NLD အစိုးရသစ်ရဲ့ သက်တမ်းဟာ လက်ရှိ အချိန်မှာ (၂၀၁၆ ဧပြီ ၁ ရက်) အုပ်ချုပ်ရေး အာဏာကို လွှဲပြောင်းယူခဲ့ချိန်က စတွက်ရင် သုံးလကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒီသက်တမ်း သုံးလကျော်အတွင်း အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်မယ်ဆိုရင် ရက် ၁၀၀ စီမံချက်က စလို့ ဝန်ကြီးဌာန ၂၂ ခုဟာ သူ့ကဏ္ဍနဲ့သူ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ဝန်ကြီးဌာန ၂၂ ခုရဲ့ ရက် ၁၀၀ စီမံချက် အဖြေတွေက မထွက်သေးတဲ့အတွက် ရလဒ်တွေက ဘယ်လိုလာမလဲ ဆိုတာကတော့ မသိသေးပါဘူး။ဒါပေမဲ့ NLD အစိုးရရဲ့ သုံးလကျော်ကာလအတွင်းမှာ ထူးထူး ခြားခြား မြင့်တက်လာတာကတော့ အစိုးရအဆက်ဆက်က မဖြေရှင်း နိုင်ခဲ့တဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေခံ စားသောက်ကုန် ကုန်ဈေးနှုန်းတွေ မြင့်တက်လာပေမယ့် အခြေခံ လူတန်းစားတွေရဲ့ ဝင်ငွေတွေကတော့ မြင့်တက်လာခြင်း မရှိဘဲ အရင်အတိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။အစိုးရသစ် တာဝန်ယူပြီး သုံးလကျော် အတွင်းမှာ အခြေခံ စားသောက်ကုန် ကုန်ဈေးနှုန်းတွေဟာ မြင့်တက်လာတဲ့အတွက် အဲဒီဒဏ်ကို အခြေခံ လူတန်းစားတွေကပဲ အလူးအလဲ ခံနေရပါတယ်။ ရန်ကုန်မြို့မှာ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ သား၊ ငါး၊ ဟင်းသီး ဟင်းရွက် တစ်ကြိမ်ဈေးတက်ရင် အနည်းဆုံးကျပ် ၁၀၀ ကနေ ၃၀၀ အထိ တက်ခဲ့တဲ့အတွက် အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် စားသောက်စရိတ် ကုန်ကျမှု သုံးဆခန့် တက်လာတယ်လို့ သိရပါတယ်။ဒါ့အပြင် ဒီနှစ်မတ်လက ဝက်သား တစ်ပိဿာ ကျပ် ၈,၀၀၀ အောက်သာ ရှိခဲ့ပေမယ့် လက်ရှိမှာ ကျပ်တစ်သောင်းကျော် ရှိနေပြီး အမဲသား၊ ငါးဈေးတွေကလည်း တစ်ပိဿာကို ကျပ် ၂၀၀၀ ကနေ ၄၀၀၀ ကြား ဈေးတက်ခဲ့ပါတယ်။ ကြက်ဥတစ်လုံးကို အရင်က ၁၀၀ ကျပ်ခန့်ကနေ အစိုးရသစ်ရဲ့ သုံးလအတွင်း ၁၅၀ ကျပ်ခန့်အထိ ဈေးတက်ခဲ့ပါတယ်။“အရင်ကဆို ဝက်သားပဲ ဖြစ်ဖြစ်၊ ကြက်သားပဲ ဖြစ်ဖြစ်၊ ဘာအသားဝယ်ဝယ် ၁၅၀၀ ဖိုးလောက်ဆို မိသားစု စားလောက်တယ်။ အခုဆို အဲဒီ ၁၅၀၀ ဖိုးလောက်ကိုပဲ ၃၀၀၀ လောက် ပေးဝယ်ရတယ်။ ဈေးက တက်သွားသွားတာ နှစ်ဆပဲ။ ဝင်ငွေကတော့ တိုးလာတယ် မရှိဘူး။ ပိုကျပ်တည်းလာတယ်” လို့ ဒဂုံမြို့နယ်မှ အိမ်ရှင်မ တစ်ဦးက ဆိုပါတယ်။အစိုးရသစ်လက်ထက် သုံးလကျော်အတွင်း အခြေခံ လက်လုပ်လက်စား လူတန်းစားတွေ စားနေရတဲ့ ကန်စွန်းရွက် တစ်စည်းကိုတောင် အခု ကျပ် ၃၀၀ အထိ ဈေးတက်ခဲ့ပါတယ်။အခြေခံ ပြည်သူတွေရဲ့ နေ့စ ဉ်စားသောက်နေရတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ သားငါး စတဲ့ မီးဖိုချောင် ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေက မြင့်တက်နေတဲ့အတွက် အခြေခံ ပြည်သူတွေရဲ့ အဓိက ပြဿနာကို အစိုးရသစ် အနေနဲ့ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။“ကုန်ဈေးနှုန်းကလည်း မကျဘူး။ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုမလာဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း ထင်သလောက် ဝင်မလာဘူး။ ဘယ်လိုအကြောင်းကြောင့်မှ စီးပွားရေးက တိုးတက်လာမယ်လို့ မမြင်ဘူး” လို့ စီးပွားရေး ပညာရှင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က သူ့အမြင်ကို ပြောပါတယ်။ဒါ့အပြင် ရန်ကုန်မြို့ရဲ့ ကားကျပ်မှု ပြဿနာ၊ မိုးတွင်းဆို ရေကြီးရေလျှံမှု ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာ အစရှိတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ် အနေနဲ့ မဖြေရှင်းနိုင်သေးတာကို တွေ့ရပါတယ်။“ရန်ကုန်မှာ ဘာတွေများလာလဲ ဆိုတော့ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ အလုပ်လက်မဲ့တွေ တွေ့လာရတယ်” လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က ဆိုပါတယ်။
■ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဘာပြောခဲ့လဲရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်းကို ခန့်အပ်လိုက်တယ်လို့ မတ် ၂၈ ရက်က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။ဒီလို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အတည်ပြုပြီးချိန်မှာတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာတွေကို အခုလို ပြောကြားခဲ့ပါတယ်။“ကျွန်တော်တို့ ရန်ကုန်တိုင်းဟာ အခက်အခဲတွေ၊ စိန်ခေါ်မှု တွေအများကြီးရှိတဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးမြို့တော်ကြီးလည်း ဖြစ်တယ်။ ရန်ကုန်တိုင်း အတွင်းမှာ ကားကျပ်တဲ့ ပြဿနာတွေ၊ မိုးရာသီမှာ ရေကြီးရေလျှံ ဖြစ်နေတဲ့ ပြဿနာတွေ၊ မြို့ထဲမှာ အမှိုက်တွေ စုပုံနေတဲ့ အခြေအနေတွေ၊ အလုပ်လက်မဲ့ ပြဿနာတွေ၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာတဲ့ နေရာမှာ ကြုံတွေ့နေရတဲ့ အခြားအခြားသော အခက်အခဲတွေ ကျွန်တော်တို့ ရန်ကုန်မြို့မှာ အများကြီး ရှိပါတယ်။ ဒီအခြေအနေတွေ အားလုံးကို ကျွန်တော်တို့ တတ်စွမ်းသရွေ့ ဖြေရှင်းသွားပါ့မယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အာဂတိလိုက်စားမှုကင်းတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အမှန်တကယ် အကောင်အထည် ဖော်ပေးနိုင်မယ့် ပြည်သူလိုလားတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားခဲ့တဲ့ စကားကို ပြန်ကောက်ရင် အချက်နှစ်ချက်ကို တွေ့ရပါတယ်။ ပထမ အချက်က ရန်ကုန်မြို့က ပြဿနာတွေကို ဖြေရှင်းသွားမယ်ဆိုတဲ့ အချက်နဲ့၊ ဒုတိယ အချက်က ဒီလို ပြုပြင်ပြောင်းလဲရာမှာ ရန်ကုန်တိုင်း အစိုးရ အနေနဲ့ အဂတိ လိုက်စားမှု ကင်းကင်းနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမှန်တကယ် အကောင်အထည် ဖော်မယ်ဆိုတဲ့ အချက် နှစ်ချက်ပဲ ဖြစ်ပါတယ်။ပထမ အချက်မှာ ပါရှိတဲ့ အချက်တွေကတော့ ကားကျပ်တဲ့ ပြဿနာ၊ မိုးရာသီ ရေကြီးရေလျှံတဲ့ ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြောသွားတာ တွေ့ရပါတယ်။ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ဝန်ကြီးချုပ်ဖြစ်ချိန်က စလို့ လက်ရှိ အချိန်အထိ သက်တမ်းအားဖြင့် သုံးလကျော် လေးလ အတွင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီသက်တမ်းအတွင်း သူပြောကြားခဲ့တာတွေကို ပြန်ကြည့်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ရန်ကုန်မြို့ရဲ့ လမ်းပေါ်မှာ ကားတွေ ပိတ်နေပါသေးတယ်။ မိုးရွာရင် ရန်ကုန်မြို့ကြီးက ရေကြီး ရေလျှံမှုတွေ ရှိနေပါသေးတယ်။ အလုပ်လက်မဲ့ လူဦးရေကလည်း ရန်ကုန်မြို့မှာ ကြီးထွားလို့ နေပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကလည်း လောက်လောက်လားလား ဝင်ရောက်လာတာကို မတွေ့ရသေးပါဘူး။ဒါ့အပြင် လျှပ်စစ်မီးတွေကလည်း ပျက်နေတုန်းပါပဲ။ စီးပွားရေးကလည်း ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ဝင်ငွေတိုးတက်မှု မရှိတဲ့အပြင် အခြေခံ စားသောက်ကုန် ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် အခြေခံ လူတန်းစားတွေရဲ့ ဘဝတွေက ပိုပြီးတော့ ကျပ်တည်းလို့ လာပါတယ်။ဒီလောက် အချိန်လေးနဲ့ ဒီကိစ္စတွေကို ချက်ချင်းလက်ငင်း ပြုပြင်နိုင်ဖို့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ သက်တမ်း သုံးလကျော် လေးလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် စီမံခန့်ခွဲမှု အလွဲတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
■ ဝန်ကြီးချုပ်ရဲ့ ပထမအလွဲဒီသက်တမ်း သုံးလကျော် လေးလအတွင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လုပ်ဆောင်ခဲ့တဲ့ စီမံခန့်ခွဲမှု အလွဲတွေကို ပြောရမယ်ဆိုရင် ပထမဆုံး အလွဲက ပြည်သူလူထု ရွေးချယ်ထားတဲ့ ရွေးကောက်ခံ စည်ပင်သာယာကော်မတီဝင် လေးဦးကို ဖြုတ်လိုက်တာပဲ ဖြစ်ပါတယ်။ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ လက်မှတ်နဲ့ ရွေးကောက်ခံ ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်တွေ တရားဝင် ထုတ်ပယ်လိုက်တဲ့ အကြောင်းကြားစာကို မေ ၁၈ ရက်က ရောက်ရှိလာတယ်လို့ ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင် (၇) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးခင်လှိုင် (ဇောတိက)က ပြောပါတယ်။“ဝန်ကြီးချုပ် လက်မှတ်နဲ့ ထုတ်ပယ်ကြောင်း စာရောက်လာတာပါ” လို့ ဦးခင်လှိုင်က ဆိုပါတယ်။ဒီလို တရားဝင် ထုတ်ပယ်တဲ့ စာရောက်ရှိလာတာကြောင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အသီးသီးက တာဝန်ထမ်းဆောင်နေကြတဲ့ ရွေးကောက်ခံ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင် အားလုံး ပစ္စည်းများသိမ်းဖို့ ညွှန်ကြားချက် ထုတ်ပေးလိုက်တယ်လို့ ဦးခင်လှိုင် (ဇောတိက)က ပြောပါတယ်။“ကျွန်တော်တို့က ထုတ်ပယ်တဲ့ အကြောင်း တရားဝင်စာ ထုတ်ဖို့ တောင်းတာ။ ဥပဒေ တစ်ခုတည်းနဲ့မှ လုပ်လို့ မရတာ။ ခန့်စဉ် ကာလကတည်းက ရွေးကောက်ပွဲကို အသိအမှတ်ပြု ခန့်ကတည်းက အရင်ဝန်ကြီးချုပ် ဦးမြင့်ဆွေက ခန့်ခဲ့တာ။ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး ခန့်ခဲ့တာ။ ကျွန်တော်တို့ကို ဖြုတ်ချင်ရင် ဖြုတ်တဲ့စာကို ဝန်ကြီးချုပ်က ပို့ပေးပါဆိုပြီး ကျွန်တော်ရဲ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။ အခု ကျွန်တော့် လက်ထဲကို ဖြုတ်ပါတယ်ဆိုတဲ့စာ ဒီနေ့ ရောက်လာပြီ။ အဲဒီအတွက် ခရိုင်၊ မြို့နယ် အသီးသီးမှာ ရှိကြတဲ့ သူတွေကို ညွှန်ကြားချက် ထုတ်ပေးလိုက်ပြီ။ ပစ္စည်းတွေသိမ်းပြီး အမြန်အပ်လိုက်တော့ ဆိုပြီး အကြောင်းကြားပြီးသွားပြီ။ ကျွန်တော်လည်း ပြောင်းနေပါပြီ” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၇) ဦးခင်လှိုင် (ဇောတိက) က ဆိုပါတယ်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တွေ အနေနဲ့ မေ ၁၇ ရက် သတင်းစာ ရှင်းလင်းမှု အပြီး မေ ၁၈ ရက်မှာ စည်ပင်ကော်မတီဝင်တွေကို ထုတ်ပယ်တဲ့ တရားဝင် အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ပထမဆုံးအဖြစ် အရင်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်မှာ ကော်မတီဝင်အဖြစ် ဦးဌေးအောင် (Sakura)၊ ဦးခင်လှိုင် (ဇောတိက)၊ ဒေါက်တာအေးမင်းနဲ့ ဦးခင်မောင်တင့်တို့ စုစုပေါင်း လေးဦး၊ ခရိုင် စည်ပင်သာယာရေး ကော်မတီ အဆင့်မှာ ၁၂ ဦးနဲ့ မြို့နယ် စည်ပင်သာယာရေးကော်မတီ အဆင့်မှာ ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်တွေ တရားဝင် ထုတ်ပယ်လိုက်ပြီး သိပ်မကြာခင် အချိန်မှာပဲ ဇွန် ၁ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ လစ်လပ်နေတဲ့ အစိုးရခန့် ကော်မတီဝင်တွေရဲ့ နေရာမှာ အတွင်းရေးမှူး အဖြစ် ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးသန်း၊ ကော်မတီဝင်အဖြစ် ဒေါ်မေမေသွင်နဲ့ ဒေါ်သန်းမြင့်အောင်တို့ကို ခန့်အပ်ခဲ့ပါတယ်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းပုံအရ စည်ပင်သာယာရေး ဝန်ကြီးမှာ ကော်မတီဥက္ကဋ္ဌဖြစ်ပြီး အစိုးရခန့် ကော်မတီဝင် လေးဦးအနက် နှစ်ဦးမှာ အဲဒီကော်မတီရဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးရာထူး ရရှိမှာ ဖြစ်သလို ကျန်နှစ်ဦးကတော့ ကော်မတီဝင် (၄) နဲ့ (၅) အဖြစ် ရှိမှာ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရသစ်ရဲ့ လုပ်ငန်းတွေကို စောင့်ကြည့် လေ့လာသူ တစ်ဦးက “YCDC မှာ ခန့်ထားတဲ့ ဟာတွေက တလွဲတွေ ဖြစ်နေတယ်။ အဓိကက YCDC ဟာ Weak Point ဖြစ်တယ်။ အဲဒါကြောင့် အရင်တုန်းက လူတွေကို ချန်ထား၊ အရင် အစိုးရတုန်းက လူတွေကို ဖြုတ်၊ ပြည်သူရွေးကောက် တင်မြှောက်ထားတဲ့ လူတွေကို မခန့်နဲ့ဦး။ တွဲသွား ခြောက်လလောက်။ တွဲသွားမယ့် ဟာကို မလုပ်ဘဲနဲ့ ဒီလို ကောက်ခန့်ပစ်လိုက်တယ်။ ပြီးတော့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ သူတွေကို အကုန် ဖြုတ်ပစ်တယ်။ Data တွေရဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အဆက်အစပ်ဖြစ်မယ့် ဟာတွေ အကုန် ဖြုတ်ပစ်တယ်။ YCDC ဟာ Break Down ဖြစ်သွားတယ်” လို့ ဆိုပါတယ်။
