တွယ်ကပ်နေလျက်သား ပိုးမွှားများ

တွယ်ကပ်နေလျက်သား ပိုးမွှားများ
Published 26 July 2016
တက္ကသိုလ်မိုးဝါ

(၁) ယခုတလော စာမရေးနိုင်သည်မှာ အတန်ကြာပြီ။ အကြောင်းမှာ ဗိုင်းရပ်စ်ခေါ် ပိုးမွှားများနှင့် လုံးပမ်းနေရ၊ ပိုးမွှားများအား အဆက်မပြတ် ရှာဖွေစမ်းသပ် စစ်ဆေးနေရသော ဆရာဝန်များနှင့် ထိတွေ့ ဆက်ဆံနေရသောကြောင့် ဖြစ်သည်။တိုင်းတစ်ပါး၌ အပြင်းဖျားသော သားဖြစ်သူအား ဆေးရုံတင်ခြင်းမှ ဇာတ်လမ်းစခဲ့သည်။ ဘယ်လို အကြောင်းကြောင့်မှန်း မသိနိုင်သော အကြောင်းတစ်ရပ်ကြောင့် လေးငါးရက် ကြာခဲ့သော်လည်း အဖျားမကျ၍ သားဖြစ်သူအား ဆေးရုံ တင်လိုက်ရသည်။ ပထမဦးဆုံး သွေးလွန်တုပ်ကွေး ဖြစ်၊ မဖြစ် စစ်ဆေးသည်။ မဖြစ်။ အတွင်းလူနာအဖြစ် လက်ခံလိုက်သည်။ ဆေးရုံတင်သည့်ရက်မှ ဆင်းခွင့်ရသော ရက်အထိ တစ်လကျော် ကြာခဲ့သည်။  ခေတ်မီစမ်းသပ် ကိရိယာများ၊ ကမ္ဘာ့အဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါအဖြေရှာ ရိုက်ကူးသည့် အမ်အာရ်အိုင် (MRI – Magnetic Resonance Imaging) စက်နှင့် စီတီစကင်နာ (CT Scanner- Computed Tomography) စက်တို့ဖြင့် ဦးခေါင်းပိုင်း ဦးနှောက်ကို ရိုက်ကူးသည်။ ခန္ဓာအထက်ပိုင်း အဆုတ်ကို ရိုက်ကြည့်သည်။ အဆုတ်တွင် ဘာမှမပြ။ အခြေအနေကောင်းသည်။ ဦးနှောက်တစ်နေရာ၌ အနည်းငယ် ‘ရဲ’ နေသော (Flare) အစက်ကလေးတစ်ခု တွေ့သည်ဆိုသည်။ ဟုတ်ပြီ။  ယင်းသည် ဗိုင်းရပ်စ်ခေါ် ပိုးမွှားတစ်မျိုးတော့ ပြနေပြီ ထင်ရသည်။  ယင်းကို ဦးနှောက်မှလာသော အရည်တစ်မျိုးကို ခါးရိုးနား တစ်နေရာမှ ဆေးသွင်းအပ်အရှည် တစ်ချောင်းဖြင့် ထိုးသွင်းထုတ်ယူသည်။ ပြီးတော့ ခေတ်မီဓာတ်ခွဲခန်း သုံးခုသို့ ပို့သည်။အဆင့်မြင့် ဓာတ်ခွဲခန်းပင် ဖြစ်သော်ငြား အချိန်တစ်ပတ်ကြာမှ အဖြေထွက်သည်။ ပိုးမွှားမတွေ့ရ။ ပဋိဇီ၀ အကြောသွင်းဆေးရော သောက်ဆေးမျိုးစုံကို ပေးသော်လည်း အဖျားက မကျသေး။ ရက် ၂၀ ခန့် ကြာသွားပြီ။ ဗိုင်းရပ်စ်နှင့် ဆရာဝန် လိုက်တမ်းပြေးတမ်း ကစားကောင်းနေဆဲ။ ဗိုင်းရပ်စ်တို့ ကိုယ်ခန္ဓာ အစိတ်အပိုင်း၏ မည်သည့်နေရာ၌ ပုန်းအောင်းနေသနည်း။ မည်သည့်နေရာ၌ တွယ်ကပ်နေသနည်း။ ကမ္ဘာ့အဆင့်မီ နာမည်ရ ဆေးရုံ၊ နာမည်ရ အထူးကု ပါရဂူများပင်လျှင် ဦးနှောက် စားကုန်ကြသည်။ယင်းမတိုင်မီ ကိုယ်ခန္ဓာတွင်းရှိ ဓာတ်ဆားများ အလွန်အကျွံ လျော့ကျသည်။ ဆိုဒီယမ်၊ ပိုတက်စီယမ် စသည်တို့ ရှိသင့်သည် ထက်များစွာ လျော့နည်းသွားသဖြင့် လူနာက အချိန်တိုင်း ငိုက်မြည်း အိပ်ပျော်နေတော့သည်။ ဆီးပိုက်ကိုလည်း ထိုမှစ၍ အပြီးတပ်ထားရသည်။ ကိုယ်ခန္ဓာအောက် ခါးအပိုင်းကို အမ်အာရ်အိုင် ရိုက်ကူးပြန်သည်။ အဖြေရလဒ်ကို စောင့်နေစဉ်စပ်ကြား ဓာတ်ဆားကို ဆရာဝန်များက အကြောထဲသွင်းခြင်းဖြင့် တစ်မျိုး၊ သောက်ဆေးဖြင့်တစ်ဖုံ ဆက်တိုက် ဖြည့်တင်းပေးသည်။ ရက် ၂၀ ကျော်ကြာသည့်တိုင် အဖျားက ကျလိုက်တက်လိုက်၊ ဗိုင်းရပ်စ် ရှာမတွေ့၍ သူ့ကိုတိုက်ဖျက် ထိန်းချုပ်နိုင်သည့် ဆေးမပေးနိုင်။နောက်တစ်ခုဝင်လာသည်။ ဆီးလမ်းကြောင်းတွင် ပိုးမွှားနှစ်မျိုး ကူးစက် တွယ်ကပ်လာပြန်သည်။ ချက်ချင်း ဓာတ်ခွဲခန်းပို့၍ ထွက်လာသည့် အဖြေအတိုင်း ပဋိဇီဝဆေး နှစ်မျိုးအကြောထဲသို့ ကိုးရက်ဆက်သွင်းသည်။ ဆီးကိစ္စတွင် အကြောင်း (Cause) နှင့် အကျိုး (Effect)  အံဝင် တည့်မတ်သွား၍လားမသိ၊ ကံကောင်းထောက်မ၍ အဖျားကျသွားသည်။ ပါရဂူ ဆရာဝန်များက အဖျားကျခြင်း၊ မကျခြင်းနှင့် ဓာတ်ဆား လျော့နည်းသွားခြင်း၏ အကြောင်းရင်း (Cause) ကိုမူ ယနေ့တိုင် ရှာမရဟု ဖခင်ဖြစ်သော စာရေးသူအား ဝန်ခံပြောဆိုကြသည်။(၂) လူ့လောက၌ ဆန်းပြားထွေလာ အမှုကိစ္စ အဖြစ်အပျက် အများအပြားရှိခဲ့၊ ရှိနေဆဲပင် ဖြစ်သည်ကို မည်သူမျှ ငြင်းဆို၍ မရပါ။ မဖြစ်နိုင်ဟုလည်း တပ်အပ် မပြောနိုင်သလို ဖြစ်ရမည်ဟုလည်း မပြောနိုင်သော အမှုကိစ္စများစွာ ရှိသည်။ ရောဂါဘယနှင့် ပတ်သက်၍ ကာလ အပိုင်းအခြား တစ်ခုသာ ကုန်လွန်သွားချင်သွားမည်၊ ယင်းကာလ ကုန်လွန်သွားသည့်တိုင် ဖြစ်စဉ်၏ အကြောင်းရင်း (Cause) ကို ရှာဖွေမရနိုင်ဘဲ တိုးလိုးတန်းလန်းနှင့် ကျန်ခဲ့တတ်သည်။  