ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့ထားသည့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း (ပြင်ဆင်ချက်)နှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ရငွေ၊ သုံးငွေများမှ ငွေကျပ်ဘီလျံ ၄၇၀ ကျော် (ကျပ် ၄၇၈၄၅၂ ဒသမ ၅၁၅ သန်း)ကို လျှော့ချခွင့်ပြုရန် သြဂုတ် ၁၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။
အဆိုပါ ပြည်ထောင်စုအစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်ပြထားချက်အရ ရငွေပိုင်းတွင် ချေးငွေများ ထည့်သွင်းလျာထားပြီး ရငွေနှင့် သုံးငွေ ခြားနားမှုမရှိဘဲ ဘတ်ဂျက်လိုငွေမှာ ယခင်လွှတ်တော်မှ အတည် လျာထားပြီး ကျပ် ၃၇၅၇ ဒသမ ၅၀၈ ဘီလျံ အတိုင်းပင် ဖြစ်ပြီး လိုငွေနှင့် GDP အချိုးမှာ ၄ ဒသမ ၄၇ ရာခိုင်နှုန်းအတိုင်း ပြောင်းလဲမှု မရှိကြောင်း သိရသည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်အရ ရငွေတွင် ထည့်သွင်းလျာထားသည့် ချေးငွေများ မပါရှိပါက ဘတ်ဂျက်လိုငွေသည် ကျပ် ၄၆၉၉ ဘီလျံဖြစ်ပြီး လိုငွေနှင့် GDP အချိုးမှာ ၅ ဒသမ ၅၈ ရာခိုင်နှုန်းဖြစ်နေသည်ကိုတွေ့ရှိရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)ဦးအောင်မင်းက ပြောကြားသည်။
“၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ရငွေ၊ သုံးငွေများစိစစ်ရေး ပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့၏ စိစစ်တင်ပြချက်အရ စုစုပေါင်းငွေကျပ် သန်း ၄၇၈၄၅၂ ဒသမ ၅၁၅ (ကျပ်ဘီလျံ ၄၇၈ ကျော်) ကို လျှော့ချခွင့်ပြုသင့်ပါကြောင်း သဘောထား မှတ်ချက် တင်ပြအပ်ပါတယ်။ပြည်ထောင်စု ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက ပြည်ထောင်စု၏ လိုငွေသည် မူလလျာထားသည့် ကျပ် ၃၇၅၇ ဒသမ ၅၀၈ ဘီလျံမှ ကျပ် ၃၂၇၉ ဒသမ ၀၅၆ ဘီလျံအထိ လျော့ကျသွားပြီး လိုငွေနှင့် GDP အချိုးသည် ၃ ဒသမ ၉ ရာခိုင်နှုန်းသို့ ပြောင်းသွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ကော်မတီ၏ သဘောထားမှတ်ချက်အား ပြောကြားသည်။
မြန်မာနိုင်ငံသည် ၁၉၈၈- ၁၉၈၉ ခုနှစ်မှ လက်ရှိအချိန်ထိ ၂၈ နှစ်တိုင်တိုင် လိုငွေဘတ်ဂျက်နှင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည် တည်ဆောက်ခဲ့သော်လည်း LDC နိုင်ငံအဆင့်မှ မတက်သေးကြောင်း၊ လိုငွေ ဘတ်ဂျက်များ နှစ်စဉ်ရေးဆွဲ ဆောင်ရွက်ခဲ့သော်လည်း အဆိုပါဘတ်ဂျက်များ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိကို စဉ်းစားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယခင် ငါးနှစ်တာ ကာလအတွင်း ဘတ်ဂျက်များ ကုန်စင်အောင် မသုံးနိုင်ဘဲ ပြန်လည်အပ်နှံခဲ့သည့် ငွေများသည် ၂၀၁၁- ၂၀၁၂ ခုနှစ်တွင် ကျပ် ဘီလျံ ၆၇၉ ဖြစ်ပြီး ၂၀၁၂-၂၀၁၃ မှ ၂၀၁၅- ၂၀၁၅ အထိ နှစ်စဉ်ကျပ်ဘီလျံ ၂၀၀၀ ကျော်ခန့် ပြန်လည်အပ်နှံသည်ကိုတွေ့ရကြောင်း ဦးအောင်မင်းက ပြောကြားသည်။
