သံတစ်ချောင်း လိုနေတာကြောင့်

သံတစ်ချောင်း လိုနေတာကြောင့်
Published 27 July 2016
ဒေါက်တာခင်မောင်ညို

(၁)
တစ်နေ့သ၌ ကျွန်တော့်ထံသို့ လူငယ်တစ်ယောက် ရောက်လာသည်။
“ကျွန်တော် ကုမ္ပဏီတစ်ခုမှာ အလုပ်ရလို့ ဆရာ့ကို လာကန်တော့တာ”
“အေး ကောင်းတယ်၊ ဘယ်ကုမ္ပဏီလဲ”
“ ------ ဂျာနယ်မှာပါ ဆရာ”
“ဟာကောင်းတာပေါ့၊ မင်းအဲဒီမှာ ဘာလုပ်ရလဲ”
“မားကက်တင်းပါဆရာ”
“ဟေ၊ မင်းဝါသနာ ပါလို့လား”
“ရတဲ့အလုပ် ဝင်လုပ်ရတာ ဆရာ၊ ကျွန်တော်က အရင်ကတည်းက စာတွေဖတ်တော့ မာကက်တင်းလုပ်တာ အတော်အဆင်ပြေတယ်  ဆရာ၊ ဒီနောက်ပိုင်းမှာ ကျွန်တော်က စာရေးတဲ့အပိုင်းမှာ ဝင်လုပ်တယ်ဆရာ၊ သတင်းလည်း ရေးတယ်။ ဆောင်းပါးလည်း ရေးတယ်ဆရာ၊ ဆရာ့စာတွေကိုလည်း ဖတ်ရပါတယ်ဆရာ၊ ဆရာကျွန်တော်တို့ ဂျာနယ်မှာလည်း စာရေးတယ် မဟုတ်လား”
“အေးကွ”
“ကျွန်တော်က ဒါဆို ဆရာမဟုတ်ဘူးလို့ ထင်နေတာ၊ နောက်ဓာတ်ပုံတွေ တွေ့တော့မှ ဆရာမှန်းသိတယ်”
“အေးကွ၊ တပည့်တွေတင် ဘယ်ကမလဲ၊ ဆရာ့သူငယ်ချင်း ဆရာတွေကလည်း မယုံကြပါဘူး။ သူတို့ကို အချို့တပည့်တွေမေးရင် ဟုတ်မယ်ထင်ပါဘူးကွာ၊ မင်းတို့ဆရာ စာရေးတတ်တာမှ မဟုတ်ဘဲလို့ ပြောကြတယ်”
(၂) 
ကျွန်တော်တက္ကသိုလ်တွင် ၂၆ နှစ် စာပြဖူးပါသည်။ ထို့ကြောင့် တစ်ခါတစ်ခါ တပည့်များ အိမ်ရောက်လာကာ တစ်ယောက်တစ်ပေါက် ပြောကြဆိုကြ ငြင်းခုံတတ်ကြသည်။
“ဆရာက နိုင်ငံခြားက ပါရဂူဘွဲ့ယူလာပြီး တက္ကသိုလ်မှာ ဘာလို့ ဆက်မလုပ်လဲဆရာ”
“လောကကြီးမှာ ကြံစည်တာလည်း မဖြစ်ဘူး။ မကြံစည်တာလည်း ဖြစ်တတ်တယ်။ ဆရာဟာ တစ်သက်လုံး တက္ကသိုလ်ဆရာပဲ လုပ်မယ်လို့ စိတ်ကူးခဲ့တာပါ။  စာရေးတာကတော့ တက္ကသိုလ် ရောက်စဉ်ကတည်းကရေးတာပါ”
“ဆရာတို့သင်ထားတဲ့ပညာက နှမြောစရာကြီး”
“မှန်ပါတယ်။ ဆရာက အသက် ၆၀ ကျော်တဲ့အထိ ပြင်ပမှာ စာသင်ပါတယ်။ ဆရာ ပညာပေးနိုင်သမျှ ပေးပါတယ်။ ဒါပေမဲ့ စာရေးတဲ့ဘက်ကို တဖြည်းဖြည်း ရောက်သွားတယ်၊ တကယ်တော့ ဘယ်သူ ဘာပညာသင်သင် ပညာရေးဆိုတာ အတွေးအခေါ်အမြော် အမြင်ကို မြင့်မားစေတယ်။ တကယ်တော့ ပညာဆိုတာ အလင်းရောင်ပါပဲ”
“ဒီလိုဆို ဆရာဝန်တွေ စာရေးဆရာတွေ ဖြစ်ကုန်တာ အများကြီးကို ဆရာအပြစ်မမြင်ဘူးပေါ့”
“အပြစ်မဟုတ်ပါဘူး။ စနစ်ကသာ ခွဲတန်းစနစ် ဖြစ်နေလို့ပါ။ သူတို့နေရာမှာ တကယ်ဆေးကုတဲ့သူတွေ ဆရာဝန်ဖြစ်ရင် ကောင်းမယ်လို့ ထင်ကြတယ်”