■ ဝန်ကြီးချုပ်ရဲ့ ဒုတိယ အလွဲ
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ နောက်ထပ် စီမံခန့်ခွဲမှု အလွဲကတော့ အရင်အစိုးရ လက်ထက် ကတည်းက တည်ဆောက် ခွင့်ပြုခဲ့တဲ့ အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည် စိစစ်ဖို့ မေ ၁၄ ရက်က တရားဝင် စာထုတ်ခဲ့ပြီး လုပ်ငန်းတွေ ရပ်ဆိုင်းခံရတဲ့ အဆောက်အအုံ ၂၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အထဲကမှ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို အထပ်တွေ ပြန်လျှော့ခဲ့တာဖြစ်ပြီး ကမ္ဘာအေးစေတီ လမ်းပေါ်က ဆောက်လုပ်ခဲ့တဲ့ KERU အဆောက်အအုံကို ၂၉ ထပ်ကနေ ၁၇ ထပ်အထိ၊ ဖိုးစိန်လမ်းပေါ်ရှိ ဖိုးစိန်ကွန်ဒိုကို ၃၁ ထပ်ကနေ ၁၂ ထပ်အထိ၊ Golden Dragon ကွန်ဒိုကို ၁၂ ထပ်ခွဲကနေ လေးထပ်အထိ၊ Paragon Residence ကို ၂၇ ထပ်ကနေ အထပ် ၂၀ အထိ၊ အရှေ့မြင်းပြိုင်ကွင်း လမ်းပေါ်ရှိ East Race Course အဆောက်အအုံကို အထပ် ၂၀ ကနေ ၁၆ ထပ်အထိ လျှော့ချခဲ့တယ်လို့ သိရပါတယ်။ကျန်ရှိတဲ့ အထပ်မြင့် အဆောက်အအုံတွေကို စိစစ်နေဆဲ ဖြစ်တာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေပါ ရပ်ဆိုင်းထားရပါတယ်။ ဒီလို ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားရတဲ့ အတွက် ဒီလုပ်ငန်းကို မှီခိုနေရတဲ့ လုပ်သားတွေမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး ပြန်လျှော့ခဲ့ရတဲ့ အထပ်တွေကို ကြိုပွိုင့်ဝယ်ယူမိခဲ့သူတွေ အနေနဲ့ နစ်နာမှုတွေလည်း ကြီးမားနေပါတယ်။ဒီလို ရပ်ဆိုင်းထားရတဲ့ အထပ်မြင့် အဆောက်အအုံတွေဟာ အရင်အစိုးရ လက်ထက်က ချမှတ်ခဲ့တဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းတွေကို အောင်မြင်ထားတဲ့ အဆောက်အအုံတွေဖြစ်ပြီး နိုင်ငံတော်ပိုင်မြေ မဟုတ်ဘဲ ပုဂ္ဂလိကကိုယ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံများ ဖြစ်ပါတယ်။ဒီလို ရပ်ဆိုင်းခံရတာကြောင့် လုပ်ငန်းရှင်တွေ အနေနဲ့ များစွာ နစ်နာနေသလို ဆောက်လုပ်ခွင့်ပါမစ် ကျထားပြီးသား အထပ်မြင့် အဆောက်အအုံ ၁၂ လုံးနဲ့ နှစ်လကျော် ရပ်ဆိုင်းခံထားရတဲ့ မူဝါဒ အောင်မြင်ပြီးသား အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးအပေါ် အရင်ချမှတ်ခဲ့တဲ့ မူဝါဒတွေကို ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လည်ပြင်ဆင်ပြီး ပါမစ် ဖျက်သိမ်းခြင်း၊ စိစစ်ခြင်းနဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်မှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။“ယခု ရပ်ဆိုင်းထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အားလုံးသည် ယခင်ကကဲ့သို့ နိုင်ငံတော်မြေပေါ်မှာ ပန်းခြံပေါ်မှာ အများပိုင်မြေပေါ်မှာ အထူးအခွင့်အရေး ရယူပြီးတော့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ အားလုံး ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ သိရှိအောင် ပြောကြားခြင်း ဖြစ်ပါတယ်။ အခု ရပ်ဆိုင်းခံ့ရတဲ့ ၁၂ လုံးသည် မိမိကိုယ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ပိုင်မြေဖြစ်လို့ မြေတွေအားလုံးသည် နာမည်ပေါက် ရရှိပြီးမှသာလျှင် ဆောက်လုပ်ခွင့် ရရှိတာ ဖြစ်ပါတယ်။ အခွန်ကိစ္စနဲ့ ပြောမယ်ဆိုရင်လည်း နာမည်ပေါက်တစ်ခု ရရှိဖို့ဆိုတာ အခွန်မဆောင်ဘဲနဲ့ ကျွန်တော်တို့ နာမည်ပေါက် မရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံတော်ကို အခွန်တွေလည်း ပေးဆောင်ထားတယ်” လို့ ရပ်ဆိုင်းခံထားရတဲ့ အဆောက်အအုံတွေထဲက ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။“အထပ်မြင့် တိုက်တွေနဲ့ ပတ်သက်ရင်လည်း စီးပွားရေး၊ အုပ်ချုပ်ရေး ဒါမှမဟုတ် Mindset သဘောထားက ဥပဒေနဲ့အညီ ဆိုပြီး အသစ် လုပ်ရမှာ။ ပြီးခဲ့တာတွေ ပြန်ပြင်ဆိုတာ မလုပ်ကောင်းပါဘူး။ နောက်ကြောင်း ပြန်မလှည့်ကောင်းပါဘူး။ ဒီလိုလုပ်ရင် ဇယားရှုပ်မယ်။ မနိုင်မနင်း ဖြစ်သွားမယ်” လို့ စီးပွားရေး ပညာရှင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က သူ့အမြင်ကို ပြောပါတယ်။ဒါပေမဲ့ ဒီလို ရပ်ဆိုင်းခံထားရတဲ့ အထပ်မြင့် အဆောက်အအုံတွေမှာ အစိုးရနဲ့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေတဲ့ ခရိုနီ ကုမ္ပဏီကြီးတွေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပါဝင်ခြင်း မရှိပါဘူး။“ယခု ရပ်ခိုင်းထားတဲ့ အထဲမှာ အစိုးရနဲ့ အကျိုးတူ ဆောက်တဲ့ အဆောက်အအုံတွေကျတော့ မရပ်ခိုင်းထားဘူး။ ဗိုလ်ချုပ်ဈေး လဟာပြင် နေရာမှာ ဆောက်လုပ်နေတဲ့ ရွှေတောင်ကုမ္ပဏီက ဆောက်တဲ့ အထပ်မြင့်တွေ ဆိုရင် အကျိုးတူ ဆောက်တာဖြစ်လို့ ရပ်ခိုင်းတဲ့ထဲမှာ မပါဘူး” လို့ ဦးမျိုးမြင့်က ဇူလိုင် ၂၃ ရက်က ပြောကြားပါတယ်။ဗိုလ်ချုပ်ဈေး လဟာပြင် နေရာမှာ အစိုးရနဲ့ အကျိုးတူ ပူးပေါင်း ဆောက်လုပ်နေတဲ့ ရွှေတောင် ကုမ္ပဏီရဲ့ 34 Twin Tower အဆောက်အအုံဟာ ရွှေတိဂုံ စေတီတော်ရဲ့ ကန့်သတ် ဧရိယာနဲ့ အနည်းငယ် လမ်းတစ်ဖက်သာ လွတ်ကင်းတဲ့ အနေအထားဖြစ်ပြီး အကျိုးတူ ဖြစ်တာကြောင့် ရပ်ဆိုင်းခံရတဲ့ အဆောက်အအုံ စာရင်းမှာ မပါဝင်ခဲ့သလို အရင် အများပြည်သူပိုင် သိမ်ဖြူကစားကွင်း နေရာမှာ အကျိုးတူ ဆောက်လုပ်နေတဲ့ အထပ်မြင့် အဆောက်အအုံဟာလည်း ရပ်ဆိုင်းခံရတဲ့ အထဲမှာ မပါဝင်ဘူးလို့ သိရပါတယ်။ဒါ့ပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေ အနေနဲ့ ဘဏ်တွေမှာ ငွေချေးယူ လုပ်ကိုင်ထားတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေ ယိမ်းယိုင်သွားပါက ဘဏ်တွေပါ ထိခိုက်သွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။“အစ်ကိုတို့လို ဆောက်လုပ်ရေး ကုမ္ပဏီ သေးသေးလေးတွေ တောင်ဘဏ်မှာ မြန်မာငွေကျပ် သုံးဘီလျံလောက် ချေးယူထားတယ်။ ဒေါ်လာနဲ့ တွက်မယ်ဆိုရင် ဒေါ်လာ လေးသိန်းလောက် ရှိတယ်။ ဒါဘဏ်မှာပဲ ချေးထားတာနော်။ ကျန်တဲ့ ဆောက်လုပ်ရေး ပစ္စည်း အကြွေးတွေနဲ့ ဆိုရင် ဒေါ်လာ တစ်သန်းလောက် ရှိပါတယ်။ ကျန်တဲ့ ကုမ္ပဏီအကြီးတွေ ဆိုရင်တော့ မပြောတတ်တော့ဘူး” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောကြားသည်။“တိုက်ခန်းတွေကို ဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျနဲ့ ဝယ်ထားကြတာတွေ ရှိတယ်။ ဘဏ်က တိုက်ခန်းဖိုးတွေကို အစ်ကိုတို့ကို ပေးချေပြီးသား။ ဝယ်ယူသူက ဘဏ်ကို ဆက်သွင်းရမှာ။ အခုလို ဖြစ်သွားတော့ ဘာဆက်လုပ်ရမှန်း မသိဘဲ ဝယ်ယူသူတွေကလည်း ဘဏ်ကို ပိုက်ဆံ ဆက်မသွင်းရဲတော့ဘဲ ဖြစ်နေတာ။ အဆောက်အအုံ ၁၂ လုံးမှာ ရောင်းထားတဲ့ အခန်းပေါင်း ၁၀၀၀ ကျော်လောက် ရှိတယ်” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဘိုစန်းက ပြောပါတယ်။အရင်ကတည်းက အရောင်းအဝယ် အေးနေတဲ့ ဆောက်လုပ်ရေး ဈေးကွက်မှာ အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းခံရတဲ့ အချိန်ကစလို့ ဈေးကွက်လုံး၀ ပျက်သွားပြီ ဖြစ်ပါတယ်။“နဂိုကတည်းက ဆောက်လုပ်ရေးက အေးနေတာ။ အခုဈေးကွက် လုံး၀ ပျက်သွားတယ်။ ကြိုပွိုင့် ဝယ်ထားတဲ့ သူကလည်း ဘယ်လို ဖြစ်သွားမှာလဲ။ ဘာတွေ ဆုံးရှုံးမှာလဲ လှမ်းမေးနေကြတယ်” လို့ ဦးမျိုးမြင့်က ဆက်လက်ပြောပါတယ်။“ဆောက်လုပ်ရေး ဈေးကွက်မှာတော့ တော်တော်လေးကို ယုံကြည်မှု ပျက်သွားပါပြီ” လို့ အထပ်ပြန်လျှော့ချရတဲ့ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။ဒီလို အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည်စစ်ဆေးဖို့ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ ဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီကို ဇွန် ၁၇ ရက်က ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် ပါဝင်ပါတယ်။“အဲဒီထဲမှာ အာခီတက် ငါးဦး ပါတယ်။ ကျန်တာတွေသည် ရိုးရိုးလေးပဲ။ ၂၀၁၂ ခုနှစ်က Building Code တွေ၊ Zoning Law တွေ ရှိခဲ့လား။ မရှိခဲ့ဘူး။ အဲဒီတော့ အရင် ပညာရှင် ခွင့်ပြုခဲ့တာကို အခု ပညာရှင်က ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုး။ ပညာရှင်တွေ အချင်းချင်း ကြားထဲက မကျေနပ်တဲ့ ပွတ်တိုက်မှုတွေကို ကျွန်တော်တို့က ကြားထဲကနေ ခံနေရတာ။ အခု ရန်ကုန်တိုင်း အစိုးရက ရန်ကုန်မြို့ကို စနစ်တကျ လုပ်ချင်တယ်။ ဒါပေမဲ့ ဘာမှ မလုပ်တတ်ဘူး” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးကလည်း ပြောပါတယ်။လက်ရှိ အဆောက်အအုံများ စိစစ်ရေး ကိစ္စမှာ အမှန်တကယ် ထောက်ပြနိုင်တဲ့ ပညာရှင်တွေထက် အမြင်ရှိတဲ့ သူတွေကိုသာ နေရာပေး ပါဝင်စေတာကြောင့် လွဲမှားမှုတွေ ဖြစ်နေရတာလို့ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဝေဖန် ပြောဆိုပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ စီးပွားရေး ပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က “စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ကျွန်တော်တွေ့သလောက် ကျွန်တော့်ကားလေး ပွိုင့်တစ်ခုမှာ ရပ်တော့ လမ်းစရိတ်တောင်းတဲ့ မိသားစုတစ်ခု တွေ့တယ်။ သူတို့က သေချာကြည့်တော့ ပိုက်ဆံတောင်းတဲ့ သူတွေတော့ မဟုတ်ဘူး။ ဆောက်လုပ်ရေး ဆိုက်ကနေ အလုပ်မရှိလို့ ပြန်ခိုင်းတဲ့သူတွေ ဖြစ်မယ်။ အိုးတွေခွက်တွေနဲ့။ အသုံးပစ္စည်းလေးတွေနဲ့ တွေ့တော့ တော်တော်ကို စိတ်မကောင်းဘူး။ ကျွန်တော်တို့ မျက်စိရှေ့မှာတင် အထပ်မြင့် အဆောက်အအုံတွေ ရပ်လိုက်တာရယ်၊ နှစ်လလောက်အတွင်း အထပ်မြင့် အဆောက်အအုံတွေ ရပ်လိုက်လို့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်မှုတွေ များလာတာကို မြင်သွားတာပေါ့။ ဒီလူတွေက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ဖို့ များပါတယ်။ ရန်ကုန်က အလုပ်အကိုင် မပေးနိုင်တဲ့ အခါကျတော့ ပြန်ကြတာပေါ့။ အဲဒီလို မိသားစုလေး နှစ်စုကို ကျွန်တော် တွေ့တယ်။ ဒါက စီးပွားရေး အရ ပြောရရင်တော့ နည်းနည်းတော့ စိုးရိမ်ရတယ်” လို့ ဆိုပါတယ်။
■ ဝန်ကြီးချုပ်ရဲ့ တတိယ အလွဲ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တတိယ အလွဲကတော့ ကျူးကျော် ပြဿနာပဲ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျူးကျော်တွေကို စာရင်းကောက်ယူမှာ ဖြစ်ပြီး သူတို့ရဲ့ ဘ၀ ပြန်လည် ထူထောင်ရေးအတွက် ကူညီပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ကျူးကျော်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။နယ်တွေမှာလည်း အလုပ်အကိုင် ရှားပါးမှုတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ရှိတဲ့ ဒေသခံတွေဟာ ဒေသကို စွန့်ပြီး မိသားစုလိုက် ရန်ကုန်မြို့ကို ပြောင်းရွှေ့ အခြေချ နေထိုင်မှုတွေ ရှိလာပါတယ်။ ဒီလိုနေထိုင်တဲ့ အခါမှာလည်း အိုးပိုင်အိမ်ပိုင် မရှိတဲ့အတွက် ကျူးကျော်နေရာတွေမှာ ဝင်ရောက်နေထိုင်ပြီး ရရာ အလုပ်ကို လုပ်ကိုင်ရင်းနဲ့ စားဝတ်နေရေးကို ရေကြည်ရာမြက်နုရာ ရှာဖွေ စားသောက်နေကြတာပါ။ရန်ကုန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့် စီးပွားရေးတွေ မကောင်းတဲ့အပြင် အလုပ်လက်မဲ့ များပြားနေတဲ့ အချိန်မှာ နယ်ကနေ လာရောက်တဲ့ အတွက် ကျူးကျော်သူတွေလည်း များပြားလာတာလည်း ဖြစ်ပါတယ်။လက်ရှိ ကျူးကျော်နေသူတွေကို စာရင်းကောက်ရာမှာ ဒီဂျစ်တယ် နည်းပညာနဲ့ လက်ဗွေနဲ့ မျက်နှာတွကို မှတ်တမ်းယူပြီး တစ်ဦးချင်းစီရဲ့ နောက်ကြောင်းကိုလည်း စုံစမ်းစစ်ဆေးတာတွေ လုပ်ပြီးမှ ကျူးကျော်အစစ် ဟုတ်၊ မဟုတ် သတ်မှတ်မှာ ဖြစ်ပါတယ်။ကျူးကျော်တွေကို စာရင်း ကောက်ယူမယ့် စီမံချက်ကို (၄၅) ရက်အတွင်း အပြီး လုပ်ဆောင်မယ် ဆိုပေမယ့် အမှန်တကယ် စီမံချက် စမယ့် အချိန်နဲ့ ပြီးဆုံးမယ့် ကာလကို ထုတ်ဖော်ပြောကြားခြင်းတော့ မရှိပါဘူး။ ကျူးကျော်တွေကို စာရင်း ကောက်ယူရင်တောင် အမှန်တကယ် ကျူးကျော်နေသူတွေအတွက် နေထိုင်ဖို့ အိမ်ရာနဲ့ အလုပ်အကိုင်တွေကို ဖော်ဆောင်မယ့် ကိစ္စကိုလည်း စိစစ်နေတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ သိရပါတယ်။အကြမ်းဖျင်း ကောက်ယူထားတဲ့ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စု တစ်သိန်းကျော် ရှိပြီး နေထိုင်သူ ဦးရေ လေးသိန်းကျော် ရှိနေတဲ့အတွက် ဒီကျူးကျော်တွေ အားလုံးကို နေရာပြန်လည် ချထားပေးမယ် ဆိုရင် မြေနေရာတွေ အများအပြား လိုအပ်နေပြီး လက်ရှိအချိန်မှာ မြေဈေးနှုန်း ကြီးမြင့်နေတာကြောင့် ဖြစ်နိုင်တဲ့ အနေအထား မရှိပါဘူး။ဒီကိစ္စနဲ့ ပတ်သက်လို့ စီးပွားရေး ပညာရှင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က “ကျူးကျော် ကိစ္စကလည်း တော်တော်ကို ကျယ်ပြန့်တယ်။ ခြေခြေမြစ်မြစ် လိုက်ရမယ်။ ဘာကြောင့် ဒီလိုများ ရတယ်ဆိုတာ စဉ်းစားရမှာ။ အဲဒါကို စာရင်းကောက်မယ်ဆိုရင် စာရင်းက မျိုးစုံလွဲနိုင်တယ်။ ကျူးကျော် မဟုတ်တဲ့ သူတွေ ရပ်ကွက်တို့၊ လမ်းတို့မှာ တကယ်နေထိုင်ခဲ့သူတွေကို စာရင်းဖျောက်တာတွေ ရှိတယ်။ အကောင်းဆုံးကတော့ ရေတိုရေလတ် ရေရှည် စီမံကိန်း လုပ်သင့်တယ်” လို့ ဆိုပါတယ်။အစိုးရ အဖွဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေထိုင်သူတွေ လုံးဝမရှိစေဖို့ မေ ၂၆ ရက် နောက်ပိုင်းကစလို့ အသစ် ကျူးကျော်နေထိုင်သူတွေကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့ ရန်ကုန်တိုင်း အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဆိုထားပေမယ့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြားခဲ့ပြီး နောက်ပိုင်း ရန်ကုန်မြို့မှာ ကျူးကျော် အရေအတွက် ပိုမို တိုးပွားလာခဲ့ပြီး အချို့နေရာတွေမှာ နေ့ချင်းညချင်း ဆိုသလို ကျူးကျော်တွေ ထပ်မံ ဝင်ရောက်လာခဲ့ပါတယ်။အထူးသဖြင့် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း စတဲ့ နေရာတွေမှာ ကျူးကျော်တွေ ထပ်မံ တိုးပွားလာခဲ့တာပါ။ဒီလို ကျူးကျော်သူတွေ များပြားလာတဲ့အပြင် အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေလည်း များပြားလာခဲ့ပါတယ်။ အစိုးရသစ် လက်ထက်မှာ နေ့ခင်းကြောင်တောင် လုနှိုက်တာတွေ၊ အုပ်စုဖွဲ့ ရမ်းကားတာတွေ၊ လူမြင်ကွင်းမှာ မိုက်ကြေးခွဲတာတွေ စတဲ့ ဒုစရိုက်မှုတွေက ရန်ကုန်မြို့ နေရာ အနှံ့အပြားမှာ ဖြစ်ပေါ်နေပါတယ်။ဒီလို ဒုစရိုက်မှုတွေ ထူပြောလာတဲ့အတွက် ရန်ကုန်မြို့ရဲ့ တရားဥပဒေ စိုးမိုးမှုကိုလည်း စိန်ခေါ်သလို ဖြစ်နေပါတယ်။
■ ဝန်ကြီးချုပ်ရဲ့ စတုတ္ထ အလွဲရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွေးကောက်ခံ နယ်မြေဖြစ်တဲ့ လှည်းကူးမြို့သစ် အပါအဝင် သန်လျင်၊ ဒလ၊ တွံတေး၊ ထန်းတပင်၊ ဒဂုံအရှေ့ စတဲ့ မြို့သစ် စီမံကိန်း ခြောက်ခုကို ၂၀၁၆ ခုနှစ် ကနေ ၂၀၃၀ ပြည့်နှစ်အထိ အကောင်အထည်ဖော်ဖို့ လျာထားတယ်လို့ သိရပါတယ်။ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း ရေးဆွဲခဲ့တဲ့ “မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း” မှာ ဒီလို မြို့သစ်တွေ ချဲ့ထွင်ဖို့ပါ ရှိခဲ့တာ ဖြစ်ပါတယ်။အဲဒီ အထဲကမှ လှည်းကူးမြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ၊ သန်လျင်မြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ၊ ဒလမြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ၊ တွံတေးမြို့သစ် ဧက ၅၀၀ ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ် အထိ၊ ထန်းတပင်မြို့သစ် ဧက ၅၀၀ ကို၂၀၁၆ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ် အထိ၊ ဒဂုံအရှေ့မြို့သစ် ဧက ၅၀၀ ကို ၂၀၁၇ ခုနှစ်ကနေ ၂၀၃၁ ခုနှစ်အထိ အသီးသီး ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။“ဒုတိယ ကာလတို ငါးနှစ်စီမံကိန်းမှာ မြို့သစ်စီမံကိန်းတွေ ဆောင်ရွက်ဖို့ လျာထားပါတယ်” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း ရေးဆွဲရေး ဌာနမှ ဒုတိယ ဌာနမှူး ဦးတိုးအောင်က ဆိုပါတယ်။ “မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း” အရ ရန်ကုန်မြို့ကို မြို့တိုးချဲ့ဖို့ ရန်ကုန်အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် (ရန်ကုန်မြို့သစ်) ၂၁၇၁၆ ဧက၊ သန်လျင် မြို့သစ် ၂၁၁၉၃ ဧက၊ ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ထန်းတပင်မြို့သစ် ၂၄၇၄၈ ဧက၊ မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနဲ့ လှည်းကူးမြို့သစ် ၆၉၃၃ ဧက စုစုပေါင်း ၁၁၈၇၃၂ ဧက လျာထားတယ်လို့ အရင်အစိုးရက ထုတ်ပြန်ခဲ့ဖူးပါတယ်။ဒီအထဲကမှ ရန်ကုန် အနောက်တောင်မြို့သစ် (ရန်ကုန်မြို့သစ်) စီမံကိန်းကို ဦးစွာ အကောင်အထည်ဖော်ဖို့ အရင်အစိုးရက တင်ဒါခေါ်ယူခဲ့ပြီး သူတို့သက်တမ်း မကုန်ဆုံးမီ လပိုင်း အလိုမှာ ကုမ္ပဏီ သုံးခုကို ခွဲဝေလုပ်ကိုင်ခွင့် ချထားပေးခဲ့တာ ဖြစ်ပါတယ်။ကျန်ရှိတဲ့ မြို့သစ် ခြောက်ခုကို ဆက်လက် အကောင်အထည်ဖော်မယ့် ပုံစံမှာ နယ်မြေတစ်ခုချင်းစီ အလိုက် ဧက ၅၀၀ လောက်သာ ကနဦး အနေနဲ့ အကောင်အထည်ဖော်မယ့် ပုံစံ ဖြစ်ပါတယ်။ဒီအထဲက ရန်ကုန်မြို့သစ် စီမံကိန်းကို ဧက ၂၀၀၀၀ ကျော် အကောင်အထည်ဖော်မှာ ဖြစ်ပြီး ဒီစီမံကိန်းဟာ အရင်အစိုးရ လက်ထက်က လုပ်ကိုင်ခွင့် ချပေးခဲ့တဲ့ စီမံကိန်း ဖြစ်တာကြောင့် လက်ရှိ အစိုးရသစ်နဲ့ လွှတ်တော်ထံ ပြန်လည် တင်ပြမှာ ဖြစ်ပါတယ်။အရင် ရန်ကုန်မြို့တော်ကို တိုးချဲ့ခဲ့ရာမှာ သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပတို့ကို စတင် ချဲ့ထွင်ခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာတို့ကို ထပ်မံ ချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။ဒီလို ချဲ့ထွင်ခဲ့ပေမယ့် ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာ မြို့သစ်တွေမှာ ရေ၊ မီး စတဲ့ အခြေခံ အဆောက်အအုံ ပြည့်စုံလုံလောက်မှု မရှိသေးဘူးလို့ မြို့ပြပညာရှင် အချို့က ထောက်ပြထားပါတယ်။ရန်ကုန်မြို့မှာ လက်ရှိ လူဦးရေ ငါးသန်းကျော် နေထိုင်နေပြီး ၂၀၄၀ ပြည့်နှစ်မှာ လူဦးရေ ၁၁ သန်း နီးပါးအထိ တိုးလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။“ရန်ကုန်မြို့ပြဟာ မြို့ဟောင်းကြီး ဖြစ်ပါတယ်။ ဒီမြို့ဟောင်းကြီးကို မြို့သစ်တွေနဲ့ ဝိုင်းရံ တည်ဆောက်တာနဲ့ မြို့ဟောင်းနဲ့ ဇုန်တွေ အတွင်းမှာ မဆောက်သင့်တဲ့ အဆောက်အအုံတွေ ပေါ်ထွန်းလာမှုက လုံခြုံရေး အရနဲ့ ကျွန်တော်တို့ မြို့ဟောင်း အင်္ဂါရပ်ကို ပျက်စီးသွားခဲ့ပါတယ်။ ဒီအခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ လိုပါတယ်။ ရန်ကုန်မြို့ဟောင်း ဧရိယာကို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း လိုပါတယ်။ မြို့သစ်တွေကိုလည်း ခေတ်မီဖွံ့ဖြိုးတဲ့ မြို့သစ်တွေ ဖြစ်အောင် လုပ်သင့်ပါတယ်” လို့ မေ ၅ ရက်က မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံ အချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲမှာ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။လှည်းကူးမြို့နယ် အပါအဝင် ဒေသခြောက်ခုကို မြို့သစ်စီမံကိန်း ဖော်ဆောင်မှာ ဖြစ်တဲ့အတွက် အဲဒီ ဒေသတွေက မြေဈေးနှုန်းတွေ မြင့်တက်သွားနိုင်တယ်လို့ အိမ်ရာ အကျိုးဆောင်တွေက ခန့်မှန်းထားပါတယ်။ဒီလို မြေဈေးတက်လာရင် အရင်ဆုံး ဈေးကစားမယ့် သူတွေကတော့ ခရိုနီတွေနဲ့ ပိုက်ဆံ ချမ်းသာတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒီလိုသာ ဈေးကစားခဲ့ရင်တော့ အရင် အစိုးရ လက်ထက်က မြို့သစ် စီမံကိန်းက မြေကွက်တွေလိုပဲ မြေဈေးတွေက အဆမတန် ကြီးထွားလာမှာ ဖြစ်ပါတယ်။ဒီမြို့သစ် စီမံကိန်းတွေကို ဖော်ဆောင်မယ့် ကိစ္စဟာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စတုတ္ထ အလွဲပဲ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အထပ်မြင့် အဆောက်အအုံတွေကို ပြန်လည် စိစစ်ဖို့ဆိုပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရပ်နားခဲ့တဲ့အတွက် စီးပွားရေး ယိုင်လဲနေချိန်မှာ အလျင်မလိုတဲ့ မြို့သစ် စီမံကိန်းတွေကို အကောင်အထည်ဖော်မယ့် ကိစ္စဟာ ပြည်သူ့ဘဏ္ဍာငွေတွေကို ဖြုန်းတီးသလို ဖြစ်နေပါတယ်။ဒီမြို့သစ် စီမံကိန်းတွေဟာ ဘယ်သူ့အတွက် ဖော်ဆောင်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ဒီမြို့သစ် စီမံကိန်းထက် အရေးကြီးနေတာက ရပ်နားထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ဒီဆောက်လုပ်ရေး လုပ်ငန်းအပေါ်မှာ လုပ်ကိုင် စားသောက်နေတဲ့ လုပ်သား ဦးရေနဲ့ သူတို့ အပေါ်မှာ မှီခိုနေရတဲ့ မိသားစုဦးရေဟာ ရန်ကုန်မြို့မှာ အများအပြား ရှိနေပါတယ်။ ဒီလုပ်ငန်း အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ သူတွေရဲ့ စားဝတ်နေရေးကိုလည်း ထည့်သွင်း စဉ်းစားပြီးတော့ အမြန်ဆုံး လုပ်ဆောင်နိုင်အောင် လုပ်ပေးရပါမယ်။ဒီလိုမှ မဟုတ်ဘဲ အချိန်အကြာကြီး ဆက်ဆွဲနေဦးမယ် ဆိုရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြိုလဲလာတာနဲ့အမျှ သူ့နဲ့ ဆက်စပ်နေတဲ့ ဘဏ်လုပ်ငန်းတွေ၊ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းတွေ၊ ဘိလပ်မြေ လုပ်ငန်းတွေပါ ပြိုလဲသွားမှာ ဖြစ်သလို ဒီလုပ်ငန်းအပေါ် မှီခိုနေတဲ့ လုပ်သားတွေရဲ့ စားဝတ်နေရေးဟာလည်း ခက်ခဲလာမှာ ဖြစ်ပါတယ်။ နောက်ပြီး ကြိုပွိုင့် ဝယ်ထားတဲ့ သူတွေရဲ့ ငွေကြေးဆုံးရှုံးမှုတွေကိုလည်း ထည့်တွက်ရမှာ ဖြစ်ပါတယ်။“ဆောက်လုပ်ရေးလောက တစ်ခုလုံး ယိမ်းယိုင်သွားရင် နောက်ထပ် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ Impact၊ လှိုင်းလုံး ကြီးတယ်။ ဒီတစ်လှိုင်းတည်းနဲ့ မရပ်ပါဘူး။ နောက်က လှိုင်းတွေက ဆင့်သွားပါတယ်။ အဲဒါတွေကို စိုးရိမ်လို့ ကျွန်တော်တို့ အသနားခံ တင်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တော့ နိုင်ငံရေးအရ မပြောလိုပေမယ့် လုပ်ရပ်ကတော့ နောက်ကြောင်းပြန်တဲ့ သဘောမျိုး ဆန်ပါတယ်။ လက်ရှိ ဒီညွှန်ကြားချက် အတိုင်းတော့ လိုက်နာမှာ မဟုတ်ပါဘူး” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောပါတယ်။ဒါကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ အခြေခံ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကို အမြန်ဆုံးပြန်လည် လုပ်ဆောင်ခွင့် ပေးမှာလား၊ ဒါမှမဟုတ် ခရိုနီတွေရဲ့ မြေဈေးကစားမှုကိုပဲ အားပေးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
