“လွတ်လပ်စွာ စီးဆင်းနေတဲ့ မြစ်တွေချောင်းတွေသည် တစ်နေရာက အတားအဆီး လုပ်လိုက်ရင်၊ ပိတ်လိုက်ရင်၊ တားလိုက်ရင်၊ ဆို့လိုက်ရင် အနည်းနဲ့အများ၊ အနှေးနဲ့အမြန် မြစ်ဝှမ်းဒေသကြီးမှာ အဆင်မပြေမှုတွေ ဒုက္ခတွေ ကြုံစမြဲပဲ”

“လွတ်လပ်စွာ စီးဆင်းနေတဲ့ မြစ်တွေချောင်းတွေသည် တစ်နေရာက အတားအဆီး လုပ်လိုက်ရင်၊ ပိတ်လိုက်ရင်၊ တားလိုက်ရင်၊ ဆို့လိုက်ရင် အနည်းနဲ့အများ၊ အနှေးနဲ့အမြန် မြစ်ဝှမ်းဒေသကြီးမှာ အဆင်မပြေမှုတွေ ဒုက္ခတွေ ကြုံစမြဲပဲ”
Published 14 August 2016
ဖြိုးဝေ

ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်၊ ဘူမိရုပ်သွင် ပညာရှင် ဦးမောင်မောင်အေးအား မေးမြန်းခြင်း
ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သြဂုတ် ၁၂ ရက်မှာ လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းခဲ့ရာမှာ လက်ပံတောင်း စီမံကိန်းတုန်းကလို စာချုပ်ပြင်ဆင် ချုပ်ဆိုတာမျိုးနဲ့ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်မှာ စိုးရိမ်လာတဲ့ ပြည်သူတွေ များပြားခဲ့ပါတယ်။ ဒီလို ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုတွေအတွက် ကော်မရှင် အဖွဲ့ဝင်ဖြစ်ပြီး Myanmar Enviromental Institute က နာယကဖြစ်တဲ့အပြင် မြန်မာနိုင်ငံ ပထဝီဝင်အသင်း ဥက္ကဋ္ဌနဲ့ ရန်ကုန်အဝေးသင ်တက္ကသိုလ်၊ တာဝန်ခံပါမောက္ခချုပ်(ငြိမ်း) ဘူမိရုပ်သွင်ပညာရှင် ပါမောက္ခ ဦးမောင်မောင်အေးကို မေးမြန်းထားမှုကို ပြည်သူများ လေ့လာနိုင်ဖို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
မေး။    ။ ဧရာဝတီ- မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် ဖွဲ့စည်းပြီးနောက်မှာ မြစ်ဆုံစီမံကိန်းကို စာချုပ်ပြင်ဆင်ချုပ်ဆိုပြီး ဆက်လက် လုပ်တော့မယ်လို့ ပြည်သူတွေက မြင်နေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတို့အနေနဲ့ ဘယ်လိုများ ဆက်လက် လုပ်ဆောင်သွားမလဲ သိပါရစေ။
ဖြေ။     ။ ကျွန်တော်နားလည်တာက ကော်မရှင်ရဲ့ သဘာဝက ဆုံးဖြတ်ချက်ချတာ မဟုတ်ဘူး။ ဆုံးဖြတ်ချက်ချနိုင်ဖို့ အတွက် အထောက်အကူပေးရတာ။ အထောက်အကူပြု အဖွဲ့လို့ နားလည်ပါတယ်။ လေ့လာမယ်။ သုံးသပ်မယ်။ စိစစ်မယ်။ ပြီးတော့ ထောက်ခံချက်၊ အကြံပြုချက်တွေနဲ့ ပြန်ပြီးတော့ နိုင်ငံတော် သမ္မတရုံးကို ပြန်တင်ပြရမယ်။ အဲဒီအခါမှာ သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေပြီးတော့ ကော်မရှင်ကတင်ပြတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ညာ အထက်ပိုင်းက မြစ်ဆုံစီမံကိန်း အပါအဝင်  ဆည်စီမံကိန်း ခုနစ်ကို လုပ်သင့် မလုပ်သင့် ဆုံးဖြတ်မှာပေါ့။ အဲဒီတော့ ကျွန်တော်တို့က Decision ချမယ့်အဖွဲ့ မဟုတ်ပါဘူး။ Decision Support လုပ်ပေးရမယ့်အဖွဲ့ ဖြစ်ပါတယ်။
