ။ ကျွန်တော်တို့ ဘယ်လိုပြဿနာမျိုးကို ရင်ဆိုင်နေကြရတာလဲ။ တွေးဆသင့်ပါပြီ။
လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော် တောပြုန်း၊ တောင်ပြိုနှင့် သဘာဝပတ်ဝန်းကျင်ကို အတိုင်းအဆမရှိ ဖျက်ဆီးခဲ့သလို ဖြစ်ခဲ့ခြင်း သို့တည်းမဟုတ် အထိန်းအကွပ်မဲ့ သယံဇာတများ ထုတ်လုပ်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာအဖြစ် ကျွန်တော်တို့အမိမြေမှာ သယံဇာတကျိန်စာ စပြီး သင့်နေပြီလားဆိုတဲ့ အချက်ကို စဉ်းစားကြဖို့ လိုလာပါပြီ။
ဒီကျိန်စာကို ကုဖို့၊ ကုစားဖို့လုပ်ရမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာက လူအင်အား၊ ငွေအင်အား ဘယ်လောက်သုံးသုံး နှစ်ရှည်ကုစားရတဲ့ နာတာရှည် ကျန်းမာရေးပြဿနာနဲ့ အလားတူတာမို့ ပုံမှန် အနေအထားတစ်ခုကိုရောက်ဖို့ ဆယ်စုနှစ်များစွာ ကြိုးစား စောင့်ဆိုင်းကြရမှာ အသေအချာပါ။
အဲဒီကြားကာလ ဆယ်စုနှစ်တွေမှာ နှစ်စဉ်ဖြစ်ပေါ်လာနိုင်တဲ့ ဒီကပ်ဘေး ဒုက္ခတွေကို ပြည်သူတွေနဲ့ နိုင်ငံတော်က ခါးစည်းပြီး ခံကြရမှာပါ။
ပရဟိတ အဖွဲ့တွေဆိုတာ နိုင်ငံတော်အစိုးရမှာ အခက်အခဲ အကျပ်အတည်းဖြစ်နေချိန် ကိုယ့်သွေးချင်းတွေကို ကူညီဖို့၊ ကိုယ့်နိုင်ငံသားတွေကို ထူမဖို့ စေတနာအလျောက် ဝါသနာတူသူတွေ စုဖွဲ့ကူညီတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့လေးတွေပါပဲ။ သူတို့မှာ တာဝန်မရှိပါဘူး။ သူတို့မှာ အင်အားကလည်း အကန့်အသတ်ရှိနိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ နိုင်ငံတော်အဆင့် ဖြစ်တဲ့အခါတိုင်း တာဝန်ယူဖြေရှင်းရမှာက နိုင်ငံတော်အစိုးရပါ။ ဘယ်ပါတီက တက်လာတဲ့အစိုးရပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရရဲ့ တာဝန်ပါ။
ဖြစ်လာမှကုစားတာထက် မဖြစ်ခင်ဖြစ် လာမယ့်အနေအထားကို ကြိုတင်တွက်ချက် ပြင်ဆင်ထားရမှာကလည်း နိုင်ငံတော်အစိုးရရဲ့ တာဝန်ပါ။ တာဝန်ရှိသော်လည်း ပျက်စီးမှုများတဲ့အခါ နှစ်စဉ်လိုဖြစ်လာတဲ့အခါ လိုအပ်တဲ့အင်အား၊ လုံလောက်တဲ့အင်အား (စီမံမှု၊ ဆက်သွယ်မှု၊ ကျွမ်းကျင်မှု၊ နည်းပညာ နဲ့ ပစ္စည်းအင်အား၊ လူအင်အား၊ ငွေအင်အား) နိုင်ငံတော်မှာ ရှိချင်မှရှိပါလိမ့်မယ်။ ရှိတဲ့အခါရှိသလို ကိုယ့်အင်ကိုယ့်အား ကိုယ့်ဘတ်ဂျက်နဲ့ဖြေရှင်းရမှာဖြစ်သလို မရှိတဲ့အခါ မလုံလောက်တဲ့အခါ ပြင်ပအကူအညီ လိုအပ်လာနိုင်ပါတယ်။
အဲဒီအခါမျိုးမှာ လိုအပ်ရင် နိုင်ငံတကာအကူအညီ တောင်းခံရတာမျိုး လုပ်ကောင်း လုပ်ရပါလိမ့်မယ်။ ဘယ်လိုမျိုးတောင်းရမယ်။ ဘယ်လိုမျိုးတောင်းသင့်တယ်။ ဘာတွေ တောင်းသင့်တယ်။ ဘယ်အခြေအနေမျိုးမှာ တောင်းရမယ်ဆိုတာမျိုးလည်း ကြိုတင်စဉ်းစားဖို့ လိုပါလိမ့်မယ်။
အရင်အစိုးရအဆက်ဆက်ကတော့ ကိုယ့်နိုင်ငံမှာ ဒုက္ခဖြစ်နေတာကို သူတစ်ပါးသိအောင် ထုတ်ပြောဖို့ ဝန်လေးတတ်ကြပါတယ်။ အကယ်၍ သူတစ်ပါးတွေကသိလို့ ကူညီချင်တာကိုတောင်မှ ကူညီခွင့်ပေးဖို့ ဝန်လေးခဲ့ကြပါတယ်။
အခုအစိုးရကတော့ ပြည်သူတွေတင်မြှောက်ထားတဲ့ အစိုးရမို့ အခုနှစ်နှစ်ဆက်ဖြစ်ပေါ်လာတဲ့ ရေဘေးကိစ္စမှာ ရေတိုပြဿနာလား၊ ရေရှည်ပြဿနာလားဆိုတာကို သေချာ စဉ်းစား ဆောင်ရွက်ပေးမှာပါလို့ ယုံကြည်ကိုးစား မျှော်လင့်ချက်ထားလျက်ပါ။
Disaster Contingency Pla တွေ ဟာလည်း သက်ဆိုင်ရာရုံး ဘီဒိုတွေထဲကနေ အောက်ခြေပြည်သူတွေနဲ့အတူ လက်တွေ့ လေ့ကျင့်မှုတွေဆီထိ ရောက်သင့်နေပါပြီ။
ကျွန်တော်တို့ သယံဇာတကျိန်စာသင့်နေပြီလား
Most Read
Most Recent
8 hours ago










