အနုပညာလောကထဲမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်တဲ့ သရုပ်ဆောင်တွေထဲကတစ်ဦးက သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားများ ရိုက်ကူးနေရာကနေ သုဒြာအမည်နဲ့ ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေးတစ်ခုကို တည်ထောင်ပြီး ပထမဆုံးပွဲဦးထွက် ဇာတ်ကားအနေနဲ့ ‘Reflection’ ဇာတ်ကားကို ကန်တော့ပွဲပေး အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးပွဲဦးထွက် ဇာတ်ကားမှာ အိန္ဒြာကျော်ဇင်ကိုယ်တိုင် အပါအဝင် မင်းသမီးလေးဦး ပါဝင်မှာဖြစ်ပြီး မင်းသားမပါဝင်ဘဲ အဓိကအမျိုးသမီး ဇာတ်ဆောင်လေးဦးနဲ့ ရိုက်ကူး ပုံဖော်သွားမှာပါ။ ‘သုဒြာ’ ရုပ်ရှင်ထုတ်လုပ်ရေးအနေနဲ့ စတင်လုပ်ဆောင်လာတဲ့ သရုပ်ဆောင်ထုတ်လုပ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့ တွေ့ဆုံပြီး ‘Reflection’ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အပါအဝင် သိလိုတာများကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး-မအူဝဲရဲ့ သုဒြာ ထုတ်လုပ်ရေးအနေနဲ့ ဒီဇာတ်ကားကို ရိုက်ဖြစ်တဲ့အကြောင်းလေး အရင်ဆုံး ပြောပြပေးပါဦး။
ဖြေ- အရင်ဆုံးစိတ်ကူးဖြစ်တာကတော့ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားလေးကို ထူးထူးခြားခြားလေးနဲ့ အမြင်ကွဲပြားအောင် လုပ်ချင်တယ်။ မင်းသားနဲ့ မင်းသမီးပဲ ဒီအတိုင်းပဲ သွားမယ်ဆိုလည်း ရိုးတယ်။ ဒါကြောင့် မင်းသားမပါဘဲ မင်းသမီးတွေချည်းပဲကို အက်ရှင်လေးနဲ့သွားမယ်။ ဖက်ရှင်ပိုင်းကိုလည်း သေချာလေး လုပ်သွားမယ်။ ကိုယ်တည်တဲ့ ဇာတ်ကလည်း အဲဒီလိုပုံစံပေါ့။ ပွဲဦးထွက်ကို ဆန်းဆန်းလေး ဖြစ်အောင် လုပ်လိုက်တဲ့သဘောပါ။
မေး- ဒီဇာတ်ကားမှာ မင်းသားမပါဘဲ မင်းသမီးချည်း လေးယောက်ရိုက်မယ်ဆိုတော့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မယ်လို့ထင်လဲ။
ဖြေ- ကိုယ်က တကယ်တော့ သတ္တိရှိတယ်လို့ ပြောရမှာပေါ့။ အဓိကတော့ တခြားအရာတွေ ဘာမှမကြည့်ဘူး။ ကိုယ်လုပ်ချင်တာ လုပ်လိုက်တာပဲ။ ဒီလိုပုံစံလေး ရိုက်ချင်တယ်။ ဒီလမ်းကြောင်းလေး ဒီလိုသွားချင်တယ်ဆိုပြီး လုပ်ချလိုက်တဲ့ သဘောပေါ့။ အဲဒီရဲ့အကျိုးဆက်ကတော့ နောက်ပိုင်းမှပဲ ဖြစ်ချင်ရာဖြစ်ပဲ။ ရှေ့မှာတော့ ကိုယ်ကြိုက်တာကို လုပ်လိုက်တဲ့ သဘောပါပဲ။
