အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံများ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အရှေ့တောင်အာရှဒေသ နိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးကို နိုးနိုးကြားကြား စောင့်ကြည့်ကြမည်ဖြစ်သည်။ ပုံမှန်ဆက်ဆံရေးမှ အထူးဆက်ဆံရေးပုံစံသို့ ပြောင်းလဲလျက် ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်နိုင်မည့် မဟာဗျူဟာဆက်ဆံရေး ပုံစံသစ်ကို အမြန်ဆုံးဖော်ဆောင်နိုင်ရေး ရှေးရှုနေသည့် တရုတ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာဗျူဟာမြောက် ယုံကြည်မှုနှင့် နားလည်မှု တည်ဆောက်မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ အဆိုပါခရီးစဉ်တွင် အမျိုးသားအကျိုးစီးပွားဟု ဆိုနိုင်သည့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးစီးပွားကို ရှေးရှုလျက် နယ်ပယ်ပေါင်းစုံ၌ တန်းတူရည်တူ၊ အကျိုးတူဖော်ဆောင်နိုင်ရန် အရေးကြီးသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီခဲ့ချန်၏ ဖိတ်ကြားမှုအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၂၀၁၆ ခုနှစ် သြဂုတ် ၁၇ ရက်မှ သြဂုတ် ၂၁ ရက်အထိ ငါးရက်ကြာ ချစ်ကြည်ရေး အလည်အပတ်ခရီး လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေးတွင် အထူးအရေးပါသည့်အပြင် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်သွယ်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်လာနိုင်ဖွယ်ရှိသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်ကို တရုတ်ခေါင်းဆောင်များက အလွန်အမင်း အလေးထားကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာ ဝန်ကြီး၏ ရှေ့ပြေးခရီးစဉ်က သက်သေပြုလျက်ရှိသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဝန်ကြီး မစ္စတာဆုန့်ထောင်း (Mr. Song Tao) သည် ၂၀၁၆ ခုနှစ် သြဂုတ် ၁၀ ရက်ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၄ ရက်အထိ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်အတွင်း အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် လာရောက်ခဲ့သော ခရီးစဉ်ဖြစ်သည့်အလျောက် အရေးကြီးသော ခရီးစဉ်တစ်ခုဟု သတ်မှတ်နိုင်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဝန်ကြီးသည် သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရင့် သံတမန်ကြီးတစ်ဦးလည်း ဖြစ်နေပြန်ရာ ဒေါ် အောင်ဆန်းစုကြည်၏ ခရီးစဉ်မတိုင်မီ ရှေ့ပြေးလာရောက်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ အထူးကိုယ်စားလှယ်အလား အရေးပါသည်ဟု သုံးသပ်နိုင်သည်။
နိုင်ငံတကာရေးရာဝန်ကြီး မစ္စတာဆုန့်ထောင်း (Mr. Song Tao) ၏ သြဂုတ် ၁၀ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ခြင်းမှာ ထူးခြားသည်ဟု သုံးသပ်နိုင်သည်။ ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နှင့် ဝန်ကြီးအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ပထမဆုံးအကြိမ် တရားဝင ်လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည့်အပြင် အဆိုပါသတင်းကို နေ့မကူးမီ တရုတ်သတင်းမီဒီယာများက ထုတ်ပြန်ခဲ့သည်မှာလည်း စိတ်ဝင်စားစရာ ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဝန်ကြီးနှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးတို့အကြား တွေ့ဆုံမှုသည် သံခင်းတမန်ခင်းအရ စိတ်ဝင်စားဖွယ်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် လတ်တလော မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး၏ အရေးပါ အရာရောက်မှုနှင့် အခန်းကဏ္ဍကိုသွယ်ဝိုက်၍ လူသိရှင်ကြား အသိအမှတ်ပြုလိုက်သည့်သဘော သက်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသည် အစိုးရ၏ နိုင်ငံခြားဧည့်သည်တစ်ဦးကို ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့ဆုံခဲ့မှုလည်း ဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးတွင် ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေသည် သော့ချက်ကျနေဆဲ၊ အရေးပါနေဆဲဟု တရုတ်ခေါင်းဆောင်များက ကောက်ချက်ပြုခဲ့ပုံရပြီး အဆိုပါတွေ့ဆုံမှု၏နောက်ကွယ်တွင် အကျိုးစီးပွား ဆက်စပ်မှုများ မြင့်မားနေနိုင်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေအကြား တွေ့ဆုံ ဆွေးနွေးခဲ့မှုကလည်း တွန်းအား ဖြစ်စေခဲ့ပုံရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအနေဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို အထောက်အကူပြုခဲ့သည့်အပြင် မြန်မာ့နိုင်ငံရေး ရှေ့ခရီးအတွက်လည်း အရေးပါသော တွေ့ဆုံမှုဖြစ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက သုံးသပ်ခဲ့သည်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးတွင် ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေသည် သော့ချက်ကျ၊ အရေးပါခဲ့သည်ဟု သုံးသပ်မှုများ မြင့်မားခဲ့သည့်အပြင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးအနေဖြင့် တပ်မတော်အရာရှိကြီးများနှင့် အရာရှိကြီးဟောင်းများအပေါ် သြဇာနှင့်အရှိန်အဝါ ရှိနေဆဲဟု မှတ်ချက်ပြုသံများလည်း မြင့်မားခဲ့သည်။
သြဂုတ် ၁၄ ရက်တွင် ပြီးဆုံးခဲ့သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဝန်ကြီး မစ္စတာဆုန့်ထောင်း (Mr. Song Tao) ၏ ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ်အတွင်း မစ္စတာဆုန့်ထောင်း (Mr. Song Tao) သည် သြဂုတ် ၁၁ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကိုလည်းကောင်း၊ သြဂုတ် ၁၂ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သြဂုတ် ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ခေါင်းဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များသည် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံလေ့ရှိခဲ့သော်လည်း နိုင်ငံတကာရေးရာဝန်ကြီး မစ္စတာဆုန့်ထောင်း (Mr. Song Tao) သည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံခဲ့ခြင်း မရှိသည်မှာ ထူးခြားသည်ဟု သုံးသပ်နိုင်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကြာပန်း ပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့သည်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ တရုတ်ခေါင်းဆောင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အသေးစိတ်ကအစ အထူးအလေးထားလျက်၊ ဆက်ဆံရေးမျက်နှာစာ ဖွင့်လှစ်နေသည်မှာ သိသာမြင်သာသည်။ တရုတ်ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ပူးကပ်လျက် ဗျူဟာမြောက် ထိန်းချုပ်နိုင်ရေး လမ်းဖောက်နေပြီလား စဉ်းစားစရာဖြစ်သည်။ လာမည့် သြဂုတ် ၁၇ ရက် တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင် ကြီး၊ ငယ်၊ လတ်တို့သည် ဒေါ်အောင်ဆန်းစုကြည်အား ဗျူဟာမြောက် ပူးကပ်လျက် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဘက် ဦးတည်သည့် ပူးပေါင်းဆောင်ရွက်မှုများ၊ စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကို အခြေခိုင်ခံ့အောင် ပြုလုပ်နိုင်ဖွယ်ရှိသည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ခေါင်းဆောင်များအနေဖြင့် မြန်မာပြည်သူလူထုအကြား ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါကို ကောင်းစွာ နားလည် သိမြင် သဘောပေါက်သူများ ဖြစ်သည်။ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် သတင်းဖော်ပြချက်များ ပလူပျံနေလင့်ကစား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိန်းကျောင်းပဲ့ကိုင်နေသည့် အစိုးရလက်ထက်တွင် ယခင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်နှင့်နှိုင်းစာလျှင် မြစ်ဆုံစီမံကိန်းကို