ငွေမည်းခဝါချမှုကို အထောက်အပံ့ဖြစ်စေတဲ့ ဝင်ငွေရလမ်းမပြနိုင်တဲ့ ဝင်ငွေအပေါ် အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံမှုစနစ် ဖျက်သိမ်းဖို့နဲ့ မပြေလည်သေးတဲ့ ဆောက်လုပ်ရေး လောကဂယက်

ငွေမည်းခဝါချမှုကို အထောက်အပံ့ဖြစ်စေတဲ့ ဝင်ငွေရလမ်းမပြနိုင်တဲ့ ဝင်ငွေအပေါ် အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံမှုစနစ် ဖျက်သိမ်းဖို့နဲ့ မပြေလည်သေးတဲ့ ဆောက်လုပ်ရေး လောကဂယက်
Published 24 July 2016
ဖြိုးဝေ

ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်အဖြစ် ငွေမည်းခဝါချမှုကို အထောက်အပံ့ဖြစ်စေတဲ့ ဝင်ငွေရလမ်းမပြနိုင်တဲ့ ဝင်ငွေအပေါ် အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံနေတဲ့စနစ် ဖျက်သိမ်းဖို့ ကြိုးပမ်းလာမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် မပြေလည်သေးတဲ့ ဆောက်လုပ်ရေး လောကဂယက်တွေကို တင်ပြလိုပါတယ်။ဝင်ငွေရလမ်းမပြနိုင်တဲ့ ငွေအပေါ် အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံမှုဝင်ငွေရလမ်းမပြနိုင်တဲ့ ငွေအပေါ် မြန်မာနိုင်ငံက အခွန်ရာခိုင်နှုန်း ၃၀ ကောက်ခံတယ် ဆိုပေမယ့် ဝင်ငွေအလိုက် ခွဲခြားကောက်ခံတဲ့ ရာခိုင်နှုန်းတွေကတော့ တူညီမှု မရှိပါဘူး။၂၀၁၆ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းမှာ ဝင်ငွေခွန် စတင် စည်းကြပ်ရမယ့် ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသည့် ဝင်ငွေပမာဏရဲ့ ဥပဒေပါ နှုန်းထားတွေဟာ တစ်ဦးချင်း ပုဂ္ဂိုလ်တွေ ထမ်းဆောင်ရမယ့် အခွန်နှုန်းထားထက် နည်းပါးနေလို့ တရားမျှတတဲ့ အခွန်ဖြစ်စေဖို့ တစ်ကျပ်ကနေ ကျပ်သိန်းသုံးရာအထိ ၁၅ ရာခိုင်နှုန်း၊ သိန်းသုံးရာ့တစ်ကျပ်ကနေ ကျပ်သိန်း ၁၀၀၀ အထိ ရာခိုင်နှုန်း ၂၀၊ ကျပ်သိန်းတစ်ထောင့် တစ်ကျပ်ကနေ အထက်ကို ရာခိုင်နှုန်း ၃၀ နဲ့ ပြင်ဆင်ဖို့ ယခင်အစိုးရ လက်ထက်မှာ ဒေါက်တာဝင်းမြင့်က ဆွေးနွေးခဲ့တာကို အတည်ပြုပေးဖို့ ယခင်ဘဏ္ဍာရေး ဝန်ကြီးဌာန (လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန) မှာ ဒုဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာ လင်းအောင်က ယခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့တာပါ။ အရင်ကတော့ ကျပ်သိန်း ၁၀၀၀ အထိမှ အခွန် သုံးရာခိုင်နှုန်းပဲဖြစ်ပြီး အရမ်းနည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျပ်သိန်း ၁၀၀၀ အထိကို ၁၅ ရာခိုင်နှုန်းအဖြစ်နဲ့ အသက်ဝင်နေပါပြီ။ဒေါက်တာလင်းအောင် အနေနဲ့ ဒီလို ဝင်ငွေရလမ်းမပြနိုင်တဲ့ ငွေတွေကို အခွန်တိုးကောက်ဖို့ ဆွေးနွေးရာမှာ “အဆိုပါပြဋ္ဌာန်းချက်သည် ရည်ရွယ်ချက် ကောင်းမွန်သည့် ပြဋ္ဌာန်းချက်တစ်ရပ် ဖြစ်သော်လည်း ပြဋ္ဌာန်းချက်အား အခွင့်ကောင်းယူ၍ ငွေကြေးခဝါချမှုများ ဖြစ်လာနိုင်သလို တစ်ဖက်ကလည်း နှစ်စဉ် အခွန်ထမ်းဆောင်နေသူများ၏ အခွန်ထမ်းဆောင်လိုစိတ်ကို လျော့ကျစေလာနိုင်တဲ့ အတွက် အဆိုပါ သက်သာခွင့်ကို လုံးဝပယ်ဖျက်သင့်သော်လည်း နေရေး လိုအပ်ချက်အတွက် လည်းကောင်း၊ သွားလာမှု အဆင်ပြေ လုံခြုံစေရေး အတွက်လည်းကောင်း၊ အခြေခံ လူတန်းစားများ အနေဖြင့် ဝယ်ယူသည့် အိမ်ခြံမြေ၊ မော်တော်ယာဉ်များ ဝယ်ယူရာတွင် အသုံးပြုသည့် ငွေကြေး၊ အိမ်တွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးတို့အတွက် သက်သာသော အခွန်နှုန်းထားတစ်ရပ် ထားရှိသင့်ပါတယ်” လို့ ဆွေးနွေးခဲ့ပါတယ်။လက်ရှိမှာတော့ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့ ပယ်ဖျက်ဖို့ သမ္မတထံ အကြံပြုတင်ပြဖို့ လုပ်နေပါပြီ။“ဒီစနစ်ကို နိုင်ငံတကာနဲ့ ညီအောင် ဖျက်ပစ်သင့်တယ်လို့ အကြံပြုတာပေါ့။ ဒါပေမဲ့ ဆုံးဖြတ်တာကတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်က ဆုံးဖြတ်မှာပေါ့” လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။သတိပြုရမယ့် အခြေအနေ၁၉၆၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ်အကြား မြန်မာနိုင်ငံက တရားမဝင် ငွေကြေးစီးဝင်မှု ဒေါ်လာ ဘီလျံ ၉၀ ခန့်နဲ့ စီးထွက်ငွေ ဒေါ်လာ ၁၉ ဘီလျံ ဝန်းကျင်ရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ဝန်းကျင်ထက်မနည်း စီးဝင်စီးထွက် ဖြစ်ပေါ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်အခြေစိုက် Global Fin- ancial Integrity အဖွဲ့က “Flight capital and illicit financial flows to and from Myanmar: 1960-2013 အမည်နဲ့ အစီရင်ခံ စာထုတ်ပြန်ခဲ့ပြီး ဒီလိုနှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံကို တရားမဝင် စီးဝင်ခဲ့တဲ့ အမေရိကန် ဒေါ်လာများစွာဟာ အိမ်ခြံမြေဈေးကွက် အတွင်းသို့ အဓိက စီးဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌက သုံးသပ်ထားပါတယ်။ ဒီလို စီးဝင်ခဲ့တဲ့ ကာလတုန်းကလည်း မြန်မာနိုင်ငံမှာ ဝင်ငွေရလမ်းမပြနိုင်တဲ့ငွေကို အခွန်ဆောင်စေခဲ့တာက အနိမ့်ဆုံးက သုံးရာခိုင်နှုန်းနဲ့ အမြင့်ဆုံးက ရာခိုင်နှုန်း ၃၀ ပါ။ ဒါပေမဲ့ အိမ်ခြံမြေဝယ်ယူတိုင်း အခွန်ဆောင်မှုကတော့ နည်းပါးခဲ့ပါတယ်။ဒါ့အပြင် ဒီနှစ်မှာ အနိမ့်ဆုံး သုံးရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း ခုန်တက်တော့ အိမ်ခြံမြေဈေး ကစားလိုသူတွေက အခွန်ငါးဆတက်ပါပြီဆိုပြီး ဝိုင်းအော်ခဲ့ကြပါသေးတယ်။ ငွေမည်းခဝါချသလို ဖြစ်နေလို့ အခွန်ဆောင်ရမှု ပယ်ဖျက်ကာမှ အခွန်လုံး၀ ရှောင်သွားမှာကို တွေးထားရမှာ ဖြစ်သလို ငွေဖြူမပြနိုင်ရင် အိမ်ခြံမြေအပါအဝင် မော်တော်ကားတွေလို အခြေပစ္စည်းတွေ ဝယ်ခွင့်မရှိတော့ဘူးဆိုတာ စနစ်တကျ ကြပ်မတ်နိုင်ဖို့ လိုအပ်မှာဖြစ်ပြီး