မေး- ဒီဇာတ်ကားမှာ မအူဝဲ အပါအဝင် မင်းသမီး လေးယောက်ကို ရွေးချယ်ရာမှာရော သူတို့နဲ့လိုက်ဖက်တဲ့ ဇာတ်ကောင်စရိုက်ပေါ်မ ူတည်ပြီး ရွေးချယ် ဖြစ်ခဲ့တာလား။
ဖြေ- အဓိကတော့ ဇာတ်ကောင်စရိုက်ပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာပါ။ မခိုင်ကြီး (ထွန်းအိန္ဒြာဗို) ဆိုလည်း သူ့နေရာနဲ့သူ လုပ်နိုင်တဲ့သူမျိုး ရွေးထားပါတယ်။ ကစ်ကစ် (ဝတ်မှုန်ရွှေရည်) ဆိုရင်လည်း Scene Serial ထွက်လာတဲ့အခါမှာ သူကြိုက်တဲ့ ဇာတ်ကောင်ကို ရွေးခိုင်းပါတယ်။ ကစ်ကလည်း သူနဲ့ လိုက်ဖက်နိုင်တာလေးကိုရွေးချယ်ပြီး လုပ်မယ်လို့ ပြောတယ်။ ပက်ထရစ်ရှာဆိုလည်း သူ့နေရာလေးနဲ့သူပေါ့။ ဒီမင်းသမီးလေးတွေကလည်း လှကြတယ်လေ။ အဲဒါလေးတွေလည်းကြည့်ပြီး ရွေးထားတာပါ။
မေး- ဒီဇာတ်ကားမှာ မင်းသမီးတစ်ယောက်စီကို Stylist တစ်ယောက်စီ ထည့်မယ်ဆိုတော့ Stylist တစ်ယောက်ချင်းစီရဲ့ အရေးပါမှုကိုရော ဘယ်လောက် ထည့်စဉ်းစားထားပါလဲ။
ဖြေ- အဓိကတော့ ဖက်ရှင်နဲ့အက်ရှင်ကို အဓိကသွားမှာဆိုတော့ ဖက်ရှင်ပိုင်းကို ရိုးရိုးတန်းတန်းကြီး လုပ်မယ်ဆိုရင် သိပ်ထူးခြားမှာ မဟုတ်ဘူး။ Stylist တစ်ယောက်ချင်းစီကို ဒီမင်းသမီးက ဒီအခန်းမှာ ဘယ်လိုတော့ ဖြစ်ရမယ်ဆိုတာလေးကို တိုင်ပင်ပြီးလုပ်ခိုင်းမယ်။ ပရိသတ်တွေကလည်း ကြည့်ရတဲ့အခါ ဟာကနဲဟင်ကနဲ ဖြစ်သွားအောင်လည်း လုပ်ချင်တယ်။ ဒါကတော့ ကိုယ်မျှော်လင့်တာပေါ့လေ။ ဖြစ်အောင်လို့လည်း ကိုယ်ကြိုးစားရမှာပါ။
မေး- ရုံတင်ပြသစနစ်အရ ရုံတင်ရမယ့်ရက်က ကြာကောင်းလည်း ကြာနိုင်တယ်ဆိုတော့ အဲဒီအပိုင်းအတွက် ရုံတင်မယ့်အချိန်မှာ အခုဝတ်ဆင် ရိုက်ကူးမယ့် အဝတ်အစားပိုင်းတွေနဲ့ အဆင်ပြေ မပြေကအစ စဉ်းစားဖြစ်လား။
ဖြေ- အဲဒါတော့ စဉ်းစားထားပါတယ်။ ခေတ်အလျောက် သွားနေတာ ဆိုတော့လေ သက်သက်ကြီး မဖြစ်သွားအောင်၊ မကျွံသွားအောင်တော့ စဉ်းစားထားပါတယ်။
မေး- အက်ရှင်အသားပေး ဇာတ်ကားဆိုတော့ ဇာတ်ရဲ့အလှည့်အပြောင်းတွေကရော ဘယ်လိုဖြစ်မလဲ။
ဖြေ- ဒါရိုက်တာရဲ့ ပညာတွေလည်းပါမှာပေါ့။ မင်းသမီးတွေရဲ့သရုပ်ဆောင်မှုပိုင်းလည်းပါမှာပေါ့။ အားလုံးပေါင်းပြီး လုပ်ဆောင်ကြရမှာပါ။
မေး- ဒီဇာတ်ကားရဲ့ဒါရိုက်တာအဖြစ် အန်ကယ်လေး (လူမင်း) ကို ရွေးချယ်ရတဲ့ အဓိက အကြောင်းရင်းကရော။
