ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြုံယမ်းရဲ့ဖိတ်စာ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြုံယမ်းရဲ့ဖိတ်စာ
ဇူလိုင် ၂၅ ရက်က လာအိုနိုင်ငံ ဗီယန်ကျင်းရှိ အမျိုးသား ကွန်ဗင်းရှင်းစင်တာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Young Ho တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ဇူလိုင် ၂၅ ရက်က လာအိုနိုင်ငံ ဗီယန်ကျင်းရှိ အမျိုးသား ကွန်ဗင်းရှင်းစင်တာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Young Ho တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
Published 29 July 2016
ဒေါက်တာရန်မျိုးသိမ်း

ပြုံယမ်းဟာ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေနဲ့ လုံးလားထွေးလားဖြစ်နေတဲ့ အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အလည်အပတ်လာဖို့ ဖိတ်ကြားခဲ့တယ်။ နျူကလီးယားပြဿနာ၊ လူ့အခွင့်အရေးပြဿနာနဲ့ နိုင်ငံတကာ ဆက်ဆံရေးပြဿနာတွေကြားက ပြုံယမ်းဟာ စိတ်ဝင်စားစရာဖြစ်ပေမယ့် ကိုယ့်နိုင်ငံထဲမှာလည်း ပြဿနာတွေက ထောင်ပုံရာပုံ ဖြစ်နေတာက ပကတိ အရှိတရားပါ။  တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်လို့၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြုံယမ်းကို မသွားသင့်သေးကြောင်း သတိပေးသံများကလည်း ကျယ်လောင်နေဆဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အပြောင်းအလဲ တည်ငြိမ်၊ အရှိန်ရလာဖို့ကို လူထုခေါင်းဆောင် အနေနဲ့ ပိုအလေးပေးဖို့ လိုတယ်လို့လည်း သုံးသပ်ကြပါတယ်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၆ ရက် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ မြန်မာသံအမတ်ကြီး နေအိမ်မှာ မြန်မာသတင်းစာဆရာတွေနဲ့ တွေ့တဲ့အခါ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွေက အလည်အပတ်လာဖို့ တရားဝင် ဖိတ်ထားတယ်လို့ ပြောခဲ့တယ်။ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ) ကလည်း အလည်အပတ်လာဖို့ တရားဝင်ဖိတ်တယ်ဆိုတော့ နည်းနည်းဆန်းသလို ဖြစ်နေတယ်။ မြောက်ကိုရီးယားဟာ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုအားကောင်းအောင် ချဉ်းကပ်ပုံဖော်နေတာကို တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသတွင်းမှာရော၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေ အကြားမှာရော အရေးပါတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာနေတာကြောင့်  အလည်အပတ် လာရောက်ဖို့ ဖိတ်တာဖြစ်နိုင်တယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ မြောက်ကိုရီးယားကို အလည်အပတ် လာရောက်မယ်ဆိုရင် နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာမှာ မြောက်ကိုရီးယား အနေနဲ့ အကျိုးအမြတ်ကောင်းကောင်း ရနိုင်မယ်လို့လည်း အပိုင်တွက်ထားပုံလည်းရတယ်။မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ၂၃ ကြိမ်မြောက် အာဆီယံဒေသတွင်း ဖိုရမ်ကိုတက်ဖို့ ဗီယန်ကျင်းမှာ ရောက်နေခဲ့တယ်။ ဇူလိုင် ၂၅ ရက် ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုနဲ့ တွေ့တယ်။ အဲဒီမှာ ရီယောင်ဟိုက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ဖိတ်ကြားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြန်တိုင်ပင်ရဦးမယ်လို့ အသိပေးပြီး လာဖြစ်မယ်၊ မလာဖြစ်ဘူး ဘာမှအကြောင်းမပြန်ခဲ့ဘူး။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ) ကို သွားသင့်သလား၊ မသွားသင့်ဘူးလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာ ဖြစ်လာတယ်။ နောက် မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက်အရေးကြီးလဲဆိုတဲ့ မေးခွန်းကလည်း မေးစရာ ဖြစ်နေတယ်။ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဟာ မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ် သွားရောက်တယ်လို့ သတင်းမကြားမိဘူး။ အဲဒီလိုပဲ အစိုးရဟောင်း ထိပ်တန်းပုဂ္ဂိုလ်တွေဟာ မြောက်ကိုရီးယားနဲ့ ခပ်တန်းတန်းနေခဲ့တာကို တွေ့ရတယ်။ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ထိပ်သီးအစည်းအဝေးတွေ ကျင်းပတဲ့ကာလမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့တယ်။ သမ္မတဟောင်း ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ခဲ့တယ်။ နောက် ၂၀၁၅ ခုနှစ်နှစ်ဆန်းပိုင်းမှာ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အလည်အပတ် လာရောက်ခဲ့တယ်။ ယခင်အစိုးရလက်ထက် မြန်မာနဲ့မြောက်ကိုရီးယား ဆက်ဆံရေးကိုကြည့်ရင် အဲဒီလောက်ပဲ ရှိတာကို တွေ့ရတယ်။အာဆီယံ ဒေသတွင်း ဖိုရမ်မှာ အမေရိကန်ရော၊ မြောက်ကိုရီးယားပါ တက်ခဲ့ပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကတော့ တင်းမာနေဆဲ ဖြစ်တာကို တွေ့ရတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေဟာ ဒေသတွင်းမှာတင်မက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ အလွန်အမင်း ခြိမ်းခြောက်နေတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယား ဒုံးလက်နက် စမ်းသပ်တာတွေ ဆက်လုပ်နေမယ်ဆိုရင် ထိရောက်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ပြောခဲ့တယ်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေကို စိုးရိမ်တကြီး၊ သတိကြီးကြီးထား စောင့်ကြည့်နေတာကတော့ ကြာပါပြီ။မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုကတော့ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေကြောင့် အခြေအနေ ပိုဆိုးရတာဖြစ်တယ်။ နောက်ထပ် နျူကလီးယား စမ်းသပ်တာတွေ လုပ်၊ မလုပ်ဆိုတာ အမေရိကန်အပေါ်မှာ လုံးလုံးမူတည်တယ်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲဟာလည်း အမေရိကန်ကြောင့် ပျက်ပြားခဲ့ရတာ ဖြစ်တယ်လို့  တုံ့ပြန်ခဲ့တယ်။ အမေရိကန်က မြောက်ကိုရီးယားအနေနဲ့ အီရန်ကို အတုယူဖို့ ပြောနေတဲ့အချိန်မှာ အခြေအနေတွေ ပိုဆိုးလာတာဟာ အမေရိကန်ကြောင့်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့တယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးက မကောင်းဘူး။ မြောက်ကိုရီးယားကလည်း နျူကလီးယား စမ်းသပ်တာတွေ ဆက်လုပ်နိုင်သလို၊ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ဒေသတွင်း စိုးရိမ်မှုတွေကလည်း မြင့်တက်နေဦးမှာပဲလို့ သုံးသပ်နိုင်တယ်။(၄၉) ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကနေ ဇူလိုင် ၂၄ ရက်စွဲနဲ့ထုတ်တဲ့ ပူးတွဲကြေညာချက်ရဲ့ အပိုဒ် ၁၈၈ မှာ ကိုရီးယား ဒီမိုကရက်တစ်သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ) အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၆ ရက် နျူကလီးယား စမ်းသပ်ခဲ့တာ၊ ဖေဖော်ဝါရီ ၇ ရက် ဒုံးကျည်ပစ်လွှတ်ခဲ့တာ၊ ဇူလိုင် ၉ ရက် တာဝေးပစ်ဒုံးပျံ ပစ်လွှတ်ခဲ့တာ အပါအဝင် ကိုရီးယားကျွန်းဆွယ်က လတ်တလောဖြစ်ပေါ် တိုးတက်တာတွေကို အာဆီယံက အလေးထားတယ်လို့ ဆိုတယ်။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရဲ့ အရေးကြီးတာကို အလေးထားတဲ့အပြင် ငြိမ်းငြိမ်းချမ်းချမ်း ဖော်ဆောင်မယ့် ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့ရေး အစီအစဉ်ကို အာဆီယံနိုင်ငံတွေက ထောက်ခံခဲ့တယ်။ နောက်ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၂၇၀ အပါအဝင် ဆုံးဖြတ်ချက်တွေ အားလုံးကို လိုက်နာဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့ နိုင်ငံတွေအားလုံးက ဘုံလုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်။ ကိုရီးယားကျွန်းဆွယ်နျူကလီးယား ကင်းမဲ့ရေးကို ငြိမ်းချမ်းစွာ ဖော်ဆောင်တဲ့အခါ ပိုမိုအားကောင်းလာအောင် ခြောက်နိုင်ငံ ဆွေးနွေးပွဲတွေ စောစောပြန်စနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ထူထောင်သင့်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တယ်။အခုလို တင်းမာနေဆဲ အခြေအနေမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို တရားဝင် အလည်အပတ် သွားရောက်မယ်ဆိုရင် အကျိုးထက်၊ အဆိုးဘက် ပိုကဲနိုင်တယ်လို့ သုံးသပ်နိုင်တယ်။ မြောက်ကိုရီးယားရဲ့ အာဏာရှင်စနစ်ကို ကျားကန်ပေးသလို ဖြစ်မှာကလည်း စိုးရိမ်စရာပါ။ မြန်မာနိုင်ငံနဲ့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ကိုယ့်တိုင်းပြည်ထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ၂၁ ရာစုပင်လုံ၊ စီးပွားရေး ပြန်လည်ထူထောင်ရေးစတဲ့ စိန်ခေါ်မှုတွေ မြင့်မားနေတဲ့ ကာလမှာ နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာထက် ကိုယ့်ပြည်တွင်း မျက်နှာစာကို ဦးစားပေးဖို့ လိုအပ်မယ် ထင်ပါတယ်။ မြောက်ကိုရီးယားရဲ့လူ့အခွင့်အရေး အခြေအနေကလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မသွားသင့်သေးဘူးလို့ တိုက်တွန်းနေသလို ဖြစ်ပါတယ်။ နျူကလီးယားကိစ္စ၊ ခြောက်နိုင်ငံ ဆွေးနွေးပွဲကိစ္စတွေဘက်က ကြည့်ရင်လည်း မြောက်ကိုရီးယားကို နားချနိုင်ဖို့ဆိုတာ အတော့်ကို မလွယ်ဖြစ်နေပါတယ်။ ပြန်လည်ထူထောင်စ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ လုပ်စရာတွေ၊ ပြောင်းစရာ ပြင်စရာတွေ တစ်ပုံတစ်ပင်ကြီး ရှိနေတဲ့ကာလမှာ နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာမှာ ပါဝင်ကစားဖို့ထက်၊ ကိုယ့်အမျိုးသား အကျိုးစီးပွားကို အလေးပေးဖို့က ပိုအရေးကြီးတယ်လို့ သုံးသပ်သံတွေလည်း ကြားနေရပါတယ်။ အမေရိကန်ကလည်း မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို သတိကြီးကြီးထား ဆက်စောင့်ကြည့်နေပုံရတယ်။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်က ပြုံယမ်းခရီးစဉ်ကို မကန့်ကွက်ရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံထဲက စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေကို ထိထိရောက်ရောက် ချဉ်းကပ်အဖြေရှာနိုင်ဖို့ ဦးစားပေးတဲ့ အနေနဲ့ ပြုံယမ်းခရီးစဉ်ကို မစဉ်းစားသင့်ဘူးလို့ ထင်ပါတယ်။  နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းမှာ စိတ်ဝင်စားစရာတွေလည်း တွေ့ရပါတယ်။ ၁၉၇၅ ခုနှစ် မေလမှာ မြန်မာနိုင်ငံနဲ့ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ (မြောက်ကိုရီးယားနိုင်ငံ) အကြား သံတမန် ဆက်ဆံရေး စတင်ခဲ့တယ်။ အဲဒီမတိုင်ခင် ၁၀ နှစ် ၁၉၆၅ ခုနှစ် ဧပြီ ၁၀ ရက်မှာ မြောက်ကိုရီးယား ဝန်ကြီးချုပ် Kim II Sung ဟာ အင်ဒိုနီးရှားနိုင်ငံကိုအသွား မင်္ဂလာဒုံလေဆိပ်မှာ ခရီးတစ်ထောက်နားခဲ့တယ်။ မြောက်ကိုရီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Ho Dam ဟာ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလမှာ လာရောက်လည်ပတ်ခဲ့တယ်။ သမ္မတ ဦးနေဝင်းဟာ ၁၉၇၇ ခုနှစ် စက်တင်ဘာလမှာ ပြုံယမ်းသို့ ပထမဆုံး ချစ်ကြည်ရေး အလည်အပတ်ခရီး သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးမောင်မောင်ခဟာ ၁၉၇၉ ခုနှစ် ဇူလိုင် ၁၃ ရက်၊ နိုင်ငံခြားရေးဝန်ကြီး ဦးချစ်လှိုင်ဟာ ၁၉၈၂ ခုနှစ် ဇူလိုင်မှာ မြောက်ကိုရီးယားကို အလည်အပတ် သွားခဲ့တယ်။ မြန်မာနိုင်ငံဟာ ၁၉၈၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ မြောက်ကိုရီးယားနဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့တယ်။ ၁၉၈၅ ခုနှစ်တုန်းက မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံတွေဖြစ်တဲ့ ဆိုဗီယက်၊ တရုတ်၊ အရှေ့ဂျာမနီ၊ ပိုလန်နဲ့ ယူဂိုဆလားဗီးယားကတစ်ဆင့် မြန်မာနိုင်ငံနဲ့ သံတမန် ပြန်ဆက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ရန်ကုန်နဲ့ ပြုံယမ်းဆက်ဆံရေးဟာ ၁၉၉၀ ပြည့် ၁၀ စုနှစ်နှောင်းပိုင်းအထိ အေးစက်နေခဲ့တယ်။၂၀၀၀ ပြည့်နှစ် ဇူလိုင်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်လိုကြောင်း အကြောင်းကြားခဲ့တယ်။ ၂၀၀၇ ခုနှစ် ဧပြီ ၂၆ မှာတော့ မြန်မာဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Kim Yong II တို့ဟာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြန်လုပ်ခဲ့တယ်။ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၇ ရက် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ ပြုံယမ်းခရီးစဉ်ဟာ ၁၉၈၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ခဲ့တယ်။ ၂၀၀၈ ခုနှစ်ထဲမှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အပြင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်နဲ့ ဗိုလ်မှူးချုပ် အောင်သိန်းလင်းတို့ဟာ မြောက်ကိုရီးယားနိုင်ငံကို အလည်အပတ် သွားရောက်ခဲ့တယ်။ သံတမန် ပြန်ဆက်ပြီးတဲ့နောက် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးဟာ အတော့်ကို နီးကပ်ခဲ့တယ်လို့ ပြောနိုင်တယ်။အချုပ်ပြောရရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ထိလွယ်ရှလွယ် ဖြစ်နေတဲ့အခိုက် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြောက်ကိုရီးယား ပြဿနာဟာ ထိလွယ်ရှလွယ် ဖြစ်နေဆဲဆိုတာ သတိပြုသင့်တယ်။ အရင်အစိုးရတုန်းကတောင် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရ ထိပ်တန်းပုဂ္ဂိုလ်တွေတောင် ခြေဦးမလှည့်ခဲ့တဲ့ ပြုံယမ်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခြေဦးမလှည့်ဖို့ စဉ်းစားတာ ပိုကောင်းမယ် ထင်ပါတယ်။ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီ အပြောင်းအလဲချောမွေ့ဖို့ အဓိက ပံ့ပိုးပေးနိုင်တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ၊ ဂျပန်၊ တောင်ကိုရီးယားလို နိုင်ငံတွေက ပြုံယမ်းခရီးစဉ်ကို အကြောင်းပြုလို့ ငြိုငြင်သွားမယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးမဖြစ်၊ အဆိုးဖြစ်နိုင်တာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မြောက်ကိုရီးယား ပြဿနာကို အာဆီယံ၊ အာဆီယံဒေသတွင်းဖိုရမ် စတဲ့ဒေသတွင်း နိုင်ငံရေးစင်္ကြ ံလမ်းတွေကနေ ချဉ်းကပ်တာက ပိုအလုပ်ဖြစ်နိုင်မယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြုံယမ်းကို သွားတာထက် အမေရိကန်၊ တရုတ်၊ ဂျပန်အပါအဝင် အနောက်နိုင်ငံတွေ၊ အာဆီယံ အပါအဝင် ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ တိုင်ပင်နှီးနှော ခေါင်းချင်းရိုက် ဖြေရှင်းဖို့ ကြိုးစားတာက ပိုအလုပ်ဖြစ်နိုင်တယ်လို့ ထင်မြင်မိပါကြောင်း မီးမောင်းထိုး၊ တိုက်တွန်းလိုက်ရပါတယ်။(ကျွန်တော့်ဖေ့စ်ဘွတ်မှာ ပြုံယမ်းရဲ့ဖိတ်စာနဲ့ ပတ်သက်လို့ အမြင်သဘောထား ဆွေးနွေးခဲ့တဲ့ မိတ်ဆွေ၊ ရဲဘော်၊ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။)

Most Read

Most Recent