အမျိုးသားလွှတ်တော် တောင်သူလယ်သမား ကော်မတီသို့ တိုင်ကြားစာ ၉၀၀ ကျော် ရောက်ရှိနေပြီး မြေယာ အငြင်းပွားမှုနှင့် မြေယာ မှုခင်းများကို အမြန်ဆုံး ဖြေရှင်းသင့်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ပြောကြား

အမျိုးသားလွှတ်တော် တောင်သူလယ်သမား ကော်မတီသို့ တိုင်ကြားစာ ၉၀၀ ကျော် ရောက်ရှိနေပြီး မြေယာ အငြင်းပွားမှုနှင့် မြေယာ မှုခင်းများကို အမြန်ဆုံး ဖြေရှင်းသင့်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ပြောကြား
Published 30 July 2016
စိုးမင်းထိုက်

အမျိုးသားလွှတ်တော် တောင်သူလယ်သမား ကော်မတီသို့ တိုင်ကြားစာ ၉၀၀ ကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် မြေယာ အငြင်းပွားမှုနှင့် မြေယာ မှုခင်းများကို အမြန်ဆုံး ဖြေရှင်းသင့်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းက The Daily Eleven သတင်းစာကို ဇူလိုင် ၃၀ ရက်က ပြောကြားသည်။ဦးဘမျိုးသိန်းက “တောင်သူလယ်သမား ကော်မတီသို့ တိုင်ကြားစာပေါင်း ၉၀၀ ကျော် ရောက်ရှိလာပါတယ်။ အဲဒီ တိုင်ကြားစာတွေကို လောလောဆယ်မှာတော့ စိစစ်နေတုန်းပဲ ရှိပါသေးတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက် ပြန်ခွဲရဦးမှာပေါ့။ သာမန်ကိစ္စမျိုး ဆိုရင်တော့ ဒုတိယသမ္မတ ဦးစီးတဲ့ လယ်ယာမြေကော်မတီကို ပို့မယ်။ စိစစ်ဖို့ လိုတယ် ဆိုရင်တော့ မြေပြင်ကွင်းဆင်းပြီး သေချာ စိစစ်ရမှာပေါ့။ စိစစ်ပြီးလို့ ထပ်မံ လိုအပ်သေးတယ် ဆိုရင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးထံကို ပို့မယ်။ တိုင်စာတွေကို သေချာပြန်ခွဲရဦးမယ်။ စိစစ်ဖို့ လိုတယ်ဆိုရင်တော့ ဥက္ကဋ္ဌထံကို ပို့မှာပေါ့” ဟု ၎င်းက ပြောကြားသည်။ဆက်လက်၍ “မြေယာ အငြင်းပွားမှုတွေ၊ မြေယာ မှုခင်းတွေကို အမြန်ဆုံး ဖြေရှင်းသင့်ပြီ။ နောက်တစ်ခုကတော့ မိုးစပါးချေးငွေတွေ မှန်မှန်ကန်ကန်ရဖို့ လိုတာပေါ့။ ဒါမှလည်း တောင်သူတွေ အဆင်ပြေမှာပါ” ဟု ၎င်းက ပြောကြားသည်။ယခု ရောက်ရှိလာသည့် တိုင်ကြားစာများကို အတိအကျ မစိစစ်ရသေးကြောင်း၊ မည်သည့် ဒေသများက အများဆုံး ရောက်ရှိသည်ကို စိစစ်ရဦးမည်ဖြစ်ကြောင်း၊ ယခင်က ရောက်ရှိလာသည့် တိုင်ကြားစာများတွင် နေပြည်တော်မှ တိုင်ကြားထားမှု များကြောင်း၊ ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးများမှလည်း များပြားကြောင်း သိရသည်။“တိုင်ကြားစာတွေကို သက်ဆိုင်ရာ ဌာနတွေကို ပေးပို့ပါတယ်။ တကယ်ဖြေရှင်းလို့ ရတာက လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီပဲ ဖြစ်တယ်။ အဲဒီ ကော်မတီကိုလည်း အားမရကြဘူး။ အခုတော့ ဒုတိယသမ္မတ ဦးဆောင်တဲ့ အဖွဲ့လည်း ဖွဲ့ထားပြီးပြီ။ အဲဒီ ကြားလေးထဲမှာ ဖြစ်နေတာပေါ့။ တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ မြေယာ အငြင်းပွားမှုတွေ၊ မြေယာ မှုခင်းတွေကို အမြန်ဆုံး ဖြေရှင်းသင့်ပြီ” ဟု တောင်သူလယ်သမား ကော်မတီ ဥက္ကဋ္ဌက ပြောကြားသည်။လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီကို စောင့်ကြည့်နေကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အဖွဲ့များ ဖွဲ့ပြီးပြီဟု သိရကြောင်း၊ ယင်းကော်မတီများ အနေဖြင့် အဓိက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့နယ်၊ ခရိုင် ကော်မတီများတွင် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့်အတွက် ပိုပြီး အဆင်ပြေလာမည်ဟု ထင်မြင်ကြောင်း၊ လက်တွေ့လုပ်နိုင်ရန် လိုအပ်ကြောင်း၊ မှန်ကန်သည့် သတင်းအချက်အလက် ရရန် လိုအပ်ကြောင်း၊ ဖြစ်စဉ်အမှန်သိရန် လိုအပ်ကြောင်း၊ အချို့ ဖြစ်စဉ်များသည် ဥပဒေမဲ့ လုပ်သွားခဲ့သည်များ ရှိခဲ့ကြောင်း၊ ထူးခြားမှုတစ်ခု အနေဖြင့် ပြန်လည် စိစစ်ရေး ကော်မတီတွင် တောင်သူလယ်သမားကို ကိုယ်စားပြုသည့် အသင်းအဖွဲ့များ ပါဝင်မည်ဖြစ်ကြောင်း၊ ယခင်ကလည်း ပါဝင်ခဲ့ကြောင်း၊ သို့ရာတွင် နီးစပ်သူများကို ထည့်ထားသည့်အတွက် မပြောရဲ မဆိုရဲ ဖြစ်နေကြ၍ လယ်သမားများကို ကိုယ်စားပြုမှု အားမကောင်းခဲ့ကြောင်း၊ တောင်သူများနှင့် တကယ်သက်ဆိုင်သည့်သူများ ပါလာမှသာ အားကောင်းလာမည်ဖြစ်ကြောင်း၊ သို့မှသာ အကောင်အထည် ဖော်ရာတွင် ထိရောက်မည်ဖြစ်ကြောင်း ဦးဘမျိုးသိန်းက ပြောကြားသည်။“နောက်တစ်ခုကတော့ မိုးစပါးချေးငွေတွေ မှန်မှန်ကန်ကန် ရဖို့ပေါ့။ တချို့ နေရာတွေမှာ ၁၀ ဧက ရှိတာကို တစ်ဧကပဲ ချေးငွေရတာတွေ ရှိတယ်လို့ သိရတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်ကျမှ ဘဏ်စာအုပ် ရတယ်။ ပုံစံ (၇) ရတယ်။ လူသစ်တွေကျတော့ ငါးဧက ရှိလည်း တစ်ဧကလောက်ပဲ ရတယ်။ အရင်နှစ်တုန်းကတော့ လူဟောင်းတွေလည်း ဧကရှိသလောက် ရကြတယ်။ အဲဒီလိုလေးတွေ ကွာခြားနေတာလေးတွေ ရှိနေတယ်။ ပုံစံ (၇) ထုတ်ပေးတဲ့ ကိစ္စမှာ အငြင်းပွားနေတာတွေ ရှိတယ်။ အငြင်းပွားမှုအပေါ် အခြေခံပြီးတော့ လယ်ယာမြေ ကျူးကျော်မှုတွေ ပေါ်ပေါက်လာတာပေါ့။ ဒါကြောင့် ပုံစံ (၇) ထုတ်ပေးတဲ့ ကိစ္စကို သေချာ ပြန်စိစစ်သင့်တယ်။ ဘာလို့လဲဆိုတော့ ရသင့်ရထိုက်တဲ့သူတွေ ရဖို့အတွက်ပေါ့။ မြေကြီးမြေပုံ မှန်ကန်ဖို့ အရေးကြီးပါတယ်။ မှန်ကန်အောင် လုပ်တဲ့နေရာမှာ အားနည်းနေတယ်။ တောင်သူတွေ အတွက်က နစ်နာမှုတွေ ရှိနေတုန်းပဲ။ တောင်သူတွေ နစ်နာမှု မရှိအောင် ဖြေရှင်းပေးသင့်ပြီ” ဟု တောင်သူလယ်သမား ကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်းက ပြောကြားသည်။

Most Read

Most Recent