အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုအား ပြည်သူ့လွှတ်တော်၌ တင်သွင်းရန်ရှိကြောင်း သတင်းရရှိသည်။ ယင်းအဆိုအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် သာစည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက တင်သွင်းမည် ဖြစ်ကြောင်း သြဂုတ် ၁၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ် လျာထားချက်တွင် ဖော်ပြထားသည်။ထိုသို့ အဆိုတင်သွင်းရန် စီစဉ်မှုနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းက လက်ရှိ အခြေအနေတွင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းမည် ဆိုပါက လက်တစ်ဆုပ်စာ လူနည်းစု ခရိုနီစီးပွားရေး လုပ်ငန်းရှင်များ အတွက်သာ အကျိုးများနိုင်ပြီး မြန်မာပြည်သူလူထု အများစုကြီးအတွက် အကျိုးမပြုနိုင်ကြောင်း၊ သို့ဖြစ်၍ ယင်းအဆိုကို လက်ခံဆွေးနွေးရန် မသင့်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။“အမေရိကန် ပြည်ထောင်စု လွှတ်တော်များကသာ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် အကြောင်းရင်းများကို စနစ်တကျ ဆန်းစစ်လျက် အဆိုပါ အကြောင်းရင်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ၊ တိုးတက်မှုများ ရရှိအောင် မည်သို့မည်ပုံ ဆောင်ရွက်ပြီးစီးကြောင်း၊ လာမည့်ကာလတွင် မည်သို့မည်ပုံ ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်းတို့ကို တင်ပြနိုင်သည့်တိုင် အမေရိကန် လွှတ်တော်များ အနေဖြင့် အစိုးရ မဟုတ်သော အရင်းအမြစ် ပေါင်းစုံမှလည်း မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်နေမည်သာဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ ထားသည်မှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ လူထု၏ အကျိုးကို ရှေးရှုဆောင်ရွက်ထားခြင်း ဖြစ်သည်ဟုလည်း နားလည်မိသည်” ဟု ဒေါက်တာ ရန်မျိုးသိမ်းက ရေးသားထားသည်။အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု သက်တမ်းအား တစ်နှစ်တိုးမြှင့်ခြင်းကို ၂၀၁၆ ခုနှစ် မေ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။သို့ရာတွင် အမေရိကန် အစိုးရသည် ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံပိုင်ဘဏ် အချို့နှင့် စီးပွားရေးလုပ်ငန်း အချို့ကို တစ်သီးပုဂ္ဂလ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှု (SDN) အောက်မှ ဖယ်ရှားပေးခဲ့သည်။အဆိုပါ SDN အောက်မှ ဖယ်ရှားပေးခဲ့သည့် နိုင်ငံတော်ပိုင် လုပ်ငန်းခုနစ်ခု ဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၃)သတ္တုတွင်းလုပ်ငန်း၊ သမဝါယမ ပို့ကုန်သွင်းကုန် လုပ်ငန်းတို့ဖြစ်ပြီး နိုင်ငံတော်ဘဏ် သုံးခုဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို SDN အောက်မှ ဖယ်ရှားပေးခဲ့သည်။ထိုကဲ့သို့ အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု သက်တမ်းတိုးမြှင့်ကြောင်းနှင့် ဖြေလျှော့မှုအချို့ ပြုလုပ်ကြောင်း ကြေညာပြီး ရက်ပိုင်းအကြာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မေ ၂၂ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် မြန်မာ့သမိုင်းအတွက် အရေးပါရုံသာမက နိုင်ငံတကာရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ အတွက်ပါ အရေးပါကြောင်း၊ အဆိုပါ အသွင်ကူးပြောင်းမှုကို ထောက်ခံမှု ပြသသည့် အနေဖြင့် အရေးယူ ပိတ်ဆို့မှုများကို လျှော့ချပေးခဲ့ကြောင်း ပြောကြားသည်။ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုမှ အရေးယူ ပိတ်ဆို့မှု အချို့ ကျန်ရှိနေသေးသော်လည်း ကြောက်ရွံ့ခြင်း မရှိကြောင်း ပြောကြားသည်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းရန်ရှိ