ဖြေ- အရှေ့မှာ သူဒါရိုက်တာအနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကားတွေလည်း ကြည့်ဖူးတယ်။ နောက်တစ်ခုက ဒါရိုက်တာအဖြစ် အန်ကယ်လေးရိုက်ပြီး အစ်မက သရုပ်ဆောင်အဖြစ် ပါဝင်ရတဲ့ ဇာတ်ကားလည်း ရှေ့မှာ ကယားမှာ သွားရိုက်ဖူးတဲ့အခါကျတော့ ဒါရိုက်တာတစ်ယောက်ရဲ့ Sense က သူ့မှာအပြည့်ရှိတယ်။ အစ်မရွေးထားတဲ့ ဇာတ်လမ်းပုံစံနဲ့ အန်ကယ်လေးရဲ့ရိုက်ချက်တွေနဲ့ကလည်း လိုက်ဖက်နေတယ်။ ဒါကြောင့် အန်ကယ်လေးကို ရွေးချယ်ဖြစ်သွားတာပါ။
မေး- သုဒြာထုတ်လုပ်ရေးရဲ့ ပထမဆုံးဇာတ်ကားအတွက် ပရိသတ်ကို ဘာများ ပြောချင်တာရှိမလဲ။
ဖြေ- ဒီဇာတ်ကားလေး ရိုက်မယ်လို့ အသံထွက်လာတာနဲ့ ပရိသတ်တွေက အရမ်းစိတ်ဝင်စားတယ်။ အဲဒီအတွက်လည်း ပရိသတ်ကို အရမ်းကျေးဇူးတင်ပါတယ်။ အဲဒီလိုဖြစ်အောင်လည်း အများကြီး ကြိုးစားထားပါတယ်။ ပုံစံတစ်မျိုး ကွဲထွက်တဲ့ ဇာတ်ကားဖြစ်အောင်လည်း အများကြီး ကြိုးစားသွားမှာပါ။
မေး- သုဒြာထုတ်လုပ်ရေးအနေနဲ့ နောက်ပိုင်းကိုရော ဘယ်လိုဇာတ်ကားမျိုးတွေ ထုတ်လုပ်သွားဖြစ်မလဲ။
ဖြေ- အဓိကတော့ အစ်မအနေနဲ့ ပရိသတ်ကို Taste အမျိုးမျိုးပေးချင်တယ်။ အက်ရှင်တို့ ဒရာမာတို့ အစုံပေါ့လေ။ အခုဒီဇာတ်ကားက အက်ရှင်ဒရာမာဆိုရင် နောက်ပိုင်းက ဟာသလည်း ဖြစ်ချင်ဖြစ်မယ်။ ရိုးမန့်စ်လည်း ဖြစ်ချင်ဖြစ်မယ်။ အဓိကတော့ ရသမျိုးစုံ ပေးချင်တာပါပဲ။ ပရိသတ် ကြိုက်စေနိုင်တဲ့ ကားမျိုးတွေကို ထုတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။
မေး- သရုပ်ဆောင်တွေက ကိုယ်ပိုင် ထုတ်လုပ်ရေး လုပ်တဲ့အခါ အကယ်ဒမီ ရစေနိုင်မယ့် ဇာတ်ကားမျိုးတွေကို ရွေးချယ် ရိုက်ကူးလေ့ရှိတယ်။ မအူဝဲကတော့ ကိုယ်ပိုင်ထုတ်လုပ်ရေး လုပ်တဲ့အခါ ဘာကြောင့် အခုလိုဇာတ်မျိုးကို ရွေးဖြစ်တာလဲ။
ဖြေ- အဲဒါကြောင့် အစ်မပြောတာပေါ့။ ကိုယ်လုပ်ချင်တာကို လုပ်ချလိုက်တာ။ အရင်ကတည်းက အိပ်မက်တစ်ခု က မင်းသမီးတွေချည်းပဲပါတဲ့ အက်ရှင်တွေ၊ ဖက်ရှင်တွေ အသားပေးတဲ့ ဇာတ်ကားမျိုး ရိုက်ချင်တာ။ စီးပွားရေး ကိုစပြီး ထူထောင်လိုက်တဲ့ အခါမှာလည်း ဒီလိုကားမျိုးနဲ့ စထွက်လိုက်တာ။ အကယ်ဒမီ ဘာညာဆိုတာလည်း ခေါင်းထဲမှာမရှိဘဲနဲ့ ပရိသတ် အမြင်ဆန်းဆန်းလေးနဲ့ ကားကောင်းတစ်ကား ကြည့်စေရမယ်ဆိုတဲ့ စေတနာနဲ့ လုပ်ဖြစ်လိုက်တဲ့သဘောပါ။
မေး- ကိုယ့်ထုတ်လုပ်ရေးက ဇာတ်ကားအပြင် တခြားဇာတ်ကားတွေရော ရိုက်ဖြစ်နေလား။
ဖြေ- ရိုက်ဖြစ်နေပါတယ်။ လောလောဆယ်ကို ရုပ်ရှင်ကားကြီးငါးကား လက်ခံထားပါတယ်။ လောလောဆယ်လည်း ရိုက်နေပါပြီ။