တိုးလိုးတန်းလန်းဖြစ် ကျန်တတ်သည့် ဖြစ်စဉ်များ ရှိကိုရှိသည်ဟု စာရေးသူက အမျိုးရင်းချာ ဆရာဝန်တစ်ဦးနှင့် အချီအချ ငြင်းခုန်ခဲ့ဖူးသေးသည်။ ထားတော့။ လူအများနှင့် ယဉ်ပါးထိတွေ့မှု အများဆုံးဖြစ်သည့် ဘက်တီးရီးယားနှင့် ဒုက္ခ အပေးဆုံးဗိုင်း ရပ်စ်ပိုးမွှား နှစ်မျိုးရှိသည်ကို သိရှိပြီးဖြစ်သည်။ ဘက်တီးရီးယား ပိုးမွှားသည် လူကို အကျိုးပြုသည်လည်းရှိ၊ အကျိုးမပြုဘဲ ရောဂါဘယ ဖြစ်စေသည်လည်း ရှိသော်လည်း ဗိုင်းရပ်စ်ကဲ့သို့ ဆိုးရွားခြင်း မရှိကြောင်း တွေ့ရပေမည်။သို့ဖြစ်ရကား အမိမြေသို့ စာရေးသူ ပြန်လည် ခြေချခဲ့ပြီးသည့်နောက် ဆိုးရွားစွာ တွယ်ကပ်ရုံ သာမက ရှာဖွေစစ်ဆေး ဖယ်ရှားရန် ပင်မလွယ်ကူသော ဗိုင်းရပ်စ်ပိုးမွှားများ အကြောင်း အတွေးထဲ၌ ပျောက်ပျက်မသွားဘဲ ရှိနေခဲ့သည်။  လူ့ခန္ဓာကိုယ်၏ အထက်၊ အလယ်၊ အောက်ပိုင်းတို့တွင် ရှောင်ရှားပုန်းအောင်းကာ တိုက်ဖျက် ဖယ်ရှားရန် အလွန်ပင် ခက်ခဲသည့်ဖြစ်စဉ်ကို နိုင်ငံရေးလောက ဇာတ်ခုံပေါ်သို့ မျက်လွှာပင့်၍ နှိုင်းယှဉ် မျှော်ကြည့်လိုက်သောအခါ ယခုအစိုးရသစ် ရင်ဆိုင်လျက် ရှိနေဆဲဖြစ်သည့် ဗိုင်းရပ်စ်ပိုးမွှား ရှင်းလင်း ဖယ်ရှားရေးအတွက် အဟန့်အတား တစ်ရပ်ကို မြင်တွေ့နေရသည်။တစ်နေ့ကပဲ မိတ်ဆွေတစ်ယောက်က လူမှုကွန်ရက်ပေါ်တွင် ရေးသည်။ သူ့အိမ်ရှိ ကြိုးဖုန်းနှစ်လုံးစလုံး ပျက်နေသည်မှာ နှစ်လရှိပြီ ဆိုသည်။ သက်ဆိုင်ရာသို့ ၁၀ ကြိမ်မက အကြောင်းကြားသော်လည်း လာမပြင်ပေး၍ စိတ်ပျက်လက်ပျက် ဖြစ်နေကာ ယခုအစိုးရသစ် လက်ထက်ကျမှ ယင်းသို့ဖြစ်သည်ဟု ဆိုသည်။ ယခင်အစိုးရတုန်းက ရက်ပိုင်းအတွင်း လာပြင်ပေးသည် ဆိုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယခုအစိုးရသစ်၏ အပြစ်မဟုတ်၊ အောက်ခြေရှိ လုပ်ကိုင် ဆောင်ရွက်ပေးသူများ၏ လစ်ဟင်းမှု၊ ကဖျက်ယဖျက် ပြုလုပ်မှုများကြောင့် ဖြစ်သည်ဟု ကောက်ချက်ချသည်။ ပြည်သူက တင်မြှောက်သော ပြည်သူ့အစိုးရနှင့် ပြည်သူတွေကြား အထင်အမြင်လွဲမှားမှုကို ဖန်တီးနေခြင်း