၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်လေးလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ ဒေါ်လာ ၅၇ သန်းကျော်ဖိုး တင်ပို့

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်လေးလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ ဒေါ်လာ ၅၇ သန်းကျော်ဖိုး တင်ပို့
ဖားကန့်၊ လုံးခင်းဒေသရှိ ကျောက်စိမ်းတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)
ဖားကန့်၊ လုံးခင်းဒေသရှိ ကျောက်စိမ်းတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းခွင်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)
Published 16 August 2016
စည်သူအောင်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်လေးလအတွင်း (ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ) မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ ဒေါ်လာ ၅၇ သန်းကျော်ဖိုး တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။လေးလအတွင်း ဒေါ်လာ ၅၃ ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ကျောက်စိမ်းအရိုင်း ၄၇၅ ဒသမ ၀၉၆ တန်နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၄၇ သန်းတန်ဖိုးရှိ လက်ဝတ်ရတနာများ တင်ပို့ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၇၉ သန်းတန်ဖိုးရှိ ကျောက်စိမ်းအရိုင်း ၁၄၁၂ ဒသမ ၈၈၇ တန်နှင့် ဒေါ်လာ ၁၅ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ လက်ဝတ်ရတနာများကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ကျောက်စိမ်းကို အရိုင်းအတိုင်း တင်ပို့ခြင်းထက် တန်ဖိုးမြှင့် အချောထည် လက်ဝတ်ရတနာအဖြစ် ပြုလုပ်ပြီး တင်ပို့ရန် အစိုးရက အားပေးတိုက်တွန်းထားသော်လည်း ကျောက်စိမ်း အရိုင်းအတိုင်းသာ တင်ပို့မှု ပိုမိုများပြားနေဆဲ ဖြစ်သည်။ကျောက်မျက်များကို အချောထည် လက်ဝတ်ရတနာ ပြုလုပ်ပြီး တင်ပို့နိုင်ရန် ခွင့်ပြုကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ကတည်းက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး ကျောက်စိမ်း အချောထည်များ၊ ပလွမ်၊ သလင်းကျောက်နှင့် အင်ကြင်းကျောက်တို့ဖြင့် ပြုလုပ်ထားသော အချောထည်များကို နယ်စပ်ကုန်သွယ်ရေး အနေဖြင့် ရောင်းချနိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ထိုသို့ နယ်စပ်မှ ကျောက်မျက်များ တင်ပို့ရောင်းချနိုင်စေရန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ထားရှိပေးပြီး သတ်မှတ်ထားသော အခွန်အခများ ကျပ်ငွေဖြင့် ပေးဆောင်ပြီးပါက မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ သယ်ဆောင်ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လွှဲပြောင်းခြင်းများ ဆောင်ရွက်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ကျောက်မျက်အချောထည်များ အခွန်ကောက်ခံမှု အနေဖြင့် အရေအတွက်နှင့် အလေးချိန်အပေါ် သတ်မှတ်ထားသော တန်ဖိုးပေါ်မှ သတ်မှတ်ထားသည့် အခွန်ငွေ ၁၀ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း၊ ဝင်ငွေခွန် (ကြိုတင်ခွန် နှစ်ရာခိုင်နှုန်း)နှင့် ကျောက်မျက်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းတို့ကို ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။ထို့ပြင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ပြုလုပ်သည့် ကျောက်မျက်ရတနာ ပြပွဲများတွင် နိုင်ငံခြားငွေများဖြင့် ဝယ်ယူခဲ့သည့် ကျောက်စိမ်းအရိုင်း အတွဲများကိုလည်း အကောက်ခွန် ဦးစီးဌာနတွင် ကုန်တင်ပို့သူ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အမည်ဖြင့် ED ဖွင့်လှစ်ပြီး တစ်ဖက်နိုင်ငံသို့ သယ်ယူတင်ပို့ခွင့်ပြုကြောင်း သိရသည်။

Most Read

Most Recent