“ဒါလည်း မှန်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ဖြစ်ဖြစ် အင်ဂျင်နီယာဖြစ်ဖြစ် ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ အရေးကြီးတယ်”
(၃)
တပည့်သည် ကျွန်တော်ပြောသော (Professionalism)ကို နားလည်ဟန် မတူပေ။
“ဆရာ ဘာကိုဆိုလိုတာလဲ ဆရာ”
“Professional တွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိရတယ်။ မိမိတာဝန်ယူထားတဲ့ အလုပ်မှာ အမှားအယွင်း မဖြစ်အောင် အစွမ်းကုန် ကြိုးစားကြရတယ်”
“ဒါကတော့ ဘယ်သူမဆို အလုပ်လုပ်ရင် မှားမှာတော့ ကြောက်တာပဲ၊ မှားမှာစိုးလို့ မလုပ်တဲ့သူတွေ အများကြီးပဲ”
“အမှားအယွင်း ဖြစ်နိုင်တယ်ဆိုတဲ့ စွန့်စားမှုကိုတော့ လက်ခံရတာတွေ ရှိတယ်”
“မှားယွင်းရင်ကော ဆရာ၊ “
“တစ်ခါတလေလောက်ဆိုရင် မဆိုးဘူးပေါ့။ ဒါပေမဲ့ ခဏခဏ မှားနေရင်တော့ ဒါကို တာဝန်ယူရတော့မှာပဲ”
“ဒါဆို ဆရာဝန်တို့၊ အင်ဂျင်နီယာတို့ရဲ့ အလုပ်ဟာ အရေးပါတယ်ပေါ့ ဟုတ်လား ဆရာ”
“အရေးပါပါတယ်။ ဥပမာလူတစ်ယောက်ဟာ ဆရာဝန် ဖြစ်လာတယ်။ ဆရာဝန် အလုပ်ကိုလုပ်ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ တကယ်တမ်း သူက အလုပ်လုပ်တယ်ဆိုတဲ့ စကားကိုမသုံးရဘူး။ သူတို့လုပ်တာက အလုပ်မဟုတ်ဘူး။ သူတို့ဟာ ပရော်ဖက်ရှင်နယ်ဖြစ်အောင် လုပ်ရပါတယ်”
“ဘယ်လို”
“ဆရာဝန်ဖြစ်ဖြစ်၊ အင်ဂျင်နီယာဖြစ်ဖြစ်၊ ကျောင်းဆရာပဲဖြစ်ဖြစ် သူတို့အလုပ်ကို အလုပ်လို့ သဘောမထားဘဲ ကျွမ်းကျင်သူ Professional ဖြစ်အောင်ကြိုးစားရမယ်”
“Professional ဖြစ်အောင် ဘယ်လို ကြိုးစားရမလဲ ဆရာ”
“Professional ဆိုတာ လုပ်ငန်းအပေါ် သစ္စာရှိရတယ်။ ဆရာဝန်ဟာ ရန်သူကို မကုဘူး။ မိတ်ဆွေကိုပဲ ကုတယ် ဆိုတာမျိုး မလုပ်ရဘူး။ ဆင်းရဲချမ်းသာခွဲပြီး ပိုက်ဆံပိုရတဲ့လူကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ကုသပြီး ပိုက်ဆံမရတဲ့သူကို နောက်တစ်မျိုးဆက်ဆံ လို့ မရဘူး။ ဆန္ဒာဂတိလိုမျိုးကို ရှောင်တာပေါ့”
“ဒါပဲလားဆရာ”
“ပညာရပ်တွေဟာ တစ်နေ့တခြား တိုးတက်နေတယ်။ဒီတော့ Professional တွေဟာ စာအမြဲဖတ်ရပါတယ်။ ဖြစ်နိုင်ရင် Work Shop တို့၊ Seminar တို့ကို မကြာခဏဆိုသလို တက်ပေးရတယ်။ ကျောင်းဆရာတွေလည်း ဒီလိုပဲ”
“ဆရာတွေနဲ့ပတ်သက်လို့တော့ ကြားဖူးတယ်။ ကျောင်းသားဗဟိုပြု သင်ကြားခြင်း Child Centered Approach ဆိုလား ပြောနေကြတယ်။ ဆရာတွေဟာ အဲဒီလိုပြောင်းလဲသင်တဲ့အခါတွေမှာ အတွေ့အကြုံမရှိသေးရင် ပြဿနာတွေတက်နိုင်တယ်။ ဒါ ကြောင့် ဆရာတွေကို သင်တန်းတွေပေးဖို့ လိုတယ်။ Seminar တွေ ပေးရမယ်။ ပြီးတော့ ကမ္ဘာမှာ ကျောင်းသားတွေကို ရိုက်နှက်ဆုံးမတယ်ဆိုတာ မရှိတော့ဘူး”