ဖြစ်သည်ဟု ယူဆကြောင်း ပြောသည်။ ယင်းသည် လက်တွေ့အခက်အခဲကို ခံစားပြီး စိတ်ပျက်စိတ်ကုန်ခန်းနေသူ ပြည်သူတစ်ဦး၏ ကိုယ်ပိုင်ခံစားချက် ဖြစ်သည်။ ထပ်ဆင့် ပြောရမည်ဆိုပါက ပြည်သူအများစု၏ ကဏ္ဍပေါင်းစုံမှ ခံစားချက်များလည်း ဖြစ်သည်မှာမလွဲ။ စာရေးသူ ကိုယ်တိုင်သိသော ကြိုးဖုန်းလိုင်းပျက်သည့် အိမ်အရေအတွက် များစွာရှိသည်။ တချို့ဆိုလျှင် နှစ်ချီ၍ မပြင်တော့ဘဲ အမေ့ခံထားကြသည့် ဖုန်းလိုင်းလည်း ရှိသည်။နိုင်ငံတည်ဆောက်မှု ဇာတ်ခုံပေါ်သို့ ဗိုင်းရပ်စ်ပိုးမွှား တွယ်ကပ်နေပါက တိုင်းပြည် စီးပွားရေး နာလန်ထူနိုင်ဖို့ မလွယ်။ အခြေခံ လူတန်းစားတို့၏ စားရေးနေရေး ဘဝသည်လည်း မြင့်တက်လာစရာ အကြောင်းမရှိ။ ချွတ်ခြုံကျမြဲ ချွတ်ခြုံကျနေမည်သာ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သော တယ်လီဖုန်းနှင့် ဆက်စပ်သည့် အဖြစ်မှန်သည် အလားတူဖြစ်စဉ် အထောင်အသောင်းထဲမှ ဖြစ်စဉ်အသေးအမွှား တစ်ခုသာဖြစ်သည်။ အောက်ခြေတွင်လည်း ပိုးမွှား၊ အလယ်ခြေတွင်လည်း ဗိုင်းရပ်စ်၊ အထက်ပိုင်းတွင်လည်း ပိုးမွှား တွယ်ကပ်နေစေရန် အာဏာရှင်တို့ သွတ်သွင်းပေးခဲ့သည်မှာ ကာလရှည်လျားခဲ့ပြီ မဟုတ်ပါလား။လူ့ခန္ဓာကိုယ်၏ အထက်၊ အလယ်နှင့် အောက်ပိုင်းများရှိ တစ်နေရာရာ၌ ပိုးမွှားတွယ်ကပ်လျက် ရှိနေပါက ခန္ဓာကိုယ် ယန္တရား လည်ပတ်မှုအား အနှောင့်အယှက် ဖြစ်စေမည်သာ ဖြစ်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်မှု ယန္တရား အစိတ်အပိုင်း အားလုံးလိုလို၌ ပိုးမွှားများ အမြစ်တွယ်နေပါက ရှာဖွေ တိုက်ဖျက်ပစ်ရမည်သာ ဖြစ်သည်။ဆေးရုံတက်စဉ် ကာလတစ်လျှောက်လုံး သားဖြစ်သူတွင် တွယ်ကပ်လျက် ရှိခဲ့သည့် ပိုးမွှားများအား ရှာမတွေ့ခဲ့သည့် သာဓကဖြစ်စဉ်အတိုင်း မိမိနိုင်ငံ၌လည်း အလားတူ ဖြစ်ပျက်မည်ကို စိုးရိမ်မိသည်။ သို့ဖြစ်၍ တွယ်ကပ်နေသေးသည့် ပိုးမွှားများအပေါ် အလုံးစုံ လွှမ်းခြုံသော ထိရောက်မည့် ဆေးမှာ တရားဥပဒေ စိုးမိုးမှု ပဋိဇီဝဆေးပင် ဖြစ်တော့သည်။

Most Read

Most Recent