ထွက်ရှိခဲ့သည့် တေးစီးရီးခွေတိုင်းတွင် ပရိသတ် လက်ခံအားပေးမှု များပြားခဲ့သည့်အပြင် သရုပ်ဆောင်အပိုင်းတွင်လည်း ပရိသတ်ချစ်ခင်မှု ရရှိထားသူ အမျိုးသမီးလူငယ် အနုပညာရှင်တစ်ဦးမှာ ဝိုင်းစုခိုင်သိန်းဖြစ်သည်။ သရုပ်ဆောင်အဆိုတော် ဝိုင်းစုခိုင်သိန်းသည် စတုတ္ထမြောက် တစ်ကိုယ်တော် တေးစီးရီးခွေ ‘ဂါ’ ကို အောက်တိုဘာလအတွင်း ထွက်ရှိရန် ပြင်ဆင်ထားသည့်အပြင် သြဂုတ်လမှစတင်ကာ သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားများ ပြန်လည်ရိုက်ကူးရန် စီစဉ်ထားသူဖြစ်သည်။ အနုပညာခြေလှမ်းသစ်များစွာနှင့် တင်ဆက်နိုင်ရန် စီစဉ်လျက်ရှိသူ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံဖြစ်သည့်အခိုက် အသစ်ထွက်ရှိမည့် တစ်ကိုယ်တော် တေးစီးရီးခွေအကြောင်း၊ ဇာတ်ကားများ ပြန်လည်ရိုက်ကူးမည့် အကြောင်းအရာများ အပါအဝင် အနုပညာရေးရာအဖြာဖြာအား မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- ဝိုင်းစုရဲ့ တစ်ကိုယ်တော် တေးစီးရီးခွေသစ်လေး ထွက်မယ့်အကြောင်း ပြောပြပါဦး။
ဖြေ- ဝိုင်းစုရဲ့အခွေသစ်က အောက်တိုဘာလမှာ ထွက်ဖို့စီစဉ်နေပါတယ်။ အသံသွင်းတာတွေတော့ တော်တော်များများ ပြီးနေပါပြီ။ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေပါတယ်။
မေး- အခွေသစ်မှာပါဝင်မယ့် တေးရေးတွေကရော။
ဖြေ- တေးရေးတွေက ရွှေဂျော်ဂျော်၊ ဖိုးကာ၊ ညီမင်းခိုင်၊ သိန်းလင်းစိုး၊ ရွှေထူးတို့က ရေးထားပေးပါတယ်။ Featuring က စိုင်းစိုင်းရယ်၊ ဖြိုးပြည့်စုံရယ် X-Box ရယ်တို့က ဆိုပေးထားပါတယ်။
မေး- သီချင်းအကြောင်းအရာနဲ့ ဂီတပုံစံတွေကရော အရင်အခွေတွေနဲ့ဆိုရင် ဘာတွေပြောင်းလဲထားလဲ။
ဖြေ- ဝိုင်းစုဒီအခွေမှာ ပုံစံအများကြီး ပြောင်းလဲထားတာမျိုးတော့ မပါပါဘူး။ အရင်ဆိုနေကျ ပုံစံလေးတွေလည်းပါမယ်။ မပါဖူးသေးတဲ့ သီချင်းပုံစံလေး နည်းနည်းလည်းပါမယ်။ အကြောင်းအရာပိုင်းကလည်း အဲဒီလိုပါပဲ။ အချစ်အကြောင်း၊ ဘဝအကြောင်းနဲ့ ထူးခြားတဲ့ အကြောင်းအရာလေးတွေကိုလည်း ဒီတစ်ခေါက် အခွေထဲမှာ ထည့်ထားပါတယ်။ အဓိကတော့ ခေတ်နဲ့လိုက်ဖက်တဲ့ အကြောင်းအရာလေးတွေကို ထည့်ထားတာပါ။
မေး-Title ကို ‘ဂါ’ လို့ နာမည်ပေးဖြစ်တာကရော။
ဖြေ- ‘ဂါ’ ဆိုတာက လူငယ်တွေကြားမှာ အဲဒီစကားလုံးက ခေတ်စားတယ်လေ။ တစ်ခုခုကို အာရုံမရတာတို့၊ လုပ်လို့မရတာတို့ဆိုရင် ဂါတယ်ဆိုပြီး ပြောကြတယ်လေ။ အဲဒီပုံစံမျိုး သီချင်းလေး ရေးခိုင်းထားတာ။ ဝိုင်းစု စီးရီးခေါင်းစဉ်တွေကိုက အရှည်ကြီးတွေလည်း သိပ်မပေးချင်ဘူး။ အဲဒါကြောင့် တိုတိုလေးနဲ့ အဓိပ္ပာယ်လည်းထိမိတဲ့ ဒီစကားလုံးလေးကို ပေးဖြစ်တာပါ။
မေး-သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကားပြန်ရိုက်မယ့် အကြောင်းလေးလည်း ပြောပြပါဦး။
ဖြေ- ဝိုင်းစုက ဒီအလုပ်ကို ဝါသနာလည်းပါနေတဲ့ အခါကျတော့ ဝိုင်းစုကြိုက်တဲ့ ဇာတ်လမ်းလေးတွေ ရွေးချယ်ပြီး ရိုက်ကူးဖြစ်မယ့်သဘောပါ။ ဇာတ်လမ်းတွေကတော့ စပြီးရွေးချယ်နေပါပြီ။ ပရိသတ်တွေကလည်း ဝိုင်းစုရဲ့သရုပ်ဆောင်မှုကို မြင်ချင်တဲ့အခါကျတော့ ကြိုးစားဖြစ်တဲ့သဘောပါ။
မေး- သရုပ်ဆောင်ပိုင်းကို သေချာပြန်လုပ်ဖြစ်မယ့် သဘောပေါ့။
ဖြေ- ဟုတ်ပါတယ်။ သြဂုတ်လထဲမှာလည်း စိုင်းစိုင်းနဲ့ ဇာတ်ကားတစ်ကား ရိုက်ဖို့ လက်ခံထားသေးတယ်။ အဲဒါပြီးရင် ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ သရုပ်ဆောင်ဖြစ်မှာပါ။ သရုပ်ဆောင်ပိုင်းကိုနားထားတာ ဒီစီးရီးခွေ စလုပ်ကတည်းကဆိုတော့ အခုဒီအခွေလေးအတွက် အားလုံးအသင့်ဖြစ်သွားရင် သရုပ်ဆောင်ပိုင်းကို ပြန်ပြီး အားစိုက်ဖြစ်ပါမယ်။
မေး- မိသားစုစီမံကိန်းအနေနဲ့ ရင်သွေးလေးယူဖို့ကိုရော ဘယ်လိုစိတ်ကူးထားလဲ။
ဖြေ- ဝိုင်းစုတို့ပထမတော့ ဒီနှစ်ကုန်လောက် ရင်သွေးလေးယူမယ်လို့ စဉ်းစားထားတာ။ နောက်တော့ ဇာတ်ကားရိုက်တွေအတွက်လည်း လာကမ်းလှမ်းသလို ပရိသတ်တွေကလည်း ကြည့်ချင်ကြတယ်ဆိုတော့ ဦးစားပေး ဖြစ်သွားတဲ့သဘောပါ။ ရင်သွေးလေးယူဖို့ကတော့ နည်းနည်းအချိန်ယူပါဦးမယ်။
မေး- တစ်ကိုယ်တော်ပွဲလုပ်ဖို့ စီစဉ်ထားတာကရော။
ဖြေ- အဲဒါကလည်း အခု ‘ဂါ’ ဆိုတဲ့ စီးရီးသစ်လေးထွက်မယ့် အချိန်ကိုစောင့်နေတာ။ အဲဒီအခွေထွက်ပြီးတာနဲ့ တစ်ကိုယ်တော်ပွဲအတွက် စပြီးပြင်ဆင်သွားပါမယ်။ မတူကွဲပြားတဲ့ တင်ဆက်မှုလေးတွေနဲ့ ဖျော်ဖြေနိုင်အောင် ပြင်ဆင်သွားမှာပါ။ ပရိသတ်တွေလည်း ခဏတော့ စောင့်ပေးကြပါဦးလို့ ပြောချင်ပါတယ်။ ဒီတစ်ခေါက် တစ်ကိုယ်တော်ပွဲကတော့ ရန်ကုန်မှာပဲ လုပ်ဖြစ်မှာပါ။
မေး-ကိုယ်ပိုင် ထုတ်လုပ်ရေးအနေနဲ့လည်း ဇာတ်ကားတွေ ရိုက်ဖြစ်မယ်ဆို။
ဖြေ- အဲဒီလို စိတ်ကူးတော့ရှိပါတယ်။ ဝိုင်းစုလည်းကြိုက်ပြီး ပရိသတ်အတွက် ရသ အသစ်အဆန်း ဖြစ်စေမယ့် ဇာတ်လမ်း ဇာတ်အိမ် ပုံစံလေးတွေဆို ရိုက်ဖြစ်သွားပါမယ်။ ဖြည်းဖြည်းချင်း ရွေးချယ်သွားပြီး ရိုက်ဖြစ်မှာပါ။