“ဒီလို ပိုငွေတွေ ပြန်လည်အပ်နှံခြင်း အဓိက အကြောင်းရင်းကတော့ ဘတ်ဂျက်ခွဲဝေမှုမှာ အားနည်းချက်တွေ ဖြစ်နေတယ်လို့ ကျွန်တော်တို့ သုံးသပ်ရရှိပါတယ်” ဟု ဦးအောင်မင်းက ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စု၏ ရသုံးမှန်းခြေ ငွေစာရင်းများ ရေးဆွဲရာတွင် နှစ်လတ်ဘဏ္ဍာရေး မူဘောင်ရေးဆွဲခြင်း၊ မူဝါဒကိုအခြေခံသော ဘတ်ဂျက်ရေးဆွဲခြင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲကျင့်သုံးနေပြီ ဖြစ်သဖြင့် ဘတ်ဂျက်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ဘတ်ဂျက် ဖြစ်စေရေးအတွက် ဘတ်ဂျက်လို ငွေတွက်ချက်ရာတွင် ချေးငွေများကိုရငွေအဖြစ် တွက်ချက်ခြင်း မပြုသော ဆန်းစစ်ချက်ကို အခြေခံတွက်ချက်သော နည်းလမ်း (Analytical Method) ကို ကျင့်သုံး တွက်ချက်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ထို့အတူ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းခြင်းနှင့် စပ်လျဉ်း၍ွှ Treasury Bill Auction ကို ၂၀၁၄- ၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် စတင်သုံးစွဲခဲ့သော်လည်း ဗဟိုဘဏ်မှ ချေးယူငွေဖြစ်သည့် Treasury Bill တန်ဖိုးသည် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျပ် ၂၉၆၆ ဘီလျံအထိ တိုးတက် ဖြည့်ဆည်းပေးခဲ့ရခြင်းနှင့် စပ်လျဉ်း၍ အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်ပြီး ပြုပြင်ဆောင်ရွက်သွားသင့်ကြောင်း အစီရင်ခံစာ၌ သဘောထားမှတ်ချက် ပေးထားသည်။
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး အစီအစဉ် အခွန်ကောက်ခံမှုစနစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိရာတွင် ရိုးရှင်းလွယ်ကူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှုတို့ကို အခြေခံပြီး အခွန်တိမ်းရှောင်မှု၊ အခွန်လိမ်လည်မှုများနှင့် စပ်လျဉ်း၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဦးတည်ချက်ထားရှိ ဆောင်ရွက်သင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။
ယင်းအစီရင်ခံစာ၌ နိုင်ငံတော်အနေဖြင့် အခြေခံကျောင်းများ၊ ကျေးလက်ကျန်းမာရေး ဌာနများ တိုးချဲ့တည်ဆောက်မှုနှင့် စပ်လျဉ်း၍ အသုံးစရိတ်များကို မြေပြန့်၊ တောင်ပေါ်ဒေသ ခွဲခြားမှုမရှိဘဲ ပြည်ထောင်စု တစ်ခုလုံးအတွက် တစ်ပြေးညီ ဘတ်ဂျက် ခွင့်ပြုခြင်းအစား ဒေသအလိုက် ပကတိဖြစ်ပေါ်နေသော အခြေအနေများနှင့် ကိုက်ညီသော အသုံးစရိတ်များ ဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း အချက်လည်း ဖော်ပြထားသည်။
အလားတူ ဥပဒေကြမ်း ပူးပေါင်းကော်မတီကလည်း ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအခန်း (၁) တွင် ရငွေသုံးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အခန်း (၂) တွင် ချေးငွေဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အခန်း(၃)တွင် ပြည်ပအကူအညီ အထောက်အပံ့ဆိုင်ရာ ပြဋ္ဌာန်းချက်များ သီးခြားစီ ဖော်ပြထားသဖြင့် ရငွေသုံးငွေစာရင်းတွင် ချေးငွေများကို ထည့်သွင်း မပြုသင့်ကြောင်း လေ့လာတွေ့ရှိကြောင်း၊ လိုငွေနှင့် ဂျီဒီပီ အချိုးတွင် ပြည်ပချေးငွေများကို ထည့်သွင်း တွက်ချက်ခြင်းမပြုဘဲ ပကတိအခြေအနေ အမှန်အတိုင်း ရာခိုင်နှုန်း အတိအကျ ဖော်ပြသင့်ကြောင်း ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့်ပတ်သက်၍ ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။
ယင်းတို့နှင့် စပ်လျဉ်း၍ သည့် လွှတ်တော်ကိုယ်စားလှယ်များသည် သြဂုတ် ၁၇ ရက် နောက်ဆုံးထား အမည်စာရင်း ပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း ပြင်ဆင်ချက်တွင် ကျပ်ဘီလျံ ၄၇၀ ကျော်အား ဖြတ်တောက်ခွင့်ပြုရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်း