“ကျွန်တော်တို့ဆီတော့ ရိုက်လည်း ရိုက်တယ်။ ထိပ်လည်း ခေါက်တယ်ဆရာ”
(၄)
ရိုက်သောအလေ့အထ ကျွန်တောတို့ဆီ များစွာကျန်နေသေးသည်။ ချော့တာထက် ခြောက်တာက များသည်။
“ဆရာ၊ ဆရာဝန်တွေ အင်ဂျင်နီယာတွေ နဲ့ကျောင်းဆရာတွေ Professional တွေ မဖြစ်ကြရင် ဘယ်လိုဆိုးကျိုးတွေ ရှိမလဲ ဆရာ”
“ပြည်သူတွေ နစ်နာတာပေါ့။ တကယ်တမ်း Professional ဖြစ်တာနဲ့ မဖြစ်တာဟာ အများကြီးမကွာလှဘူး။ မင်း ငယ်ငယ်က For Want of a nail ဆိုတဲ့ ပုံပြင်လေးကြားဖူးလား”
“ဆရာပဲပြောပြပါ”
“For Want of a nail ဆိုတာ သံတစ်ချောင်းလိုတာကို ပြောတာပါ။ ရှေးအခါက လူတစ်ယောက်ဟာ တစ်ဖက်ရွာကို သွားဖို့ရှိတယ်။ သူဟာ  တောအုပ်ကြီးတစ်ခုကိုဖြတ်ပြီး သွားမှသာ သူလိုချင်တဲ့ နေရာကို ရောက်မယ်တဲ့။ ဒါနဲ့သူမြင်းပေါ်တက်ဖို့လုပ်တော့ မြင်းကိုစစ်တဲ့သူငယ်က ဆရာမြင်းရဲ့ခွာမှာ သံတစ်ချောင်း လိုနေတယ်လို့ ပြောတယ်။ သာမန်မြင်းတွေဟာ သူတို့ကိုယ်ပိုင်ခွာနဲ့ သွားကြပေမယ့် လူတွေစီးတဲ့ မြင်းတွေကိုကျတော့ သံခွာတွေ ရိုက်ပေးတတ်တယ်”
“ကျွန်တော်တို့ တောမှာနေတော့ မြင်းသံခွာရိုက်တာ ခဏခဏ သွားကြည့်ဖူးတယ်”
“အဲဒီခရီးသွားကုန်သည်က ငါ့မှာအချိန်မရှိတော့ဘူး။ မမှောင်ခင် တောအုပ်ထဲကို ဖြတ်မှဖြစ်မယ်။ ဒါကြောင့်သွားပြီဆိုပြီး ရွာကနေ ထွက်ခွာသွားတယ်။ လမ်းမှာ သူ့မြင်းရဲ့သံခွာတစ်ဖက် ပြုတ်ထွက်သွားတယ်။မြင်းဟာ မပြေးနိုင်တော့ဘူး။ သူတို့ တောအုပ်ကိုဖြတ် တော့ မှောင်နေပြီ၊ မြင်းစီးကုန်သည်ဟာ ပစ္စည်းတွေ အလုခံလိုက်ရပြီး အသတ်လည်း ခံလိုက်ရတယ်တဲ့”
“သံတစ်ချောင်းပဲလိုတာနော်”
(၅)
“တို့မြန်မာပြည် ပညာရေးလည်း ဒီလိုပဲ ထင်ပါရဲ့”
“ဘယ်လိုလဲဆရာ”
“ပရော်ဖက်ရှင်နယ်ဖြစ်ဖို့ သံတစ်ချောင်း လိုနေတယ်နဲ့တူတယ်”
“သံတစ်ချောင်း ပြန်ရိုက်လိုက်ရင် ပြီးသွားမှာပေါ့”
“မရတော့ဘူး။ ခုတော့ ခွာတစ်ခုလုံး ပြုတ်နေပြီနဲ့ တူတယ်”
“ဒါကြောင့် ကျွန်တော်တို့ မြန်မာတွေဟာ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်တွေမွေးမြူရမယ်။ မိမိတာဝန်ထမ်းဆောင်နေတဲ့ Profession မှာ Professional ဖြစ်အောင် ကြိုးစားရမယ်။ ဒီအတွက် အမြဲမပြတ်လေ့လာ ဆည်းပူးနေကြရမယ်”
 

Most Read

Most Recent