ဝေဖန်ကန့်ကွက်သံများက နည်းပါးလျက်ရှိနေသည်မှာ ပကတိအနေအထားပင်ဖြစ်သည်။ အဆိုပါအခြေအနေကို တရုတ်ခေါင်းဆောင်များအနေဖြင့် အခွင့်ကောင်းယူလျက် သူလည်းနိုင် ကိုယ်လည်းနိုင ်သဘောဆောင်သယောင်ယောင်၊ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ သဘောဆောင်သယောင်ယောင် အခင်းအကျင်းတွင် အငြင်းပွားဖွယ်ရာ၊ ရှုပ်ထွေးဆဲ စီမံကိန်းကြီးများကို အပိုင်ချည်နှောင်သွားမည်လား စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာနတွင် မစ္စတာဆုန့်ထောင်း (Mr. Song Tao)သည်ဝန်ကြီးဖြစ်ပြီး ဒုတိယဝန်ကြီးလေးဦးနှင့် လက်ထောက်ဝန်ကြီးသုံးဦးဖြင့် ဖွဲ့စည်းထားသည်။ Mr. Liu Hongcai၊ Mr.Zheng Xiaosong၊ Mr. Guo Yezhou နှင့် Ms. Xu Lyuping တို့သည် နိုင်ငံတကာရေးရာဌာန၏ ဒုတိယဝန်ကြီးလေးဦးဖြစ်ပြီး Mr. Li Jun၊ Mr. Dou Enyong နှင့်Mr. Wang Yajun တို့သည် လက်ထောက်ဝန်ကြီးများဖြစ်သည်။ အဆိုပါဌာနသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ လက်အောက်တွင်ရှိပြီး တရုတ်နိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အဓိကအားဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာ လုပ်ငန်းများအတွက် တာဝန်ရှိသည့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ အလုပ်အဖွဲ့လည်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံခြား ဆက်ဆံရေးဆိုင်ရာ ယေဘုယျအမြင်၊ သဘောထားများကို ချမှတ်နိုင်ရန် နိုင်ငံခြားရေးရာ ဦးဆောင်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖိန်က ခေါင်းဆောင်လျက် ဖွဲ့စည်းထားသည်။ အဆိုပါဦးဆောင်အဖွဲ့တွင် တရုတ်နိုင်ငံ ဒုတိယသမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် Li Yuanchao က ဒုတိယခေါင်းဆောင်အဖြစ ်တာဝန်ယူပြီး၊ ဝန်ကြီးနှင့်အထက် တာဝန်ရှိသူများက အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ တရုတ်နိုင်ငံတော် ကောင်စီဝင် Yang Jiechi သည် ဦးဆောင်အဖွဲ့၏ အတွင်းရေးမှူးချုပ်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဝန်ကြီး မစ္စတာဆုန့်ထောင်း (Mr. Song Tao) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရီ (Mr. Wang Yi) တို့သည် ဦးဆောင်အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံခြားရေး မူဝါဒရေးရာတွင် နိုင်ငံတကာရေးရာဝန်ကြီး မစ္စတာဆုန့်ထောင်းသည် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရီထက်ပင် ပိုမို အရေးပါ အရာရောက်နိုင်ဖွယ် ရှိသည့်အလျောက် မစ္စတာဆုန့်ထောင်း၏ ချစ်ကြည်ရေး အကြိုခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေးတွင် အလွန်အမင်း အရေးပါသည်ဟု သုံးသပ်နိုင်သည်။
အချုပ်အားဖြင့်ဆိုသော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၆ ခုနှစ် သြဂုတ် ၁၇ ရက်မှ သြဂုတ် ၂၁ ရက်အထိ တရုတ်နိုင်ငံ ချစ်ကြည်ရေး အလည်အပတ် ခရီးအလွန်တွင် နှစ်နိုင်ငံအကြား မဟာဗျူဟာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားကောင်းမောင်းသန် တည်ဆောက်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများ၊ စီးပွားရေးကုန်သွယ်မှုများကို တန်းတူရည်တူမှု၊ တာဝန်ခံယူမှု၊ တာဝန်ခံမှု မြင့်မြင့်မားမား၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားနှင့်အညီ ဖော်ဆောင်နိုင်ကာ အရိုးစွဲနေသည့် အစိုးရ-အစိုးရချင်း၊ ပါတီ-ပါတီချင်း ဆက်ဆံရေး ပုံရိပ်ဟောင်းများမှ ဖောက်ထွက်လျက် ပြည်သူ-ပြည်သူချင်း ဆက်ဆံရေးကို အကောင်းဆုံး ထုဆစ် ပုံဖော်သင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်း ဆော်သြလိုက်ရပါသည်။
တရုတ်ဝန်ကြီး၏ ရှေ့ပြေးခရီးစဉ်အလွန် နိုင်ငံရေးရာသီဥတု
Most Read
Most Recent
8 hours ago










