(၁) လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က သစ်တောဋ္ဌာနမှာ အလုပ်လုပ်စဉ်ကပေါ့။ သစ်တော စိုက်ခင်းမှာ တာဝန်ကျတာ။ မြို့ကလေး မပြောနဲ့ အနီးဆုံး ရွာကလေးရောက်အောင် နှစ်နာရီလောက် လမ်းလျှောက်ရတယ်။ စိုက်ခင်းကိုသွားတဲ့ တောလမ်းတစ်လျှောက်မှာ သစ်ပင်တွေ အများကြီး ရှိနေတော့ နေမထိုးဘူး။ လယ်ကွင်းတွေ၊ ယာကွက်တွေ ဖြတ်သွားချိန်မှာ အိမ်ကလေးတွေ၊ တဲကလေးတွေကို တွေ့ရတယ်။(၂) အများစုကတော့ ဝါးနဲ့ဆောက်တဲ့ ထရံကာသက်ငယ် မိုးတဲကလေးတွေပါ။ သွပ်မိုးဆိုတာ မတွေ့ရဘူး။ နည်းနည်းတတ်နိုင်သူတွေက သစ်သားတိုင်နဲ့ လျှာထိုးအခင်းနဲ့။ တဲကလေးတွေက သုံးဖက်ကာ များတယ်။ ခါးလောက် အမြင့်တွေဆိုတော့ ဧည့်သည်လာရင် တင်ပါးလွှဲ တက်ထိုင်လို့ရတယ်။ ဘာခြံစည်းရိုးမှ မရှိကြပါဘူး။ အလုပ်သွားရင်၊ အပြင်သွားရင် တဲကို ဒီအတိုင်းထားခဲ့ကြတာ။ သော့ခတ်စရာလား၊ တံခါးတောင်မှ မရှိတာဗျာ ဘယ်လိုလုပ်ခတ်ရမှာလဲ။(၃) သော့ခတ်တဲ့ အဆောက်အအုံဆိုလို့ စိုက်ခင်းက ဗိုလ်တဲပဲ ရှိတယ်။ ဒါကလည်း စိုက်ခင်း စီမံကိန်းအတွက် ဆန်၊ ရိက္ခာ၊ ပစ္စည်းကိရိယာ၊ စာရွက်စာတမ်းစသဖြင့် သိမ်းဆည်းထားရတာကိုး။ တာဝန်အရသာ ခတ်ရတာ၊ ဘာသူခိုး သူဝှက်မှ မရှိဘူး။ ရွာထဲက တစ်ချို့အိမ်တွေမှာတော့ ခြံဝင်းဧရိယာ သတ်မှတ်ချက် အနေနဲ့ ခြံစည်းရိုးတိုင်ကလေး စိုက်ပြီး ဆူးခက်ကလေး ချထားတာမျိုး ရှိတယ်။(၄) တစ်ခုသော ရွာအပြင်က တဲကလေးမှာ ဦးလူဝနေတယ်။ တဲကလည်း နာမည်ခေါ်ရုံမည်ကာမတ္တပါ။ မလုံ့တလုံ သက်ငယ်မိုးရယ်၊ ဝါးကြမ်းခင်းလေး ကျိုးတိုးကျဲတဲရယ်၊ ဒါပဲ။ ဘာအကာမှ မရှိဘူး။ ဦးလူဝဆိုတဲ့ နာမည်ကလည်း သူများတွေ ခေါ်တာကို လိုက်ခေါ်ရတာ။ ဘာမှတ်ပုံတင်မှ၊ ဘာအိမ်ထောင်စု စာရင်းမှ မရှိဘူး။ ဘာစားအိုးစားခွက်မှလည်း ပြည့်ပြည့်စုံစုံ မရှိဘူး။ ဘာခြင်ထောင်၊ ဘာခေါင်းအုံး၊ ဘာအိပ်ရာမှလည်း မမြင်ရဘူး။ အလုပ်လည်း ဟုတ်တိပတ်တိလုပ်တာ မတွေ့ရဘူး။ အသက်က ခြောက်ဆယ်ကျော်လောက် မှန်းတယ်။ သူ့မေးရင် “အသက်ဘာလုပ်ဖို့လဲ။ မသေခင်နေရတဲ့ ခဏကိုများကွာ” လို့ ပြန်ပြောလေ့ ရှိတယ်။ ကိုယ့်ကိုသူက “ကောင်လေး” လို့ ခေါ်တယ်။(၅) “ကောင်လေးရာ၊ မင်းမုန့်တွေ ပြန်ယူသွားစမ်းပါ။ ငါမစားတတ်ပါဘူး။ တော်နေ ကြာစားတတ်သွားရင် ခက်မယ်။ စားကျင့်ပါသွားရင် ဒုက္ခရောက်မယ်”“ဟာ ဦးလူဝကလည်းဗျာ။ သံယောဇဉ်ရှိလို့၊ စားစေချင်လို့ တကူးတက မြို့ကယူ လာတဲ့ဟာ”“ရွာကျောင်းက ဘုန်းကြီးသွားလှူလိုက်ကွာ။ ငါ့ကျွေးတာထက် ကုသိုလ် ပိုရပါတယ်။ ငါ့မှာက ပြည့်စုံပါတယ်ကွ”“တဲပေါ်မှာကြည့်လို့ ဘာမှမရှိတဲ့ လူကများ ပြည့်စုံတယ်တဲ့။ အံ့ပါ့ဗျာ”“မရှိခြင်းဟာ ပြည့်စုံခြင်းကွ။ ရှိခြင်းဟာ မပြည့်စုံခြင်းပဲ။ ငါဘာမှမလိုချင်တဲ့အတွက် ငါ့မှာ ပြည့်စုံတယ်။ ဘာအကာအရံမှ မရှိတဲ့ တဲပေမယ့် ငါ့စိတ်က လုံခြုံတော့ ပြဿနာမရှိဘူး။ ဘယ်လိုအကာအရံ၊ အစောင့်အရှောက်တွေနဲ့နေနေ စိတ်ကမှ မလုံခြုံရင် အလကားပဲ”(၆) “ကိုယ့်ဘာသာ လုံခြုံနေ ဦးလူဝ။ သူများလာသတ်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်”“သြော် ဖြစ်မှဖြစ်ရလေ ကောင်လေးရယ်။ အကြောင်းမရှိဘဲနဲ့ မသတ်ပါဘူးကွာ။ ရှင်ခြင်းဟာလည်း အကြောင်းရှိတယ်။ သေခြင်းဟာလည်း အကြောင်းရှိတယ်။ ငါကမင်းကို ပညာတတ်ဘွဲ့ရ သစ်တော ဝန်ထောက် ပေါက်စဆိုပြီး တော်တော် ထင်ထားတာ”“ဘာလဲဗျ။ ထင်ထားတာ အခုတော့ မှားသွားပြီလား”“အခုမှားတာ မဟုတ်ဘူးဟေ့။ ထင်ကတည်းက မှားတာ။ ကိုယ့်ဘာသာတောင် မသေချာတာကွာ။ သူများသွားထင်နေမှတော့ မှားပြီပေါ့။ ပြောသာပြောရတာ၊ လူဆိုတဲ့ အမျိုးကလည်း အမှားတွေနဲ့ နေသားကျခဲ့တာ ကြာပြီပဲ။ မင်းတို့တောင် ဗိုလ်တဲကို သော့ခတ်ရင် ခြံကာရင် လုံပြီထင်သမို့လား”“မလုံမှန်း သိပါတယ်ဗျာ။ အရံအတားပေါ့။ ဧရိယာ သတ်မှတ်တာပေါ့”“အဲဒါပေါ့ကွ။ အကာအရံရှိခြင်းက မလုံခြုံခြင်းပဲ။ ဧရိယာ သတ်မှတ်ခြင်းဟာ ဘောင်ခတ်ခြင်းပဲ။ ဒီတဲလေးကြည့်။ ဘာမှကာရံမထားတော့ ဆက်စပ်မှုက အတိုင်းမရှိ ဖြစ်သွားရော”“တဲအမိုးကရောဗျာ”“ဟားဟား။ မေးတတ်ပါ့ ကောင်လေးရာ။ အမိုးအောက်မှာ ရောက်နေတော့ ငါတို့ ကောင်းကင်က အမိုးပဲဖြစ်သွားတာပေါ့။ အပြင်မှာထွက်နေမှ ကောင်းကင်အစစ်က ငါတို့ခေါင်းပေါ် ရောက်လာတာ။ စကားပြောတာတွေ များနေပြီ။ ပြန်ပြန် ကောင်လေး။ မင်းက ဝန်ထမ်း။ မင်းထမ်းရမယ့်ဝန်က အကြီးကြီး။ တာဝန်ဆိုတာ ယူပြီးရင် ကျေရတယ်။ ငါနဲ့ စကားပြောနေလို့ အလုပ်မပြီးဘူး”(၇) နောက်တော့ အလုပ်ပြောင်းရတာကြောင့် ဦးလူဝနဲ့ လမ်းခွဲခဲ့ရတယ်။ သူနဲ့တွေ့တဲ့ အချိန်တွေက တိုတောင်းလှပေမယ့် ချရေးမယ်ဆိုရင်တော့ စာတစ်အုပ်ဖြစ်တယ်။ ဘဝခရီး နှင်ရင်းနဲ့ ရောက်ခဲ့တဲ့ နေရာစုံမှာ နေခဲ့ဖူးတဲ့ အိမ်ကလေးတွေကလည်း ပုံစံအမျိုးမျိုးပါ။ တောထဲမှာ ဦးလူ၀ တဲသာသာ အဆင့်နဲ့ နေခဲ့ရတဲ့ ကာလတွေလည်း ရှိခဲ့တယ်။ ခြံဝင်းကျယ်ကြီးထဲမှာ အိမ်ကလေးတွေ စုပြီးဆောက်ထားတာမျိုးလည်း ကြုံဖူးတယ်။ လမ်းနံဘေးကပ်လျက် အိမ်မှာ ခြံမရှိ ဝင်းမရှိနဲ့ နေခဲ့ရတာ၊ တန်းလျားကြီးမှာ အများသူငါနဲ့အတူ အခန်းကလေး တစ်ခန်းယူပြီး နေခဲ့တာ အမျိုးစုံပါပဲ။ အများစုကတော့ မြို့ကလေးတွေ၊ မြို့ကြီးတွေ။ ပေါင်းရသင်းရတာကလည်း လယ်သမား၊ ယာသမား၊ တောသူတောင်သားတွေ နည်းလာတယ်။ ပညာတတ်တယ်ဆိုတဲ့၊ ယဉ်ကျေးတယ်ဆိုတဲ့ မြို့သားတွေ များလာတယ်။ မြို့ ပြရဲ့ ပရိယာယ်၊ မြို့ပြရဲ့ မာယာ၊ မြို့ပြရဲ့ အထာတွေကလည်း လေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ လျှပ်စစ်မီးမရှိ၊ ခြံစည်းရိုးမရှိ၊ တံခါးမရှိတဲ့ တောက အိမ်ကလေးတွေရဲ့ အေးချမ်းမှုကို တမ်းတမိတယ်။(၈) တောကအိမ်ကလေးတွေ၊ တဲကလေးတွေ အကြောင်းတွေးနေချိန်မှာ ကံတရားက ကိုယ်ရောက်နေရာမြို့ထက် ပိုကြီးတဲ့ ပိုတိုးတက်ချမ်းသာတဲ့ ရေခြားမြေခြားဒေသ တချို့ကို ပို့ပေးတယ်။ အေးမြတဲ့ ရာသီဥတု၊ စိမ်းလန်းတဲ့ ကွင်းပြင်တွေ၊ ရောင်စုံပန်းခင်းတွေ၊ လှပတဲ့ အိမ်ကလေးတွေ၊ ခင်မင်နှစ်လိုဖွယ်ရာရှိတဲ့ ကူညီတတ်တဲ့လူတွေ တွေ့ရတယ်။ မီးရထား လမ်းဘေးဝဲယာက အိမ်ကလေးတွေ ဈေးကမသေးလှဘူး။ ထူးခြားတာက ခြံစည်းရိုး မရှိတာ။ ကျေးလက်မှာရော၊ မြို့ပြမှာပါ ခြံစည်းရိုးမရှိတဲ့ အိမ်တွေ အများကြီး တွေ့ရတယ်။ငယ်စဉ် ဖြတ်သန်း ကြုံတွေ့ခဲ့တာ တချို့က ငွေကြေး မပြည့်စုံလို့ ခြံစည်းရိုးမခတ်တာ။ တောက အိမ်ကလေး တချို့ကျတော့ သူခိုးသူဝှက် မရှိလို့ ခြံစည်းခတ်တဲ့ အလေ့မရှိလို့ မခတ်တာ။ ကြီးလာတော့ ရောက်ဖူးတဲ့မြို့က အိမ်တွေကျပြန်တော့ တတ်နိုင်သမျှ ခြံစည်းရိုးကို ကောင်းကောင်း ကာကြတယ်။ ဝါးထရံခြံစည်းရိုး၊ သစ်သားခြံစည်းရိုး၊ အုတ်တိုင်စိုက် သံဇကာကွက်ကာ ခြံစည်းရိုး၊ သံဆူးကြိုး ခြံစည်းရိုး၊ အုတ်တံတိုင်းခြံစည်းရိုး၊ ဘလိတ်ဓားတပ် အုတ်တံတိုင်း ခြံစည်းရိုး စသဖြင့် စုံလို့။ ကိုယ်ကာတဲ့ ခြံစည်းရိုး အတွင်းမှာ ကိုယ်တိုင် အကျဉ်းသားဖြစ်သူက ဖြစ်နဲ့ပေါ့။(၉) “လူနေတော့အိမ်၊ ရဟန်းနေတော့ ကျောင်း၊ သူတောင်းစားနေတော့ဇရပ်၊ မြတ်သောဘုရင် ပလ္လင်နန်းတော်၊ အခေါ်အဝေါ် ရှိခဲ့ဖူးလေတာ” တဲ့။ ငယ်ငယ်တုန်းက စွဲလန်းစွာ ကြည့်ခဲ့ဖူးတဲ့ ဝင်းဦးနဲ့ ကလေးဇာတ်ဆောင် စန္ဒာလင်းတို့ရဲ့ အတွယ်အတာ ရုပ်ရှင်ဇာတ်ကားထဲက သီချင်းကို ပြန်ကြားယောင်မိတယ်။ အခေါ်အဝေါ်တွေ ကွဲပေမယ့် နေထိုင်ရာဆိုတဲ့ အဓိပ္ပာယ်ကတော့ အတူတူပါ။နေထိုင်ရမှု အဆင့်အတန်း အခြေအနေ၊ ခမ်းနားထည်ဝါခြင်း၊ ရိုးရှင်းခြင်း စတာတွေကတော့ ကွာခြားပေမပေါ့။ လုံခြုံမှုရှိစွာ အပူအပင်ကင်းဝေး ငြိမ်းချမ်းအေးစွာ နေထိုင်ရခြင်းမှာတော့ လူတွေအားလုံး အတူတူ ဖြစ်စေချင်ပါတယ်။ အပြိုင်အဆိုင်တွေ များလာတဲ့ခေတ်ကြီးမှာ ကမ္ဘာမြေပေါ်မှာ ခြေတစ်နေရာ ခိုင်ခိုင်မာမာ ရပ်နိုင်ဖို့ ရုန်းကန် လှုပ်ရှားရတဲ့ ဒုက္ခတွေက ကြီးမားလှပါတယ်။ အဆင်မပြေမှုတွေများတော့ တစ်နေ့တာ အချိန်တွေက ပူလောင်လှတယ်။ အိမ်ပြန်ချိန်ဟာ ပျော်စရာ အချိန်တွေပါ။ အိမ်မှာတစ်ညတာ အိပ်စက်နားနေချိန်တွေမှာ မပူမပင်ရပါပဲ အဆင်ပြေစေချင်ပါတယ်။မျက်စိထဲမှာ ခြံစည်းရိုးမရှိတဲ့၊ အေးချမ်းလှပတဲ့ အိမ်ကလေးတွေကို မြင်ယောင်မိနေ လွမ်းနေမိတော့တာပါပဲ။
ခြံစည်းရိုးမရှိတဲ့ အိမ်ကလေးတွေ
Most Read
Most Recent
7 hours ago










