သင့်ထက်ဆိုင်ကယ်စီး ကျွမ်းတဲ့လူတွေသွားနှင့်ပြီ

သင့်ထက်ဆိုင်ကယ်စီး ကျွမ်းတဲ့လူတွေသွားနှင့်ပြီ
Published 14 August 2016
ဝဏ္ဏ (မိတ္ထီလာ)

“ဒုန်း ဂွမ်း” ဆိုပြီး စက္ကန့်ပိုင်းလောက် ငြိမ်သက်သွားရင်တော့ သေချာပြီ ကားနဲ့ ဆိုင်ကယ်၊ဒါမှမဟုတ် ဆိုင်ကယ် ဆိုင်ကယ်ချင်းတော့ တိုက်ပြန်ပြီ၊ ကျွန်တော်နေတဲ့ အိမ်က အဝေးပြေး လမ်းမဘေးမို့ ခရီးသွား ကားသံ၊ ဆိုင်ကယ် စက်သံ၊ သုံးဘီးဆိုင်ကယ်သံ လူသံ၊ သူသံဖြင့် အမြဲဆူညံနေလေ့ရှိပြီး ထိုသို့ ဒုန်း ၊ဂွမ်းသံ ကြားပြီး လမ်းမပေါ် ထွက်ကြည့်လိုက်ရင်ဖြင့် အလဲလဲအကွဲကွဲ မြင်ကွင်းများကို မြင်ရစမြဲ၊ ကူညီလက်စ အတွေ့အကြုံက များနေပြီမို့ ဒါမျိုး ဒုန်းဂွမ်းသံကြားလျှင် ရေခဲသေတ္တာထဲက ရေသန့်ဘူး တစ်ဘူးဆွဲပြီး ပြေးထွက်လာခဲ့ရသည်။ ရေသန့်ဘူးနဲ့ လောင်းသင့်တာလောင်း၊ လန့်နေသူကို ရေအေး တိုက်သင့်တာတိုက်နဲ့ ပြီးသွားတဲ့ အက်ဆီးဒင့်မျိုး ရှိသလို့၊ “ရဲခေါ် ပါဟ၊ ဆေးရုံပို့ရအောင် ကားတားပါဟ” စသဖြင့် ဆက်ကူညီရတဲ့ အဖြစ်အပျက်တွေ လည်းရှိတတ်သည်။ကျွန်တော့်အတွေ့အကြုံအရတော့ ကားတော်တော်များများက ခုလို ယာဉ်မတော်တဆဖြစ်တဲ့ လူနာတွေကို ဆေးရုံပို့ပေးဖို့ ငြင်းလေ့ရှိသည်။
မြို့လယ် လူသွားလူ လာများသည့် နေရာမှာတောင် ကားတားလို့မရသဖြင့် ဆိုင်ကယ်ဖြင့်တင်ပြီး ဆေးရုံပို့ရသည့် အဖြစ်အပျက်တွေလည်း ရှိတတ်သည်။ ကိုယ်ကသွားရင်း လာရင်းတွေ့ရသည့် လမ်းပေါ်က အက်ဆီးဒင့်ကို အမြင်မတော်လို့ ကားနဲ့တင်ပြီး မိတ္ထီလာဆေးရုံ အရေးပေါ်ကို အရေးတကြီးပို့ပေးပေမယ့် ဟိုရောက်လို့ လူနာနာမည်မေးရင်  မသိသဖြင့် အငေါက်ခံရသည့် အဖြစ်အပျက်တွေလည်း ကြုံဖူးသည်။ ခုနောက်ပိုင်း ဆိုင်ကယ်မတော်တဆတွေမှာတော့ ကူညီမယ့်လူထက် ဓာတ်ပုံရိုက်ဖို့၊ ဝိုင်းကြည့်ဝေဖန်ဖို့သာ စိတ်ဝင်စားနေကြသော လူတချို့ကိုလည်း  ကြုံခဲ့ရဖူးသည်။ မိတ္ထီလာလို ခရီးသွားလမ်းဆုံ၊ လမ်းခွမြို့ကြီးမို့ ကားဆိုင်ကယ် မတော်တဆမှုတွေက နေ့စဉ်လို ဖြစ်ပွားနေကျမို့  