မန္တလေးမြို့ အနောက်တောင်ဘက် အာဇာနည် ၁၇ ဦး ဗိမာန်မြောက်ဘက်ရှိ သက်တမ်းရင့် မန်ကျည်းပင် တန်းကြီးက စစ်ကိုင်း-မန္တလေး ကတ္တရာလမ်းမကြီး၏ အစိတ်အပိုင်း အချို့အား အရိပ်မိုးပေးခဲ့သည်မှာ နှစ်ကာလ ကြာညောင်းခဲ့ပြီဖြစ်လေသည်။
ယခုအခါ ထိုမန်ကျည်းပင်တန်း တစ်လျှောက် တမ္ပဝတီသာမိုးရပ်၊ စစ်ကိုင်း-မန္တလေးလမ်း၏ အရှေ့ဘက် အခြေတစ်လျှောက်ရှိ ယခင်ရေမြောင်းဟောင်း နေရာအား ရေမြောင်း ချဲ့ထွင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြောင်းဧရိယာအတွင်း မန်ကျည်းပင်ကြီးများ ရှိနေသည်ဟုဆိုကာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ စက်ယန္တရားကြီးများ၊ ကရိန်းများ အသုံးပြု၍ ခုတ်လှဲနေမှုကို မြင်ရသည်မှာ သစ်ပင်တစ်ပင်အား ခုတ်လှဲနေခြင်းဟု မယူဆဘဲ မန္တလေးမြို့ရဲ့ အနည်းငယ်သာ ကျန်ရှိတော့သည့် အတိတ်သမိုင်း၏ မြို့ရိပ်မြို့ငွေ့၊ သက်ရှိအစိမ်းရောင် သဘာ၀၀န်းကျင်တစ်ခု (Green Space) ကို ဖဲ့ခြွေ၊ ဖျက်ဆီးနေသည့်အလား ခံစားမိသည်။
ခေတ်အဆက်ဆက် ယခင်အစိုးရ သက်တမ်းတစ်လျှောက် အပါအဝင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လမ်းဖောက်ခြင်း၊ ရေဆိုးစွန့်မြောင်းများ ချဲ့လုပ်ခြင်းစသည်ဖြင့် ဘက်စုံစီမံကိန်းများ ဖော်ဆောင် ခဲ့ကြခြင်းကြောင့် ရှေးယခင်ကရှိခဲ့သည့် သက်တမ်းရင့် အပင်ကြီးများ၊ အစိမ်းရောင်လွင်ပြင်များ တဖြည်းဖြည်း လုံးပါးပျောက်ကွယ်လာခဲ့ရာ ယခုအခါ မန္တလေးမြို့မှာ ကွန်ကရစ်မြို့ ပြသဖွယ် ဖြစ်တည်လာရပြီ။ အရိပ်အာဝါသ ကောင်းမွန်စွာ တည်ရှိနေသည့် စိမ်းလန်း မြို့ပြနေရာမှာ လက်ချိုးရေတွက် ရလောက်အောင်ပင် နည်းပါးလာခဲ့ပြီ။
မန္တလေးမြို့တော် စိမ်းလန်းစိုပြည် သာယာရေးအတွက် မြို့တော်စည်ပင်သာယာနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပုဂ္ဂလကုသိုလ်ရှင်များမှ ပျိုးပင်၊ သစ်ပင်များ စိုက်ပျိုးမှုရှိသော်လည်း အခြားတစ်ဖက်တွင် အနည်းငယ်သာ ကျန်ရှိတော့သည့် သက်တမ်းရင့် သစ်ပင်ကြီးများအား ခုတ်လှဲရှင်းလင်းနေမှုမှာ မည်သို့မျှ မဖြစ်သင့်ဟု မြို့ခံများက သုံးသပ်ကြသည်။
ထိုကဲ့သို့ စစ်ကိုင်း-မန္တလေး လမ်းပေါ်ရှိ မန်ကျည်းပင်ကြီးများအား မြို့တော်စည်ပင်မှ ခုတ်လှဲနေမှုနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်၏ အကြီးအကဲဖြစ်သူ တာဝန်အရှိဆုံးပုဂ္ဂိုလ် မြို့တော်ဝန် မသိရှိရော့ လေသလား။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် အဖွဲ့အစည်းများ အနေနဲ့ အဘယ်ကြောင့် နှုတ်ဆိတ်ဆွံ့အ နေရပါသလဲ။
“တောထဲ တောင်ထဲမှာမှ မဟုတ်ဘူး။ သစ်ကြီး ဝါးကြီးတွေ မရှိတဲ့ မြို့ပြဟာလည်း သဘာ၀ ဂေဟစနစ် (Nature Eco System) ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အခုဆို မန္တလေးမြို့မှာ သစ်ပင်ကြီးတွေ မရှိတာကြောင့် မိုးရိပ်မိုးသားပြပြီးတော့ မိုးမရွာနိုင်ဘဲ ဖြစ်နေရတယ်။ Cooling Effect ဖြစ်နေတဲ့ သဘောမျိုး” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ပြောကြားသည်။
အလားတူ မုံရွာမြို့ ကျောက္ကာလမ်းပေါ်ရှိ သက်တမ်းရင့် တမာပင်ကြီးများ ရာချီခုတ်လှဲမည့် အစီအစဉ်နှင့် ပတ်သက်၍ မြို့ခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် လိုသူများမှ ပြောဆိုဝေဖန် ကန့်ကွက်မှုများ ပြုလုပ်နေသည့်ကြားမှ မန္တလေးမြို့တွင် သက်တမ်းရင့် မန်ကျည်းပင်များကို ထိန်းသိမ်း စောင့်ရှောက်ရမည့်အစား တစ်ပင်ပြီး တစ်ပင် နေ့မြင်ညပျောက် ခုတ်လှဲခံနေရမှုက ဝမ်းနည်းစရာ ကောင်းလှသလို ရှေးသူဟောင်းတို့၏ ကောင်းမှု မြို့ဇာတိအင်္ဂါရုပ်ကိုလည်း ယုတ်လျော့တိမ်းပါး စေခြင်းပင် ဖြစ်သည်။
မန်ကျည်းပင်များ ခုတ်လှဲမည့် အစီအစဉ်နှင့် ပတ်သက်၍လည်း ရပ်ကွက်နေ ပြည်သူများအား ကြိုတင်အသိပေး တိုင်ပင်ခဲ့ခြင်းမျိုးလည်း မရှိခဲ့ပေ။ “သစ်တော သစ်ပင်၊ ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဟူသော လူထုအသိပညာပေး လုပ်ငန်း (Public Awareness) ပိုင်းမှာလည်း အားနည်းလျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
မြို့တော်စည်ပင် သာယာရေးကော်မတီမှ ရက် ၁၀၀ စီမံချက်အရ နဂိုရှိရင်းစွဲ အကျယ် ၂ ပေကျော်ရှိသည့် ရေမြောင်းအား အကျယ် ၃ ပေကျော်သို့ ထပ်မံချဲ့ထွင်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ကိုင်း-မန္တလေး လမ်းတစ်လျှောက်မှ ရေမြောင်းချဲ့ထွင်မည့် ဧရိယာတွင် ပါဝင်သည် ဟုဆိုကာ သက်တမ်းရင့် မန်ကျည်းပင်ကြီး ၃၀ ကျော်ကို ခုတ်ထွင်ရှင်းလင်းမည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောကြသည်။
မန်ကျည်းပင်တန်း တစ်လျှောက် နေအိမ်ရှင်များ အနေဖြင့် ရေးစီးရေလာ ကောင်းမွန်ရန်အတွက် မြောင်းချဲ့ထွင်မှုလုပ်ငန်း ဆောင်ရွက်သည်ကို လက်ခံနိုင်သော်လည်း ယခုကဲ့သို့ မိမိနေအိမ်ရှေ့ရှိ သက်တမ်းရင့် မန်ကျည်းပင်ကြီးများ ခုတ်လှဲနေသည့် ကိစ္စအား သဘောမတူပေမယ့် မင်းမိန့်ဟု ဆိုသည့်အတွက် လက်ပိုက်ကြည့်ရုံမျှတပါး မည်သို့မျှ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း မရှိကြပါ။
ရေမြောင်းချဲ့ထွင်မည့် ဧရိယာတွင် ပါဝင်သော အပင်များအပြင် ရေမြောင်းဧရိယာနှင့် လွတ်ကင်းသည့် အချို့အပင်များကိုပင် ခုတ်လှဲပစ်ခဲ့ကြသည်။ မြောင်းချဲ့ခြင်းမှ ရရှိလာမည့် အကျိုးရလဒ်နှင့် သစ်ပင်ခုတ်လှဲမှုမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို တွေးတောချိန်ဆ သင့်ပါသည်။
ဒေသခံတစ်ယောက် အနေဖြင့် မိမိနေအိမ်၊ လမ်း၊ တံတား အဆောက်အအုံဖြင့် မလွတ်ကင်းသည့်အခါ သစ်တစ်ပင်ခုတ်ရန် သက်ဆိုင်ရာ စည်ပင်သာယာရေးကို အသိပေး အကြောင်းကြားရပါသည်။ အသိပေး၊ ခွင့်ပြုချက် မယူဘဲ အရမ်းကာရော ခုတ်လဲှမိပါက သက်ဆိုင်သည့် ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ကြသည်မှာ လက်မနှေးပါ။ ယခု မန်ကျည်းပင်များအား မြို့တော်စည်ပင်မှ ဒေသခံ၊ မြို့ခံ မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ဆွေးနွေးတိုင်ပင် လက်ခံနိုင်ခြင်း ရှိ၊ မရှိ သဘောထား မခံယူဘဲ ခုတ်လှဲမှုအပေါ် ရပ်ကွက်နေ ပြည်သူများနှင့် မြို့ခံများမှ အရေးယူပေးပါရန် တောင်းဆိုလျှင် သက်ဆိုင်ရာမှ အရေးယူပေးပါမည်လား။
မန္တလေးမြို့တွင် လက်ရှိကျန်ရှိနေသည့် သက်တမ်းရင့် အပင်ကြီးများမှာ ရှေးယခင် ဘုရင်မင်းများလက်ထက် မြို့တော်အတွင်း စိမ်းလန်းမှုရှိပြီး ရာသီဥတု ကောင်းမွန်စေရန် ရည်၍စိုက်ပျိုးခဲ့ခြင်းနှင့်စစ်ပြီး နောက်ပိုင်း သစ်ပင်ချစ်မြတ်နိုးသော တစ်ကိုယ်တော် သစ်ပင်စိုက်ပျိုးခဲ့သူ ဦးငွေ၏ အမြော်အမြင် စေတနာ သဒ္ဓါတရားကြောင့်သာ ယနေ့ခေတ် မန္တလေးမြို့သူ မြို့သားများ အနေဖြင့် တစ်စ တစ်စ ပူပြင်းလာသည့် မန္တလေးမြို့၏ နွေရာသီ ကာလများတွင် အစိမ်းရောင် အပင်တန်းများအောက်တွင် ခိုလှုံဖြတ်သန်းခွင့် ရရှိနေခြင်း ဖြစ်သည်။
၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာစစ် မီးကြီးမှာ မန္တလေးမြို့ကို မီးဟုန်းဟုန်း တောက်စေခဲ့ပြီး မန္တလေးမြို့မှာ အရှေ့ဘက် ရှမ်းရိုးမတောင်တန်းကြီးနှင့် အနောက်ဘက် စစ်ကိုင်းမင်းဝံ တောင်ရိုးအကြား မြို့ပျက်ကြီးသဖွယ် မီးလောင်ပြာကျ လွင်တီးခေါင်တမျှ ဖြစ်ပေါ်ခဲ့မှုကြောင့် သစ်ပင်ဒါယကာကြီး ဦးငွေသည် ဆိုက်ကားတစ်စီးဖြင့် မြို့အနှံ့ အရိပ်ရ သစ်ပင်များ ကိုယ်တိုင်ပျိုးကာ တစ်ကိုယ်တော်သစ်ပင်၊ ပျိုးပင်များ လှည့်လည် စိုက်ပျိုး ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ ဦးငွေသည် ၈၄ လမ်း၊ ၃၅ လမ်း မီးပွိုင့်အနီးမှ အနောက်ဘက် ဂေါဝိန်ဆိပ်ကမ်းနှင့် သင်္ဘောကျင်းနေရာများ၊ ဘုရားကြီး အနီးဝန်းကျင် အမှတ် (၆) ကားဂိတ်၊ ကျုံးတောင်ဘက် တစ်လျှောက်၊ ရွှေကျီးမြင်ဘုရား၊ ပေါက်မြိုင်၊ ဖားသာလဖုန်းကျောင်း အစရှိသည့် နေရာများတွင် အရိပ်ရပင်မျိုးစုံ အပင်ပေါင်း ၁၀၀၀ ကျော် စိုက်ပျိုးခဲ့လေသည်။
ဦးငွေသည်ပင် မိသားစုဝမ်းရေးအတွက် ဆိုက်ကားနင်း ရုန်းကန်ရင်း တစ်ဖက်တစ်လမ်းမှ ကိုယ်ကျိုးမဖက် နှောင်းလူတို့အကျိုး ရှေးရှုမျှော်တွေးကာ အရိပ်အာဝါသကောင်းများ ဖန်တီးပေးနိုင်ခဲ့သည်။ သို့ဆိုလျှင် ခေတ်ပညာတတ် ဆရာဝန်၊ မြို့တော်ဝန်တစ်ဦး အနေဖြင့် သက်တမ်းရင့် သစ်ပင်ကြီးများ ခုတ်လဲှမှု မပြုဘဲ ကျွန်တော်တို့ မန္တလေးမြို့သူ၊ မြို့သားများနှင့် နှောင်းလူများအတွက် စိမ်းစိုအေးချမ်းသာယာသော တောအုပ်အတွင်းက မြို့ပြတစ်ခု ဖြစ်ပေါ်လာစေရန် မျိုးစေ့ချအရိပ်မိုး လုပ်ဆောင်ပေးနိုင်ခဲ့လျှင်ဖြင့် မြို့တော်ဝန်ကြီးအား ဦးငွေကဲ့သို့ သမိုင်းက မှတ်တမ်းတင်ပါလိမ့်မည်။
မန်ကျည်းပင်များကို မြို့တော်စည်ပင်က ခုတ်သည်ဆိုသော်ငြားလည်း စည်ပင်သာယာရေး ကော်မတီအဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် မြို့တော်ဝန်တွင် တာဝန်ရှိပါသည်။ မြို့တော်ဝန်ကြီး အနေဖြင့် မြို့ပြဖွံ့ဖြိုးရေး အတွက် သစ်ပင် တစ်ပင် ခုတ်လှဲမည်ဆိုပါက ဆိုက်ကားသမားကြီး (သို့) သစ်ပင် ဒါယကာကြီး ဦးငွေကိုတော့ အားနာသင့်ပါသည်။
မန္တလေးသား ပြည်သူလူထု တစ်ယောက်အနေဖြင့် မြို့တော်ဝန်ကြီးကို မေတ္တာရပ်ခံပါရစေ... ပြည်သူ့အသံ နားထောင်သည့် အစိုးရတစ်ရပ် ဖြစ်ကြောင်း လက်ရှိမန်ကျည်းပင်တွေ ခုတ်လှဲမှုကို ရပ်တန့်ခြင်းအားဖြင့် သက်သေပြနိုင်ခဲ့မည် ဆိုပါက ရှေးလူ၊ နှောင်းလူ၊ သာဓုအနုမောဒနာ ခေါ်ဆိုကြမည်မှာ မလွဲပင်။
ဦးငွေကိုတော့ အားနာသင့်ပါသည် . . .
Most Read
Most Recent
6 hours ago