မေး- အနုပညာသက်တမ်း ဖြတ်သန်းမှု ကာလတစ်လျှောက်မှာ အခုအချိန်အထိ ကိုယ်လုပ်နိုင်ခဲ့သလောက် အနုပညာမှတ်တိုင်တွေကို ကျေနပ်ရဲ့လား။
ဖြေ- ဝိုင်းစု ဒီအနု ပညာအလုပ်တွေ စလုပ်ကတည်းက ကိုယ်တတ်သလောက် အစွမ်းကုန် ကြိုးစားခဲ့တယ်။ ပရိသတ်ကလည်း အားပေးကြတာကြောင့် အခုလိုနေရာ တစ်နေရာမှာ ရပ်တည်နိုင်တာပါ။ ဖြတ်သန်းခဲ့ပြီးသလောက် ပြန်ကြည့်မယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိ ကျေနပ်ပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ အများကြီးတော့ ကြိုးစားကြည့်ချင်ပါသေးတယ်။ သီချင်းတွေလည်း အများကြီး ဆိုချင်သေးသလို သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရိသတ်အတွက် တင်ဆက်ခွင့် ရချင်ပါသေးတယ်။ အနုပညာဆိုတာ လေ့လာဆည်းပူးမှုလည်း မကုန်ဆုံးနိုင်တာကြောင့် အမြဲတမ်းလည်း လေ့လာဆည်းပူးမှုတွေ လုပ်ဖြစ်နေမှာပါ။
မေး- ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဖို့ကိုရော ပြင်ဆင်ထားပြီးပြီလား။
ဖြေ- ရုပ်သံဇာတ်လမ်းတွဲဆိုတာကျတော့ ပုံမှန်ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေနဲ့တော့ ပုံစံနည်းနည်းကွဲပြားပါတယ်။ အသေးစိတ် ပိုပြီးသရုပ်ဆောင်ရမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းတွဲမှာ ဘယ်လိုကာရိုက်တာမှာ သရုပ်ဆောင်ရမယ်ဆိုတာတော့ နောက်ပိုင်းမှ အသေးစိတ်ပြောပြပါမယ်။ ဇာတ်လမ်းတွဲတွေက အခုပရိသတ်တွေလည်း စိတ်ဝင်စားမှုများ စပြုလာပြီဆိုတော့ ဝိုင်းစုတို့ အနုပညာရှင်တွေဘက်ကလည်း အကောင်းဆုံးဆက်ပြီး အားထုတ်ရမယ်လို့ထင်ပါတယ်။ ဝိုင်းစုသရုပ်ဆောင်ခွင့်ရမယ့် ဇာတ်လမ်းတွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်သွားပါမယ်။
မေး- ပြည်ပဖျော်ဖြေပွဲတွေ သွားဖို့ရှိဦးမလား။
ဖြေ- ဟုတ်ရှိပါတယ်။ ပြည်ပပွဲတွေ ကမ်းလှမ်းထားတာတွေရှိတယ်။ နည်းနည်းတော့ လိုသေးတယ်။ ပွင့်လင်းရာသီမှာ ပိုများမယ်ထင်ပါတယ်။
မေး- ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိဦးမလား။
ဖြေ- ပရိသတ်တွေရှိလို့လည်း ဝိုင်းစု ရပ်တည်နိုင်တာပါ။ ဝိုင်းစုကို အမြဲချစ်ခင်အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဝိုင်းစု တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားသွားပါဦးမယ်။