မစည်ကားအပ်တဲ့ ဆေးရုံကြီး အရေးပေါ်ခန်းနှင့် ရဲဌာနတွေမှာ ယာဉ်မတော်တဆတွေနဲ့ စည်ကားနေတတ်သည်။ တစ်ခါတစ်ရံလည်း လမ်းမပေါ်သွားရင်းလာရင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ပြီး စီးချင်သလိုစီး၊ သွားချင်သလိုသွားနေကြသော ဆိုင်ကယ်ကားတွေကြားထဲ သွားရင်းလာရင်း ကိုယ်တိုင်မတော်တဆ မဖြစ်အောင် သတိအလွန်ထားနေရသည်။ တစ်လမ်းမောင်း သတ်မှတ်ထားသော်လည်း ယာဉ်ထိန်းရှိမှ လိုက်နာရမည့် စည်းကမ်းသဖွယ် သဘောထားပြီး ယာဉ်ထိန်းမရှိချိန် ထင်သလို စီးနင်းလာသော ဆိုင်ကယ်၊ ကားတို့ကို မြင်မိတော့လည်း ဒေါသကို မျိုသိပ်ရင်း အန္တရာယ်ကင်းအောင် ရှောင်ရတိမ်းရပြန်သည်။ “နေ့တိုင်း ဒုန်းဂွမ်းချနေကြတာပဲ၊ လူတွေကလည်း ကိုယ်ချင်းမစာ ခေါင်းဝင်လို့ရရင် ခေါင်းထိုးဝင် ဇွတ်တိုး ဝင်စီးနေကြတော့ အန္တရာယ်ဆိုတာကို မသိကြတော့တာလား မသိတော့ပါဘူး။ အဆိုးဆုံးကတော့ အဝိုင်းပတ်ကို ဦးစားပေးရမယ်။ တစ်လမ်းမောင်း မဝင်ရဘူး။ အဲ့ဒီလို အခြေခံ စည်းကမ်းတွေကို မလိုက်နာဘဲ စီးနေကြတော့ ဘယ်လိုလုပ် အန္တရာယ်ကင်းနိုင်တော့မလဲ။ ကျောင်းသား ကျောင်းသူတွေလည်း အန္တရာယ်မဖြစ်အောင် ဖြည်းဖြည်းစီးကြဖို့ ကိုယ်ကမှားမှား သူကမှားမှာ လျှော့ပေးစီးကြဖို့ အမြဲမှာ နေရတယ်”လို့ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ လက်ထောက်ကထိက  ဒေါ်နီလာဝင်းက ပြောပြသည်။
နယ်တွေမှာ ဆိုင်ကယ်တွေက မရှိမဖြစ်မို့ မသုံးမဖြစ် သုံးနေရပေမယ့် ဆိုင်ကယ်တွေက စီးနင်းသူတွေကို သွားချင်တဲ့ လမ်းလည်း ပို့နိုင်တယ်။ မသွားချင်တဲ့လမ်းလည်း ပို့နိုင်တာမို့ အမြဲသတိထားစီးကာမှ တော်ကာကျသည်။ ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက် သတ်မှတ်ထားပေမယ့် ဆိုင်ကယ်တစ်စီးကို လူငါးယောက် စီးနင်းနေတာတွေ့တော့ ဆပ်ကပ်ပြတဲ့ လူတွေများ လမ်းပေါ် ထွက်စီးလာသလား မှတ်ရသည်။ တစ်ခါတစ်ရံလည်း လမ်းမပေါ်က ဆိုင်ကယ်စီးနင်းသူ သူရဲကောင်းလေးများက ရှေ့ဘီးထောင်၊ နောက်ဘီးထောင်၊ မတ်တတ်ရပ်၊ လက်လွှတ် စသဖြင့် ဆိုင်ကယ်ရေး ပြနေရင် ကိုယ့်စီးလာသောဆိုင်ကယ်ကို လမ်းဘေးချရပ်ကာ ရှုစားရပြန်သည်။ ယခုတလောတော့ ညပိုင်းစီးနင်းတဲ့ဆိုင်ကယ်တွေမှာ မီးမပါတာ တွေ အတွေ့ရများသလို တချို့များ မီးမပါတဲ့ ဆိုင်ကယ်စီးရင်း ဖုန်းပြောနေတာတွေ့ရတော့ ကိုယ်တွေမှာ အံ့သြမှင်တက်ရသည်။ ညပိုင်း မီးမပါသော ဆိုင်ကယ်တွေကို သတိထားရ သလို ရီဝေေ၀လွင့်မျောပြီး စီးနင်းလာတတ် သော ဆိုင်ကယ်တွေကိုလည်း ကြည့်ရှောင် ရပြန်သည်။ တစ်ခါတစ်ရံလည်း မြို့ရဲ့လူစည် ကားရာနေရာတွေမှာ “သင့်ထက် ဆိုင်ကယ် စီးကျွမ်းတဲ့သူတွေ သုသာန်ရောက်ကုန်ပြီ” ဆိုသော ဆိုင်းဘုတ်တွေတပ်စေချင်သည်။ မိတ္ထီလာမြို့ဆိုလျှင် ဥပမာ အိမ်ခြေငါးထောင် ရှိလျှင် ဆိုင်ကယ်အစီးရေ တစ်သောင်းအနည်း ဆုံးရှိမည်သာဖြစ်သည်။ လိုင်စင်မဲ့လိုင်စင်ရှိ ဆိုင်ကယ်အစီးရေ ဘယ်လောက်များများရှိ နေမည်ဆိုတာ ခန့်မှန်းရခက်လှသည်။ ထို ဆိုင်ကယ်စီးနင်းသူများသည် စနစ်တကျ စီး နင်းသူများဖြစ်သလား၊ ဦးထုပ်ဆောင်းပြီး ဆိုင်ကယ်စီးကြရဲ့လားဆိုသည်ကတော့ အမြဲ တမ်းအဖြေမရသည့်ပုစ္ဆာဖြစ်နေသည်။ ဆိုင် ကယ်စီးဦးထုပ်ဆောင်းကြရာမှာလည်း ခု နောက်ပိုင်း တရုတ်ဖြစ်ဈေးချိုချိုနဲ့ရသော ဦးထုပ်ဆောင်းလျှင်ဖြင့် အန္တရာယ်ကင်းနိုင် ဖွယ်မမြင်၊ တစ်စုံတစ်ရာဖြစ်လျှင် ဦးထုပ်က အကာအကွယ်မပေးနိုင်ဘဲ ထိုသို့သော ဦးထုပ် မျိုးကတော့ ယာဉ်ထိန်းမဖမ်းနိုင်ရုံသာ ကာ ကွယ်ပေးနိုင်လိမ့်မည်။
တချို့သော ရင်နင့်ဖွယ်ရာ လမ်းမထက် က မတော်တဆအချို့သည် နိုင်ငံရဲ့အနာဂတ် မျိုးဆက်ကို ကြီးစွာသော ခြိမ်းခြောက်မှုဖြစ် သည်။ ခုနောက်ပိုင်း ခေတ်စနစ်အရ အထက် တန်းကျောင်းသား က ဆိုင်ကယ်ဝယ်မပေးလျှင် ကျောင်းမတက်နိုင်ပါဟုဆိုသောအခါ မိဘ ခင်မျာ ဆုပ်လည်းစူး၊ စားလည်းရူးဘဝရောက် ရတော့သည်။ အထက်တန်းကျောင်းသား တစ်ယောက်အဖို့ ဆိုင်ကယ်စီးနင်းဖို့ရာ အသက်မပြည့်သေးသော်လည်း ယုံယုံကြည် ကြည်နှင့် ဆိုင်ကယ်ပေးစီးပြီး အထက်တန်း ကျောင်းလွှတ်နေသော မိဘတချို့လည်းရှိနေ ကြသည်။  ဒီလိုအဖြစ်အပျက်တွေကြားထဲက တစ်လောကကြားလိုက်ရတဲ့ ဆိုင်ကယ်မတော် တဆကတော့ ရင်နင့်ဖွယ်ရာပင်၊ ၁၀ တန်း ဖြေပြီးခါစ ဆယ်ကျော်သက်တစ်ဦးက ဆိုင် ကယ်စီးနေစဉ်နောက်က ဆိုင်ကယ်နှင့် ဝင် တိုက်ရာမှ အဆိုပါ ဆယ်ကျော်သက်သေသွား ခဲ့သည်။ ထိုဆယ်ကျော်သက်သည် ၁၀ တန်း အောင်စာရင်း ထွက်လာသောအခါ ဂုဏ်ထူး နှစ်ဘာသာပါလာခဲ့သည်။ ဆုံးပါးသွားသော ဆယ်ကျော်သက်ရဲ့မိဘအတွက်တော့ အဆိုပါ ဂုဏ်ထူးနှစ်ဘာသာက ဂုဏ်ယူဖို့ထက် ရင် ကျိုးဖို့သာဖြစ်ခဲ့ရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ ရဲ မှတ်တမ်းအရ တော့ မိတ္ထီလာခရိုင်အတွင်းမှာ ၂၀၁၆ ခုနှစ် နှစ်စမှ ဇူလိူင်လကုန်အထိ  ခုနစ်လတာကာလ အတွင်း  ၅၇  ဦးအသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၂၅၂ ဦး  ဒဏ်ရာရရှိကာ မတော်တဆအဖြစ် အများဆုံးလကတော့ သင်္ကြန်အခါ ဧပြီလပဲ ဖြစ်ပါသည်။ “ကျွန်တော်တို့  ှကမစမငျန ဃ့နခု လုပ်တဲ့ ရည်ရွယ်ချက်က ဆိုင်ကယ်စီးဦးထုပ် ဆောင်းပြီး ဆိုင်ကယ်စီးကြဖို့ပါပဲ။ တချို့ကျ လည်း တို့ရဲ့လွတ်လပ်ခွင့်ကို ထိပါးတယ်လို့ အယူလွဲကြတာရှိတယ်။ ဆိုင်ကယ်နဲ့ ကားနဲ့ ဖြစ်ဖြစ်၊ ဆိုင်ကယ်ချင်းပဲဖြစ်ဖြစ် လူက အရင် ပြုတ်ကျတယ်။ အဲ့ဒီလိုပြုတ်ကျလို့  လက်ကို ဖြစ်ရင်  ကျိုးမယ်ပဲ့မယ် ကုသလို့ ရသေးတယ်။ ဦးခေါင်းကိုထိရင်တော့ ဘယ်လိုမှလုပ်လို့ မလွယ်တော့ဘူး။ ဦးခေါင်းကိုထိရင် သေနိုင် တယ်။ ဒါကြောင့် ဦးခေါင်းကို ကာကွယ်နိုင် အောင် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းကြပါ လို့မှာချင်တယ်”လို့ အမှတ်(၉၆)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမိတ္ထီလာမှ ဒုရဲမှူးမင်းစိုးက ပြောပြ သည်။ ဆက်လက်ပြီး ဒုရဲမှူးမင်းစိုးက သူ့ အတွေ့အကြုံတွေထဲက  မေ့မရနိုင်တဲ့အဖြစ် အပျက်တစ်ခုအဖြစ် ခုလိုပြောပြပါသည်။ “ဝမ်းတွင်းနားမှာ ညနေဝိုးတဝါးမှာ ဒရိုင်ဘာ က ညမီးဖွင့်ချိန်မှာ နောက်က သုံးယောက်စီး လာတဲ့ဆိုင်ကယ်က နောက်က ဝင်တိုက်မိသွား တယ်။ တွဲကားရဲ့ညာဘက်က နောက်ဘီးကို ဆိုင်ကယ်က ညပ်သွားတယ်။  နောက်က စီး လာတဲ့လူငယ်နှစ်ယောက်က ဆိုင်ကယ်စီး ဦးထုပ်ဆောင်းမထားတဲ့အတွက် ကတ္တရာ လမ်းနဲ့ရိုက်ပြီး နေရာမှာတင်ဆုံးသွားတယ်။ ရှေ့က ဆိုင်ကယ်စီးလာတဲ့ ကောင်လေးရဲ့ ဦးခေါင်းကိုတော့ ကတ္တရာလမ်းရဲ့ အရှေ့ဘက် ကန္တရချုံထဲမှာ ကျွန်တော်တို့ရှာတွေ့ခဲ့တယ်။ ကောင်လေးတွေ အရက်သောက်ထားတယ်လို့ ကျွန်တော်ယူဆတယ်။ ဆိုင်ကယ်မောင်းနှင် လာတဲ့ကောင်လေးက ဝမ်းတွင်းအထက ကျောင်းက နဝမတန်းကျောင်းသားလေးဖြစ် နေတယ်။ ကျွန်တော်တို့အနေနဲ့  ဆုံးသွားတဲ့ ကောင်လေးရဲ့ဖုန်းကို ရှာတွေ့ခဲ့တယ်။ကောင် လေးတွေရဲ့ဖုန်းက မှန်က လုံးဝကွဲကြေသွားလို့  ဖုန်းဆင်းကတ်ကိုဖြုတ်၊ အခြားဖုန်းနဲ့ ထည့် ဆက်တော့ တစ်ဖက်က ဖအေက ထူးတယ်။ “သားလေးပြော”တဲ့၊ ကျွန်တော်တို့လည်း ရင် နာနာနဲ့ တစ်ဖက်ကဖအေကို အကျိုးအကြောင်း ပြောပြရတယ်။ ဒီမှာ ယာဉ်မတော်တဆတစ်ခု ဖြစ်တယ်။ မိဘတွေလိုက်ခဲ့ပါ။ ဒီရောက်တော့ မှ အသေးစိတ်ပြောပါ့မယ်ဆိုပြီ း ထိန်းထိန်း သိမ်းသိမ်းပြောပြီး လှမ်းအကြောင်းကြားရ တယ်။ ဒီရောက်တော့မှ အဖြစ်အပျက်ကိုမြင် တော့ ဖအေဟာ မှင်တက်မိသွားခဲ့ရတယ်။ ဒါကတော့ ကျွန်တော်ကြုံခဲ့ဖူးတဲ့အဖြစ် အပျက်တွေထဲက စိတ်အထိခိုက်ရဆုံးအဖြစ် အပျက်တစ်ခုပါပဲ”လို့  ရဲမှူး မင်းစိုးက ပြောပြ သည်။ 
လမ်းမတွေထက်မှာ အန္တရာယ်ကင်းဖို့က တော့ ကိုယ်ကိုယ်တိုင် သတိရှိဖို့လိုအပ်မည့် အပြင် ကံကောင်းဖို့လည်း လိုအပ်နေပါသေး သည်။ ကိုယ်က ဘယ်လောက်မှန်မှန် တစ်ဖက် က မူးယစ်မောင်းနှင်လာသော ယာဉ်ကြောင့် အသက်ဆုံးရှုံးသွားနိုင်သည်မှာလည်း သတိပြု ဖွယ်ဖြစ်သည်။ခုခေတ်ကြီးမှာတော့ လမ်းမ ပေါ်က အသက်တွေက ဖက်ရွက်နဲ့ ထုပ်ထား သလို သွားလာနေကြရသည့်အတွက် ကိုယ် ဖြစ်ကိုယ်ခံစနစ်ဖြင့်သာ သွားလာနေကြရဆဲ ဖြစ်သည်။ တစ်ချိန်ချိန်တော့ လမ်းစည်းကမ်း ယာဉ်စည်းကမ်းစနစ်တကျနဲ့ အေးအေးချမ်း ချမ်းဆိုင်ကယ်စီးနိုင်မည့် ခေတ်တစ်ခုကို မျှော် လင့်နေမိပါသည်။

Most Read

Most Recent