မင်္ဂလာရှိတဲ့နိုင်ငံ

မင်္ဂလာရှိတဲ့နိုင်ငံ
Published 29 July 2016
မောင်ကြည်

ဗုဒ္ဓမြတ်စွာသည် ၃၈ ပါးရှိသော မင်္ဂလာ တရားတော်တို့ကို ဟောကြားတော်မူခဲ့ပါသည်။ “မင်္ဂလာ” ဟူသည် ကြီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော အလုပ်ကိုခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါ မင်္ဂလာတရားများအတိုင်း လိုက်နာကျင့်သုံးသူကို “မင်္ဂလာ ရှိသောလူ”၊ လိုက်နာကျင့်သုံးသော နေရာကို “မင်္ဂလာရှိသောနေရာ”၊ လိုက်နာကျင့်သုံးသောနိုင်ငံကို “မင်္ဂလာရှိသောနိုင်ငံ” ဟု ခေါ်ဆိုနိုင်ပါသည်။၃၈ ဖြာမင်္ဂလာတရားတော်မှ ပထမဆုံး မင်္ဂလာသုံးပါး အကြောင်းကို စဉ်းစားကြည့်မိပါသည်။ အဆိုပါ မင်္ဂလာသုံးပါးမှာ (၁) လူဆိုးလူမိုက်တို့ကို မပေါင်းသင်းခြင်း၊ (၂) ပညာရှိ သူတော်ကောင်းတို့ကို ပေါင်းသင်းခြင်း၊ (၃) ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံသည် အဆိုပါ မင်္ဂလာသုံးပါး ပြည့်စုံရုံမျှနှင့်ပင် တော်တော်လေး ကျက်သရေ မင်္ဂလာရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နိုင်သည်ဟု တွေးနေမိပါသည်။နိုင်ငံတစ်ခုကို အကြမ်းဖျဉ်း ခွဲခြားလိုက်လျှင် “အုပ်ချုပ်သူ” နှင့် “အုပ်ချုပ်ခံ” လူတန်းစားနှစ်မျိုး ပေါ်ပေါက်လာပါသည်။ အုပ်ချုပ်သူသည် “အစိုးရ” ဖြစ်ပြီး အုပ်ချုပ်ခံသည် “ပြည်သူ” ဖြစ်နိုင်ပါသည်။ အုပ်ချုပ်ရေး ယန္တရားထဲမှာ ပါဝင်သူမှန်သမျှ “အစိုးရ”၊ အဆိုပါ ယန္တရားအောက်မှာ နေရသူမှန်သမျှကို “ပြည်သူ” ဟုသတ်မှတ်ကာ စဉ်းစားကြည့်ကြပါစို့။အဆိုပါ လူတန်းစားနှစ်ခုသည် နိုင်ငံတစ်နိုင်ငံထဲမှာ မလွဲမသွေ ဆက်ဆံနေရသော လူအုပ်စုနှစ်စု ဖြစ်သည်။ တစ်နည်းပြောရလျှင် “အစိုးရ” နှင့် “ပြည်သူ” ကြားမှာ နေ့စဉ်နှင့်အမျှ အချိန်တိုင်း ထိတွေ့ပွတ်တိုက်မှု အမြဲရှိနေသည်။ ထိုကဲ့သို့ ထိတွေ့ပွတ်တိုက်မှု မရှိအောင် ရှောင်လွှဲ၍ မရပါ။ အဘယ်ကြောင့်ဆိုသော် အစိုးရနှင့် ပြည်သူသည် မခေါ်ချင်လည်းမရ၊ မတော်ချင်လည်း မရသည့် အနေအထားမှာ တည်ရှိနေသောကြောင့် ဖြစ်ပါသည်။နိုင်ငံတစ်နိုင်ငံမှာ နေ့စဉ်နှင့်အမျှ ပေါင်းသင်းဆက်ဆံနေရသော အဆိုပါ အုပ်စုနှစ်စုသည် တစ်စုပေါ်တစ်စု အပြန်အလှန် မှီခိုအားထားနေရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ “အစိုးရ” နှင့် “ပြည်သူ” သည် “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” အနေအထားမှာရှိသည်။ “ပြည်သူ” ရှိနေ၍ “အစိုးရ” ပေါ်ပေါက်လာခြင်းဖြစ်သည်။ “ပြည်သူ” မရှိလျှင် “အစိုးရ” လည်း