■ ပဉ္စမမြောက် အလွဲရန်ကုန်မြို့မှာ လက်ရှိ အချိန်အထိ ပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခတစ်ခုကတော့ ယာဉ်ကြော ပိတ်ဆို့မှုပဲ ဖြစ်ပါတယ်။ အရင် အစိုးရ လက်ထက်က ခုံးကျော်တံတားတွေ ဘယ်လောက်ပဲ ဆောက်ခဲ့ပေမယ့် လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုကတော့ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ဒီလို ယာဉ်ကြောကျပ်တည်းမှုကို အခု အစိုးရသစ် လက်ထက်မှာလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ဒါပေမဲ့ အစိုးရသစ် လက်ထက်မှာ ထူးခြားတာတစ်ခု အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ အဖွဲ့က ဥပဒေ ရေးဆွဲနေပြီး ဥပဒေ ထွက်ပေါ်လာပါက မထသ အဖွဲ့ကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းဖို့အတွက် မထသ လက်အောက်မှာ ရှိနေတဲ့ ယာဉ်လိုင်းတွေကို လျှော့ချဖို့ လုပ်နေပါတယ်။“အခုဟာက လိုင်းတွေ ရှိတယ်။ ကားမရှိဘူးဆိုတဲ့ ဟာတွေ ရှိတယ်။ တချို့ကျတော့လည်း တစ်စီးနှစ်စီးပဲ ရှိလို့ ပေါင်းခိုင်းလိုက်တယ်။ အဲဒါက အဖြေထွက်လာမယ်။ ပထမဦးဆုံး အဆင့်ကတော့ ၂၅ လိုင်းလျှော့ဖို့ပေါ့။ နောက်တစ်ပတ်လောက်ဆို ကြေညာမယ်” လို့ ဇူလိုင် ၂၂ ရက် က မထသ(ဗဟို) ရုံးချုပ်မှာ ပြုလုပ်တဲ့ ၄၈ ကြိမ်မြောက် လုပ်အားယှဉ်ပြိုင်ဆု၊ ပညာရည်ချွန်ဆု ချီးမြင့်ပွဲနှင့် ပညာသင် ထောက်ပံ့စရိတ် ပေးအပ်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။ဒါ့ပြင် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီကို အစိုးရရဲ့ မတည် ရင်းနှီးငွေ ကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိကရဲ့ ရင်းနှီးငွေ ကျပ် ၁၅ ဘီလျံနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပုဂ္ဂလိကရဲ့ ရင်းနှီးငွေကျပ် ၁၅ ဘီလျံအတွက် ရှယ်ယာတွေကို နိုဝင်ဘာ ၃ ရက်ကနေ စတင်ကာ ရှယ်ယာ တစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ ရောင်းချခဲ့ရာမှာ ဒီဇင်ဘာ ပထမပတ်အထိ ရှယ်ယာ သိန်း ၆၀၀၀ ကျော်ဖိုး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ရန်ကုန် ဘတ်စ်ကား အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေထဲကမှ ကုမ္ပဏီ တည်ထောင်သူတွေအဖြစ် ပါဝင်ခွင့်ရတဲ့ ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နဲ့ Fish and Marine 2000 ကုမ္ပဏီတွေက ရှယ်ယာ ရှစ်ရာခိုင်နှုန်းစီ ဝယ်ယူခွင့် ရရှိခဲ့တဲ့အတွက် ရှယ်ယာ ၁၅ ဘီလျံရဲ့ ရာခိုင်နှုန်း ၄၀ ကို ဝယ်ယူခွင့် ရရှိခဲ့ပြီး ကျန်တဲ့ ရှယ်ယာတွေကို အများပြည်သူထံ ထုတ်ရောင်းတာလို့ သိရပါတယ်။“ကျွန်တော်တို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲမှုတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလို လုပ်တဲ့ အခါမှာ အများပြည်သူ အခက်အခဲ သိထားဖို့လည်း လိုတာကြောင့် အခုကားပေါ်က ခရီးသည်တွေအသံ နားထောင်ကြည့်ပါတယ်။ ဒီအချိန်က တကယ့် ယာဉ်အကျပ်ဆုံး အချိန်ပါပဲ။ အများပြည်သူ ဘယ်လို ရင်ဆိုင်နေရလဲ၊ ဘယ်လို အခက်အခဲ ရှိလဲဆိုတဲ့ ဒီအခြေအနေတွေကို ကျွန်တော်တို့ သိမှ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်” လို့ ဇူလိုင် ၁၆ ရက်က ရှစ်မိုင်ကနေ တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့အထိ BRT-Lite ဘတ်စ်ကား စီးနင်းရာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာတွေကို ပြောခဲ့ပါတယ်။YBPC ကို အစိုးရက ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ အများပြည်သူပါဝင်မှု ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ ထူထောင်ထားတာဖြစ်ပြီး လက်ရှိ အချိန်မှာ ရင်းနှီးမြှုပ်နှံမှု ကျပ် ၂၅ ဘီလျံကျော်နဲ့ လည်ပတ်နေတာပါ။ရန်ကုန်မြို့ရဲ့ ပထမဆုံး BRT-Lite ယာဉ်လိုင်းကို ဖေဖော်ဝါရီ ၇ ရက်က ယာဉ် ၁၅ စီးနဲ့ စတင်ပြေးဆွဲခဲ့ပြီး လက်ရှိမှာတော့ ယာဉ်စီးရေ ၄၅ စီးနဲ့ လမ်းကြောင်းနှစ်ကြောင်းခွဲ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ခရီးသွား အချို့ရဲ့ စည်းကမ်း မရှိမှုကြောင့် ယာဉ်စီးခငွေ အပြည့်အ၀ မရရှိတာအပြင် ဘတ်စ်ကားမှတ်တိုင် အချို့ ဖျက်ဆီးခံရတဲ့အတွက် ဆုံးရှုံး နစ်နာမှုများ ရှိနေပါတယ်။ယာဉ်လိုင်းရဲ့ တတိယမြောက် လမ်းကြောင်း အသစ်ကို ထပ်မံပြေးဆွဲဖို့ ပြင်ဆင်နေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ အလားတူ အများပိုင်ယာဉ်လိုင်း အသစ်တွေ ရန်ကုန်မြို့အတွင်း ထပ်မံ ထွက်ပေါ်လာဖို့လည်း ရှိနေပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဘာကြောင့်လဲဆို တစ်ဦးတစ်ယောက်ချင်း ပိုင်ဆိုင်နေတဲ့ ယာဉ်လိုင်းတွေဟာ အရှုံးပေါ်နိုင်တဲ့ ယာဉ်လိုင်းကို ပြေးဆွဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က အစုအဖွဲ့ ဖွဲ့စည်းပြီး ကုမ္ပဏီပုံစံကို ပြောင်းလဲဖို့ တိုက်တွန်းချင်တာ ဖြစ်ပါတယ်။ ကုမ္ပဏီပုံစံကို ပြောင်းလဲတဲ့ နေရာမှာလည်း ကျွန်တော်တို့မှာ အခက်အခဲတွေ ရှိပါတယ်။ ဘာကြောင့်လဲဆို ကုမ္ပဏီ တစ်ခုကို ပြောင်းလဲလိုက်တဲ့ အခြေအနေတိုင်းမှာ သူဋ္ဌေးတွေကပဲ ကြီးစိုးနေတာလားလို့ မေးခွန်းထုတ်စရာမျိုး ပေါ်လာတတ်ပါတယ်။ ဒါကြောင့်မို့ သူဋ္ဌေးတွေချည်း ကြီးစိုးနေတဲ့ အခြေအနေ မဟုတ်ဘဲ ပန်းတိုင်ကတော့ အများပြည်သူ ပါဝင်နိုင်တဲ့ အများပိုင် ကုမ္ပဏီများ ဖြစ်ရေးအတွက်ပါ” လို့ ဇူလိုင် ၂၂ ရက်က မထသ (ဗဟို) ရုံးချုပ်မှာ ပြုလုပ်တဲ့ ၄၈ ကြိမ်မြောက် လုပ်အား ယှဉ်ပြိုင်ဆု၊ ပညာရည်ချွန်ဆု ချီးမြင့်ပွဲနှင့် ပညာသင် ထောက်ပံ့စရိတ် ပေးအပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။လက်ရှိ အချိန်မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ BRT စနစ်ကို အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ BRT နဲ့ ပတ်သက်ရင် ယေဘုယျ အနေနဲ့ ဒီအချက်တွေ ပါရှိရမှာ ဖြစ်ပါတယ်။ ပထမအချက် အနေနဲ့ BRT ဘတ်စ်ကားတွေ အတွက် သီးသန့်လမ်းကြောင်း (dedicated lane) ရှိရမှာ ဖြစ်ပြီး လမ်းတစ်လျှောက် အခြားကားတွေ ဝင်ရောက်ခွင့် မရှိရပါဘူး။ ဒုတိယ အချက်က ပြေးဆွဲမယ့် ဘတ်စ်ကားတွေ တည်ဆောက်ပုံနဲ့ သွင်ပြင်လက္ခဏာ တူညီပါတယ်။ တတိယ အချက်က ICT နည်းပညာသုံးပြီး ကားလာမယ့်အချိန်၊ ရောက်ရှိမယ့် မှတ်တိုင် စတဲ့ ကားမှတ်တိုင်တွေမှာ LED ဘုတ်တွေနဲ့ ဖော်ပြသလို ကားတိုင်းမှာလည်း ဖော်ပြရမှာ ဖြစ်ပါတယ်။ စတုတ္ထအချက် အနေနဲ့ station တွေ သီးသန့်ဆောက်လုပ်ရမှာ ဖြစ်ပြီး electronic ticketing system လည်း ရှိရမှာဖြစ်ပြီး ပဉ္စမအချက် အနေနဲ့ကတော့ BRT လိုင်းကို အခြားသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် bus terminal တွေပါ ပါရှိရမှာ ဖြစ်ပါတယ်။ဒီအချက်တွေက BRT စနစ် ဖော်ဆောင်တဲ့ အခါမှာ မပါမဖြစ် ပါရှိရမယ့် ယေဘုယျ အချက်တွေ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိ ပြေးဆွဲနေပြီဖြစ်တဲ့ BRT စနစ်ကို ယေဘုယျ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်မယ် ဆိုရင် ပထမအချက် ဖြစ်တဲ့ “BRT ဘတ်စ်ကားတွေအတွက် သီးသန့်လမ်းကြောင်း (dedicated lane) ရှိရမှာ ဖြစ်ပြီး လမ်းတစ်လျှောက် အခြားကားတွေ ဝင်ရောက်ခွင့် မရှိရပါဘူး” ဆိုတဲ့ အချက်နဲ့တင် ရန်ကုန်မြို့မှာ BRT စနစ်နဲ့ ဆွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ဒါကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ BRT စနစ်ကို ဆက်လက် အကောင်အထည် ဖော်မယ်ဆိုရင် ပြည်သူ အတွက်လား၊ ခရိုနီ အတွက်လား ဆိုတာကို ပြန်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်ဘတ်စ်ကား အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေထဲကမှ ကုမ္ပဏီတည်ထောင်သူတွေအဖြစ် ပါဝင်ခွင့်ရတဲ့ ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နဲ့ Fish and Marine 2000 ကုမ္ပဏီတွေဟာဆိုရင် ခရိုနီ ကုမ္ပဏီတွေ ဖြစ်နေလို့ပါပဲ။အရင်တစ်ခါကလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို SKY NET စလောင်းတွေ ယူလိုသူရှိရင် ပေးဖို့ စာရင်းတွေ လိုက်ကောက်တဲ့ ဖြစ်စဉ်မျိုး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရှိခဲ့ဖူးပါတယ်။ဒါဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ခွင့်ပြုလို့ SKY NET က စာရင်းလိုက်ကောက်သလား ဆိုတဲ့ အနေအထားမျိုးကိုလည်း ပြည်သူတွေ ကြားမှာ အတွေးပွားစရာ ဖြစ်လာခဲ့ပါတယ်။ဒါကြောင့် လက်ရှိ BRT ပြေးဆွဲမှုက ဝန်ထမ်းစရိတ် ကာမိရုံလောက်ပဲ ရရှိပြီး ပြေးဆွဲရာမှာ အသုံးပြုတဲ့ Scania ကားတွေကလည်း တစ်စီးကို သိန်းထောင်နဲ့ချီ ရှိနေတာကြောင့် BRT ပြေးဆွဲတဲ့ ကိစ္စက ကားတင်သွင်းခွင့် ရထားတဲ့ ခရိုနီ ကုမ္ပဏီတွေ အကျိုးအတွက်ပဲ ဖြစ်နေလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။“လက်ရှိ BRT က ဝန်ထမ်း စရိတ်လောက်ပဲ ရတယ်လို့ သိရတယ်။ BRT ကားတစ်စီးက အားလုံး စရိတ်နုတ်ပြီး ခြောက်သောင်းလောက်ပဲ ကျန်တာ။ သူတို့ သုံးထားတဲ့ ကားတွေကလည်း ဈေးကြီးတယ်။ အဲဒီကားတွေ သွင်းဖို့အတွက် အရင်အစိုးရ လက်ထက် ကတည်းက ကုမ္ပဏီ ငါးခုလောက်နဲ့ စာချုပ် ချုပ်ထားပြီး အခုထိ သွင်းနေတာ။ ဘယ်ကုမ္ပဏီ ဆိုတာတော့ အတိအကျ မသိပါဘူး” လို့ မထသနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
■ ဘယ်သူ့မှာ တာဝန်ရှိလဲရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီပွားရေးမြို့တော် ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ စီးပွားရေး ပြိုလဲခဲ့ရင် မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေးဟာလည်း ပြိုလဲသွားမှာ ဖြစ်ပါတယ်။လက်ရှိ အချိန်မှာ ရန်ကုန်မြို့ကို အုပ်ချုပ်နေတာဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဆိုတာကလည်း ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရ အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီအစိုးရ အဖွဲ့ကို ပြည်သူလူထုက ဘာလို့ ရွေးချယ်ခဲ့ကြပါသလဲ။NLD အစိုးရရဲ့ ရွေးကောက်ပွဲတုန်းက “ပြောင်းလဲချိန် တန်ပြီ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ နိမ့်ကျနေတဲ့ ဘဝတွေ ပြောင်းလဲချင်တဲ့အတွက် NLD အစိုးရသစ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ NLD အစိုးရရဲ့ အစိုးရသက်တမ်း သုံးလကျော် လေးလ အတွင်းမှာတော့ ပြည်သူတွေရဲ့ ဘဝတွေက ပြောင်းလဲမှုတွေကို မခံစားရသေးပါဘူး။လက်ရှိ အချိန်အထိလည်း ရန်ကုန်မြို့ရှိ ပြည်သူတွေ အနေနဲ့ အရင်အစိုးရ အဆက်ဆက်က ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ခံစားနေရဆဲ ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ အခြေခံ ပြည်သူတွေ နေ့စဉ် သွားလာနေရတဲ့ ယာဉ်ကြော ကျပ်တည်းမှုတွေကို မဖြေရှင်းပေးနိုင်သေးပါဘူး။ လျှပ်စစ်မီးတွေကိုလည်း အပြည့်အ၀ မပေးနိုင်သေးပါဘူး။ ကုန်ဈေးနှုန်းကလည်း ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ မိုးတွင်းဆို ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှုတွေက ဖြစ်နေဆဲပါပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာတာကိုလည်း မတွေ့ရသေးပါဘူး။ ဝင်ငွေထွက်ငွေ မျှတအောင် လုပ်ပေးနိုင်တာလည်း မရှိသေးပါဘူး။ရန်ကုန်တိုင်း အစိုးရသစ်ရဲ့ သက်တမ်း သုံးလကျော် လေးလအတွင်းမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြောင်းလဲမှု တစ်စုံတစ်ရာ မတွေ့ရသေးပေမယ့် ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်နေတာကိုတော့ တွေ့နေရပါတယ်။ဒီလို ပြောင်းလဲဖို့ လုပ်ဆောင်နေတဲ့ အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ရှေ့ကပြောခဲ့တဲ့ အလွဲတွေကို ပြန်လည် ဆန်းစစ်စေချင်ပါတယ်။ဒီလိုမှ မဟုတ်ဘဲ ဒီအတိုင်း ဆက်လက်လုပ်ဆောင်မယ် ဆိုရင် စီမံခန့်ခွဲမှု အလွဲတစ်ခုကြောင့် ရန်ကုန်မြို့ရဲ့ စီးပွားရေး ပြိုလဲခဲ့မယ် ဆိုရင်တော့ ပေးဆပ်မှုက မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ပြိုလဲမှု ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် နိုင်ငံရဲ့ စီပွားရေး တစ်ခုလုံး ကမောက်ကမ အခြေအနေတွေနဲ့ ပြိုလဲသွားခဲ့မယ် ဆိုရင်တော့ ပြည်သူတွေ ထိုးလာမယ့် လက်ညှိုးတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ ခံယူရလိမ့်မယ် ဆိုတာ အဓိက တာဝန်ရှိသူဖြစ်တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သတိပြုဖို့ လိုအပ်ပါလိမ့်မယ်။
ရန်ကုန်တိုင်း အစိုးရ ဘာလဲ၊ ဘယ်လဲ
Most Read
Most Recent
7 hours ago










