မြန်မာနိုင်ငံ၏ နယ်စပ်ဒေသနှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် တရားဝင် ကုန်သွယ်မှု ပိုမို တိုးတက်လာစေရေး အကူအညီပေးရန် ကမ္ဘာ့ဘဏ် ပြင်ဆင်နေ

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသနှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် တရားဝင် ကုန်သွယ်မှု ပိုမို တိုးတက်လာစေရေး အကူအညီပေးရန် ကမ္ဘာ့ဘဏ် ပြင်ဆင်နေ
Published 27 July 2016
နီလာ

ကမ္ဘာ့ဘဏ် အနေဖြင့် နယ်စပ်ဒေသနှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် တရားဝင် ကုန်သွယ်မှု ပိုမို တိုးတက်လာစေရေးအတွက် အကူအညီပေးရန် ပြင်ဆင်နေကြောင်း ကမ္ဘာ့ဘဏ်မှ သိရသည်။“ကမ္ဘာ့ဘဏ် အနေဖြင့် သိပ်မကြာသေးခင်ကပဲ DTIS ဆိုတာ ထုတ်ထားပါတယ်။ အဲဒီမှာ informal ဖြစ်နေတဲ့ ကုန်သွယ်မှုတွေကို ဘယ်လို formal ဖြစ်အောင် လုပ်ဖို့၊ အဲဒီလိုမျိုး လုပ်တဲ့အတွက် နယ်စပ်ဒေသတွေ၊ ပဋိပက္ခ ဖြစ်ပွားနေတဲ့ သူတွေအတွက် သူတို့တွေရဲ့ ဝင်ငွေတွေ ဘယ်လိုမြင့်လာမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘဏ် အနေနဲ့ ဒါကို တိုက်ရိုက် support လုပ်နေတာတော့ မရှိပါဘူး။ ဒါပေမဲ့ indirectly အနေနဲ့ လုပ်နေပါတယ်” ဟု ကမ္ဘာ့ဘဏ်မှ country economist ဒေါ်မေသက်ဇင်က ပြောကြားသည်။အထူးသဖြင့် DTIS (Diagnostic Trade Integration Study) မှ trade reform program ၌ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပိုမိုလွယ်ကူလာစေရေး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေး၊ အကောက်ခွန်နှင့် ပတ်သက်ပြီး စနစ်တကျ ကောက်ခံနိုင်ရေး စသည်ဖြင့် ကူညီပေးလျက်ရှိကြောင်း သိရသည်။ထို့ပြင် နယ်စပ်ဒေသ တိုးတက်ရေးအတွက် တိုက်ရိုက်အကူအညီပေးခြင်း မဟုတ်သော်လည်း နယ်စပ်ဒေသ တိုးတက်ရေးနှင့် စပ်လျဉ်းသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကူညီပေးနေခြင်းဖြစ်သည်။“informal trade ကို နှစ်ခုခွဲလို့ ရတယ်ပေါ့။ တစ်ခုကတော့ ကိုယ့်ပိုင်နယ်မြေ ဒေသတွေ ဖြစ်နေတာကိုတော့ ကမ္ဘာ့ဘဏ် အနေနဲ့ ဘာမှ တိုက်ရိုက်လုပ်ထားတာ မရှိပါဘူး။ DTIS မှာကတော့ ဒီလိုမျိုးရှိတဲ့ ကုန်သွယ်မှုတွေကို ပြောင်းလဲလိုက်လို့ရှိရင် လူတွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ၊ ဘာတွေ တိုးတက်မှု ရှိနိုင်မလဲ ဆိုတာကို study လုပ်ထားတာပေါ့နော်။ နောက်တစ်ခုက အစိုးရ အနေနဲ့ ကိုယ့်ပိုင်နယ်မြေ မဟုတ်တဲ့ နေရာတွေမှာ ရှိတဲ့ informal trade ကို study လုပ်ဖို့ နောက်ထပ်လာမယ့် economic monitor မှာ စီစဉ်ထားပါတယ်။ ဒါတွေကို ဘယ်လို နည်းလမ်းနဲ့ formal economy ထဲကို ရောက်အောင်လုပ်မလဲ ဆိုတာကိုတော့ ဒီဇင်ဘာလလောက်မှာ ထွက်မယ့် economic monitor မှာ စီစဉ်ထားပါတယ်” ဟု ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် ဒေါ်မေသက်ဇင်က ပြောကြားခဲ့သည်။ကုန်သွယ်မှုတွင် တရားဝင် ကုန်သွယ်မှုထက် တရားမဝင် ကုန်သွယ်မှု ပိုမို များပြားနေခြင်းသည် မြန်မာနိုင်ငံတွင် ဖြေရှင်းရမည့် အရေးတကြီး ဖြစ်နေသည့် ပြဿနာများ အနက် တစ်ခုဖြစ်နေသည်။တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်း ၁၅ ခုကို ဖွင့်လှစ်ထားကြောင်း သိရသည်။မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ သုံးသန်းကျော် ပိုမို ကုန်သွယ်ခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။