မေး။    ။ စီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းရမှာက အချိန်သုံးလပဲရှိတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရင်အစိုးရ လက်ထက်ကတည်းက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ အကုန်လုံးက ကန့်ကွက်ခဲ့တာဖြစ်လို့ ကော်မရှင်ရဲ့ တွေ့ရှိချက်က ဘယ်လိုပုံစံ ဖြစ်လာနိုင်ပါသလဲ။
ဖြေ။     ။ ဖြစ်နိုင်တဲ့ အခြေအနေကတော့ ကြိုပြီးတော့ ခန့်မှန်းဖို့ ပြောဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကော်မရှင်ကနေ စုံစမ်းလေ့လာမှုတွေ စိစစ်သုံးသပ်ပြီးတော့ နောက်ဆုံးထွက်လာမယ့် အဖြေက ဆိုပါစို့။ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား ဆိုတာက နောက်ဆုံးပါလာမှာပေါ့။ အခုအချိန်မှာတော့ ကြိုပြောဖို့ ခဲယဉ်းပါတယ်။ ကျွန်တော်တို့ သုတေသန သမားတွေဆိုတော့ ဘက်မလိုက်ရဘူး။ သိပ္ပံနည်းကျ သုတေသန လုပ်ထုံး လုပ်နည်းတွေကို လေးစားလိုက်နာပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေ ကောက်ယူမယ်။ ကောက်ယူတဲ့ အခါမှာလည်း Physical Enviroment နဲ့ပတ်သက်တဲ့ အချက်တွေလည်း ကောက်ယူမယ်။ Social Economics နဲ့ ပတ်သက်တာတွေကိုလည်း ကောက်ယူမယ်။ သုတေသန လုပ်ထုံးလုပ်နည်းတွေကို အသုံးချသွားမှာဖြစ်ပြီး အဲဒီလိုလုပ်တဲ့ အခါမှာလည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး ပြုလုပ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲဒီလိုပြုလုပ်ပြီး ရရှိလာတဲ့ Collected Data တွေကို Data Analysis လုပ်မယ်။  Data Processing လုပ်မယ်။ စနစ်တကျ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပြီးသွားရင် နောက်ဆုံး Final Result ထွက်လာမယ်။ အဲဒီ Final Result ကို Discussion လုပ်ပြီးတဲ့အခါကျမှ ဘာဆက်လုပ်သင့်တယ်။ မလုပ်သင့်ဘူး ဆိုတာကို Recommendtion တွေပေးမယ်။ အကြံဉာဏ်တွေ ပေးမယ်ပေါ့။ ဒီလိုပြီးဆုံးသွားတဲ့ Final Conclusions မှာထောက်ခံတယ်။ မထောက်ခံဘူး ဆိုတာက နောက်ဆုံးကျမှ သိရမှာပဲလေ။ ကြိုပြောလို့ မရဘူးလေ။ ဥပမာ မောင်ဘက စာတော်တယ် ဆိုပါစို့။ မောင်ဘ စာတော်တယ်ဆိုတာ Qualitive ဘက်က ပြောတာပေါ့။ သုတေသနဘက်ကကြည့်ရင် မောင်ဘ စာတော်တယ် ဆိုတာကို  တော်တယ် မတော်ဘူး သိရအောင် စာမေးပွဲစစ်လိုက်မယ်။ အင်္ဂလိပ်စာ အမှတ် ၇၅ မှတ် ရတယ်ဆို မောင်ဘ စာတော်တာ ဟုတ်တယ်။ စနစ်တကျ လေ့လာထားတယ်။ တိုင်းတာထားတယ်။ စစ်ဆေးတဲ့အခါမှာ ဂုဏ်ထူးမှတ် ရထားတယ်။ သက်သေပြထားတယ်ပေါ့။ သိပ္ပံနည်းကျ သက်သေအထောက်အထားတွေ ပြတဲ့သဘောဆိုတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အများပြည်သူအတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း လေ့လာမယ်။ လူမှုစီးပွား ပတ်ဝန်းကျင်ကိုလည်း လေ့လာမယ်။ ဘယ်နေရာမှာ အကျုံးဝင်လဲဆိုတော့ လူတွေရဲ့ ခံစားချက်ပေါ့။ လူတွေရဲ့ စိတ်ခံစားမှုကိုပါ လေ့လာဖို့ သမ္မတရုံး ထုတ်ပြန်ချက်မှာလည်း ပါနေတာပဲ။ ပြည်သူလူထု ခံစားချက်ကိုပါ စစ်တမ်းကောက်ဖို့ ရှိပါတယ်။ အဲဒီလိုမျိုး စနစ်တကျ လုပ်ထားတဲ့ သုတေသနကို ပြောရမယ်ဆိုတော့ လောလောဆယ်မှာ ဘာတွေတွေ့မလဲ မသိသေးဘူးပေါ့။ ကျွန်တော်ပြောချင်တာက  Qualitively ပြောနေတာထက်စာရင် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာပိုင်း အထက်ပိုင်းမှာ တည်ဆောက်မယ် လျာထားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ဗလာချီသက်သက် ရပ်ပစ်ပါ။ ရပ်ပစ်ပါ ပြောနေတာမျိုးထက် ဒီလိုမျိုး သက်သေအထောက်အထားနဲ့ ခိုင်ခိုင်မာမာ တင်ပြတာမျိုး အဖြေရှာတာမျိုးလို့ နားလည်ပါတယ်။ ယူဆပါတယ်။
မေး။    ။ မြစ်ဆုံစီမံကိန်းကို ဖြစ်စေခဲ့တဲ့ အရင်အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက အခုဒီအဖွဲ့ထဲမှာ အများဆုံး ပါနေတယ်။ ဒီမြစ်ဆုံစီမံကိန်းက လာဘ်ပေးလာဘ်ယူတွေနဲ့ လုပ်ခဲ့တယ်ဆိုပြီး ပြောခဲ့တဲ့ အသံတွေလည်း ရှိနေတယ်ဆိုတော့  ဒီလိုလူတွေပါနေတာ ဆိုးတာဖြစ်သွားမလား။ ကောင်းတာဖြစ်သွားမလား။ ပြည်သူတွေကတော့ ဒီလိုလူတွေပါနေလို့ မြစ်ဆုံစီမံကိန်းက ပြန်စဖြစ်မယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ဆရာဘယ်လို မြင်ပါသလဲ ခင်ဗျ။
ဖြေ။     ။ အဲဒီလိုမျိုးက ကြိုပြောဖို့ ခဲယဉ်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကလည်း မြစ်ချောင်းများဆိုင်ရာ ဘူမိရုပ်သွင်ပညာရှင်၊ ပထဝီဝင်ပညာရှင်၊ သဘာဝပတ်ဝန်းကျင် ပညာရှင် တစ်ဦးအနေနဲ့ ရှေ့မှာ ပြောခဲ့ဆိုခဲ့ ဟောခဲ့တာတွေလည်း ပြည်သူတွေ သိပါတယ်။ ကျွန်တော်က ကော်မရှင်မှာပါတဲ့ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၂၀ ပေါ့။ ဒီအဖွဲ့ဝင် ၂၀ မှာ အချို့လူတွေကလည်း သိပြီးသားတွေ ပါတာပေါ့။ အချို့လူတွေ ကျတော့လည်း အခုမှ သိရတဲ့လူတွေ ဖြစ်ပါတယ်။ သြဂုတ် ၁၂ ရက်ကမှ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး သေသေချာချာ သိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တွေ့ပြီးတော့ အာလာပ၊ သလ္လာပ ပြောပါတယ်။ သူ့ကိုယ်သူလည်း မိတ်ဆက်၊ ကျန်တဲ့သူတွေလည်း မိတ်ဆက်ပေါ့။ တချို့လူတွေကို ကျွန်တော်လည်း မသိပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တောင်မှ တချို့လူတွေရဲ့ အတိတ်က ဘာတွေ ဆောင်ရွက်ခဲ့တယ် ဆိုတာကို မသိပါဘူးတောင် ပြောတာမျိုးတွေ ရှိပါတယ်။ အဲဒီတော့ ဒီကော်မရှင်မှာ အသိအကျွမ်းတွေတော့ ရှိတာပေါ့။ ဦးချိုချိုတို့၊ ဦးဝင်းကျော်တို့ ပညာရေးဘက်က ဝန်ကြီးတို့ စိုက်ပျိုးရေး ဝန်ကြီးတို့ သိတာပေါ့။ သို့သော်လည်းပဲ ကျန်တဲ့ ခြောက်ယောက်၊ ခုနစ်ယောက်ကတော့ အခုမှ ရင်းနှီးတာဆိုတော့ သူတို့အကြောင်းတော့ အသေးစိတ် မသိပါဘူး။ အဲဒါကြောင့်မို့ ဘာပဲပြောပြော နိုင်ငံတော် အကြီးအကဲတွေကလည်း လမ်းညွှန်ချက်တွေ ပေးထားတယ်ဆိုတော့ ဒီဘောင်အတွင်းကနေ သွားကြရမှာဖြစ်ပြီး အတိုအရှည် မညီမျှမှုတွေကတော့ လုပ်ရင်းကိုင်ရင်းနဲ့ပဲ ညီသွားမယ်လို့ ယူဆပါတယ်။ ညီအောင်လုပ်ကြရမှာပေါ့။
မေး။    ။ ဟုတ်ကဲ့။ လက်ရှိမြစ်ဆုံစီမံကိန်း ကော်မရှင်က အဖွဲ့ဝင် တစ်ယောက်အနေနဲ့ မဟုတ်ဘဲ ပညာရှင် တစ်ယောက်အနေနဲ့ ပြည်သူကို ပြောချင်တာလေး ပြောပေးပါလားခင်ဗျ။
ဖြေ။     ။ ကျွန်တော်တို့နိုင်ငံမှာ မြစ်တွေချောင်းတွေကို ပစ်ထားတာကြာခဲ့ပြီ။ မြစ်တွေချောင်းတွေက ဥပေက္ခာပြုထားခဲ့တာ ကြာပြီဆိုတော့ မြစ်တွေချောင်းတွေကို လူတွေက ယေဘုယျမြင်တာ အညစ်အကြေး စွန့်မယ်။ အမှိုက်တွေပစ်မယ်ပဲ မြင်တာလေ။ တခြားဟာမကြည့်နဲ့။ မြို့ထဲမှာ ပျက်စီးနေတဲ့ မြောင်းတွေတောင်မှ အမှိုက်သရိုက်တွေ ဒီအတိုင်းပဲ ပစ်ထည့်ကြတာဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပြည်သူ့နီတိတွေက အားနည်းနေသေးတဲ့ အခြေအနေ ဖြစ်နေတယ်။ ခေတ်အဆက်ဆက် နှစ်အဆက်ဆက်မှာလည်း သက်ဆိုင်ရာ အာဏာရှိသူတွေက မြစ်ချောင်းတွေကို ထိန်းသိမ်းဖို့ အများကြီး အားနည်းခဲ့တယ်။ အားနည်းခဲ့လို့လည်း အခုလို ဆိုးကျိုးတွေ ခံနေရတာပေါ့။ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုတွေ။ ၂၀၁၆ မှာ မိုးဦးပဲ ရှိသေးတယ်၊ ရေကြီးရေလျှံ ပြဿနာက ဖြစ်လာတယ်။ သဘာဝဘေးက တစ်နှစ်ပြီးတစ်နှစ် လျော့ပါးသွားတာ မဟုတ်ဘဲ တိုးတိုးလာတာ ဖြစ်နေတယ်။ အဲဒီဟာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မြစ်ကြီးတွေကို ဥပေက္ခာပြုတာ များခဲ့လို ဒီလိုဖြစ်လာတာလို့ ကျွန်တော်က ယူဆတယ်။ ဒါ့ကြောင့်မို့လို့ ဒါတွေကို ကုစားချင်တယ် ဆိုရင်တော့ ဧရာဝတီမြစ်ကြီးနဲ့ သူ့မြစ်လက်တက် ချင်းတွင်းမြစ်ကြီးနှစ်ခု စလုံးကို ခြုံငုံစဉ်းစားပြီးတော့ မြစ်ဆုံ ရေအရင်းအမြစ် စီမံခန့်ခွဲရေးကို နိုင်ငံတကာ စံချိန်စံညွှန်းတွေ လိုက်နာဖို့လိုသလို မြစ်ဝှမ်းဒေသတွေကိုလည်း River Basin Management နည်းလမ်းတွေနဲ့ အမြန်ဆုံးလုပ်ဖို့လိုတယ်။ အခုရေတွင်းတူး၊ အခုရေကြည် သောက်ချင်လို့တော့ မရဘူး။ ဒါတွေက သဘာ၀ ဖြစ်စဉ်တွေဆိုတော့ နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တာ။ မနှစ်က ကျထားတဲ့ အနည်အနှစ်တွေကလည်း အများကြီး။ မနှစ်ကတည်းက ကျွန်တော် ပြောထားတာလည်းရှိတယ်။ ဒီနှစ် မိုးတဖြိုက် နှစ်ဖြိုက်ရွာတာနဲ့ ရေကြီးရေလျှံမှု တွေဖြစ်မယ်။ ရေကြီးရင်လည်း အချိန်ကြာမယ်။ ရေလွှမ်းမိုးတဲ့ ဧရိယာလည်း ပိုကျယ်လာမယ်။ ပြောထားတဲ့အတိုင်းပဲ ဖြစ်တာပဲ။ ဒီနှစ်ဆို မိုးကြိုကတည်းက ရေကြီးတယ်။ ဒါတွေဟာ ခုနကပြောတဲ့ အတိုင်းပေါ။ အပ်နဲ့ထွင်းရမယ့် နေရာမှာ ပုဆိန်နဲ့ပေါက်တာ ဖြစ်ကုန်တာပေါ့။ မြစ်တွေချောင်းတွေရဲ့ ရေေ၀ ရေလဲ ဒေသတွေကို ဘတ်ဂျတ်တွေချပြီး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ခဲ့မယ်ဆို အဲဒီလို မဖြစ်ဘူးလေ။ ကျွန်တော်တို့က ဘတ်ဂျက်မချနိုင်ဘူး။ ငွေမသုံးနိုင်ဘူးဆိုတော့ ခံရတဲ့အခါကျတော့ အမြောက်အမြား ခံနေရတယ်။ အဲဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် အစကတည်းက မြစ်ဝှမ်းဒေသတွေကို ခြုံငုံပြီး Systems Approach ကို Holistic Approah သုံးပြီးတော့ စဉ်းစားသင့်တယ်။ ဘာနဲ့ အလားသဏ္ဌာန် တူလည်းဆိုတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေကို ဘယ်နားပဲပိတ်ပိတ် ကြိုက်တဲ့နေရာ ပိတ်ကြည့်လေ။ အဲဒီလို သွေးကြောတွေ ပိတ်လိုက်တာနဲ့ လူ့ခန္ဓာကိုယ် ဒုက္ခရောက်မှာပဲ မဟုတ်ဘူးလား။ အဲဒီအတိုင်းပဲ ပြည်ထောင်စု သမ္မတ နိုင်ငံထဲမှာ ရှိနေတဲ့ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းနေတဲ့ မြစ်တွေ ချောင်းတွေသည် တစ်နေရာရာက အတားအဆီး လုပ်လိုက်ရင်၊ ပိတ်လိုက်ရင်၊ တားလိုက်ရင်၊ ဆို့လိုက်ရင် အနည်းနဲ့အများ၊ အနှေးနဲ့အမြန် မြစ်ဝှမ်းဒေသကြီးမှာ အဆင်မပြေမှုတွေ ဒုက္ခတွေ ကြုံစမြဲပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ မြစ်တွေဟာ အသက်သွေးကြောပဲလို့ တင်စားပြီး ပြောလေ့ရှိတယ်။ အဲဒီ အသက်သွေးကြောတွေကို ဖြစ်နိုင်ရင် သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းစေတာ အကောင်းဆုံးပဲ။                         
 

Most Read

Most Recent