ပျောက်ကွယ်သွားမည်သာ။ထို့ကြောင့် “ပြည်သူ” နှင့် “အစိုးရ” နှစ်ခုစလုံး ရေရှည်တည်တံ့ဖို့ အဆိုပါအုပ်စုနှစ်စု သဟဇာတဖြစ်ဖို့ လိုသည်။ သင့်မြတ်ညီညွတ်နေဖို့ အင်မတန် အရေးကြီးသည်။ “ငါ” ရှိနေဖို့ “သူ” လည်းရှိနေမှ ဖြစ်မည်ဟူသော အချက်ကို အပြန်အလှန် သဘောပေါက်ထားဖို့ လိုပါသည်။ထိုအချက်ကို မူတည်ပြီး ကျွန်တော် ဆက်စဉ်းစားကြည့်သည်။ သို့ဆိုလျှင် “အစိုးရ” နှင့် “ပြည်သူ” ရေရှည်တည်တံ့ဖို့၊ သင့်သင့်မြတ်မြတ် အတူလက်တွဲ ပေါင်းသင်းသွားဖို့ အုပ်စုနှစ်စုကြားမှာ အပြန်အလှန် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ မရှိမဖြစ် လိုအပ်လာပါသည်။ ထို့အပြင် တစ်ဦး၏အကျိုးကို တစ်ဦးက လိုလားသည့် “မေတ္တာတရား” လည်းရှိထားသင့်ပါသေးသည်။ တစ်ဦး၏ အခွင့်အရေးကို တစ်ဦးက လေးစားလိုက်နာသည့် သဘောထားကြီးမှုလည်း လိုအပ်ပြန်ပါသေးသည်။ သို့မှသာ အုပ်စုနှစ်စုကြား အပြန်အလှန် မနာလိုဝန်တိုမှု၊ အမုန်းပွားမှု၊ သံသယဖြစ်မှုတို့ ကင်းစင်လွင့်ပျောက်နိုင်မည် မဟုတ်ပါလား။အထက်ပါ ကောင်းမြတ်သည့် အရည်အချင်းများနှင့် ပြည့်စုံဖို့ဆိုလျှင် “အစိုးရ” နှင့် “ပြည်သူ” အုပ်စုနှစ်စုကြားမှာ “ပညာရှိ သူတော်ကောင်း ဆက်ဆံရေး” ရှိထားဖို့ လိုအပ်ပါသည်။ဗုဒ္ဓမြတ်စွာက “မင်္ဂလသုတ်တော်” ကို ဟောတော်မူရာ၌ ဦးစွာပထမ “လူဆိုးလူမိုက်တို့ကို မပေါင်းနှင့်” ဟုမိန့်တော်မူပါသည်။ ထို့ကြောင့် “အစိုးရ” သည် ပြည်သူ့အတွက် လူဆိုးလူမိုက်မဖြစ်ဖို့ လိုပါသည်။ ထို့အတူ “ပြည်သူ” သည်လည်း အစိုးရအတွက် လူဆိုးလူမိုက် မဖြစ်ဖို့လိုပါသည်။ အကယ်၍ အစိုးရက လူဆိုးလူမိုက်အသွင် ဆောင်လာခဲ့သော် ပြည်သူက ပြန်လည်တည့်မတ် ထိန်းကျောင်းပေးရမည်။ လမ်းမှားပေါ် ရောက်နေသည့် အစိုးရကို လမ်းမှန်ပေါ် ပြန်လည်ဆွဲခေါ်တင်ပေးရလိမ့်မည်။ထို့အတူပါပဲ။ အကယ်၍ ပြည်သူက လူဆိုးလူမိုက် အသွင်ဆောင်လာခဲ့သော် အစိုးရက ပြောဆိုဆုံးမရမည်။ ပြည်သူကျူးလွန်သည့် အပြစ်အသေးအကြီးပေါ် မူတည်ပြီး ပြစ်ဒဏ်အသီးသီး ချမှတ်ကျင့်သုံးရမည်သာ ဖြစ်သည်။တစ်ခါတစ်ရံ ပြည်သူ၏ အကျိုးစီးပွား အလို့ငှာ အလိမ္မာဉာဏ်ပညာဖြင့် ဥပါယ်တံမျဉ်း သုံးသင့်သုံးရမည်။ အစိုးရကောင်းဟူသည် လူနာရောဂါပျောက်ဖို့ ဆေးခါးကြီး တိုက်ရသော သမားတော်နှင့် တူရမည်ဟု ဆိုထားသည် မဟုတ်ပါလား။ အဓိက ပြောလိုရင်းမှာ နိုင်ငံတစ်နိုင်ငံ မင်္ဂလာရှိဖို့ နံပါတ် (၁) အစိုးရနှင့် ပြည်သူ အပြန်အလှန် လူဆိုးလူမိုက် မဖြစ်ဖို့ပါပဲ။နံပါတ် (၂) အချက်အနေနှင့် “အစိုးရ” ရော “ပြည်သူ” ပါ ပညာရှိ သူတော်ကောင်းဖြစ်ဖို့ လိုအပ်ပါသည်။ “အစိုးရ” သည် ပြည်သူ့အတွက် ပညာရှိ သူတော်ကောင်းဖြစ်ရမည်။ “ပြည်သူ” ကလည်း အစိုးရအတွက် ပညာရှိ သူတော်ကောင်း ဖြစ်ရမည်။ “ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းသူသည် ကိစ္စတစ်ဝက် မကဘူး။ ကိစ္စအလုံးစုံ ပြီးစီးသည်” ဟု မြတ်စွာဘုရားက မိန့်တော်မူထားပါသည်။ ထို့ကြောင့် ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းရသော အစိုးရသည် လည်းကောင်း၊ ပညာရှိ သူတော်ကောင်းနှင့် ပေါင်းသင်းရသော ပြည်သူသည်လည်းကောင်း ကိစ္စအလုံးစုံ ပြီးစီးသည့် နိုင်ငံတော်ကို အတူလက်တွဲ ပူးပေါင်းကာ ထူထောင်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲ သေချာလှပါသည်။နံပါတ် (၃) အချက်ကတော့ ပူဇော်ထိုက်သူကို ပူဇော်ခြင်း မင်္ဂလာကို “အစိုးရ” ရော “ပြည်သူ” ပါလေးစားလိုက်နာဖို့ပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ လေးစားဂုဏ်ပြုထိုက်သူတွေ ရှိကြပါသည်။ နိုင်ငံအပေါ် ကျေးဇူးပြုခဲ့သည့် အဆိုပါပုဂ္ဂိုလ်တို့ကို ပူဇော်သင့်သည့် အချိန်မှာ ပူဇော်ရပါမည်။ သူတစ်ပါး၏ ကျေးဇူးတရားကို အသိအမှတ်ပြုကာ ချီးကျူးဂုဏ်ပြုသူတွေ  ထွန်းကားသောနိုင်ငံသည် ကျက်သရေ မင်္ဂလာပေါင်းနှင့် ပြည့်စုံပါသည်။နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် နယ်ပယ်အသီးသီးမှာ တိုးတက်ဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကို အစိုးရက ဦးဆောင်ကာ ဖော်ထုတ်ချီးကျူး ဂုဏ်ပြုပူဇော်ရပါမည်။ ထိုအခါ ပြည်သူကလည်း ပူးပေါင်းပါဝင်ကူညီ ပံ့ပိုးပေးရပါမည်။ ထိုကဲ့သို့ အစိုးရနှင့် ပြည်သူ ကြည်ဖြူစွာ ပူဇော်သည့် ဂုဏ်ပြုပွဲများသည် နောင်လာမည့် မျိုးဆက်သစ်တို့၏ ရင်ထဲနှလုံးသားထဲသို့ “မျိုးချစ်စိတ်” “နိုင်ငံချစ်စိတ်” ပေါက်ဖွားရှင်သန်လာအောင် မျိုးစေ့ချလိုက်သည်နှင့် အတူတူပါပဲ။အထက်မှာ တင်ပြခဲ့သည် မင်္ဂလာသုံးပါး ပြည့်စုံရုံမျှနှင့်ပင် နိုင်ငံတစ်နိုင်ငံသည် ကျက်သရေမင်္ဂလာပေါင်းနှင့် တော်တော်လေး ပြည့်စုံနေပါပြီ။ လက်ရှိ ကျွန်တော်တို့အားလုံး မျှော်မှန်းနေကြသော အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းတိုးတက် ဖွံ့ဖြိုးသည့် နိုင်ငံတစ်ခု ပေါ်ပေါက်ရေးတို့သည် အဆိုပါ မင်္ဂလာသုံးပါးအပေါ် မူတည်နေကြောင်းကိုလည်း တွေ့ရပါသည်။နိုင်ငံတစ်နိုင်ငံ ကြီးပွားချမ်းသာဖို့အတွက် ဦးစွာမင်္ဂလာ ရှိဖို့လိုပါသည်။ မင်္ဂလာရှိတဲ့ နိုင်ငံဖြစ်ဖို့အတွက် ဗုဒ္ဓဟောကြားတော်မူသည့် မင်္ဂလာတရားတော်အတိုင်း လိုက်နာကျင့်ကြံရုံမှတစ်ပါး အခြားမရှိပြီ။

Most Read

Most Recent