နောက်ဆက်တွဲ ပေါ်လာမယ့် မေတ္တာဖြင့် ပေးကမ်းပါသည်ဆိုပြီး အိမ်ခြံမြေတွေ အမည်ပေါက်လွှဲမှာကိုလည်း ကြိုတင်တွက်ဆဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ လာမယ့် ဘဏ္ဍာနှစ်မှာတော့ ဒီစနစ်ဖျက် မဖျက် သိရမှာပါ။ အဲဒီအချိန်မှာ လာဘ်ပေးလာဘ်ယူ အတွက်ပဲ တွန်းအားဖြစ်သွားမလား။ ပိုမိုကောင်းမွန်တဲ့ စနစ်အဖြစ်နဲ့ပဲ အခွန်ရှောင်မှုတွေ ငွေမည်းခဝါချမှုတွေ ထိန်းကျောင်းနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။မပြေလည်သေးတဲ့ ဆောက်လုပ်ရေး လောကဂယက်ယခင် အစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ မူဝါဒ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်ပြီး နိုင်ငံတော်ပိုင် မြေပေါ်မဟုတ်ဘဲ ပုဂ္ဂလိက ကိုယ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ခဲ့တဲ့ အထပ်မြင့် အဆောက်အအုံတွေကို အထပ်တွေ လျှော့ချခြင်းနဲ့ ရပ်ဆိုင်းခိုင်းထားမှုဟာ နစ်နာတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ရှင်းလင်းခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဟာ တက်လာပြီး မကြာခင်မှာ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးကို ရပ်ဆိုင်းဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီလိုရပ်ဆိုင်းဖို့ ညွှန်ကြားခံရသူတွေဟာ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ အဆောက်အအုံတွေတော့ ပါဝင်မှု မရှိပါဘူး။“အခုဆောက်လုပ်ရေး လုပ်ငန်းရှင် အားလုံးသည် ယခင်ကကဲ့သို့ နိုင်ငံတော်မြေပေါ်မှာ၊ ပန်းခြံပေါ်မှာ၊ အများပိုင်မြေပေါ်မှာ အထူးအခွင့်အရေး ရယူပြီးတော့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့က အခွင့်ထူးခံ မဟုတ်ပါဘူး။ အခုရပ်ဆိုင်းခံရတဲ့ ၁၂ လုံးသည် မိမိ ကိုယ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ပိုင်မြေဖြစ်လို့ မြေတွေအားလုံးသည် နာမည်ပေါက် ရရှိပြီးမှသာလျှင် ဆောက်လုပ်ခွင့် ရရှိတာဖြစ်ပါတယ်။ အခွန်ကိစ္စနဲ့ ပြောမယ်ဆိုရင်လည်း နာမည်ပေါက် တစ်ခုရရှိဖို့ဆိုတာ အခွန်မဆောင်ဘဲနဲ့ ကျွန်တော်တို့ နာမည်ပေါက်မရပါဘူး။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံတော်ကို အခွန်တွေလည်း ပေးဆောင်ထားတယ်။ နာမည်ပေါက်လည်း ရရှိအောင် လုပ်ထားတယ်။ ထိုနည်းတူစွာပဲ တရားဝင် သတ်မှတ်ထားသော တည်ဆဲအစိုးရ၏ ဥပဒေသည် နိုင်ငံသားတိုင်း လိုက်နာရမှာ ဖြစ်ပါတယ်။ အဲဒီအတိုင်းကို လိုက်နာပြီးတော့ ဆောင်ရွက်ခဲ့တဲ့ အဆောက်အအုံတွေ ဖျက်သိမ်းခံရတဲ့ အတွက် နစ်နာမှုတွေကို နိုင်ငံတော် အစိုးရ၊ တိုင်းဒေသကြီး အစိုးရကို မေတ္တာရပ်ခံတဲ့ အနေနဲ့ တင်ပြခြင်း ဖြစ်ပါတယ်” လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးမြင့်က ပြောပါတယ်။ယခင်အစိုးလက်ထက်က ခွင့်ပြုခဲ့တဲ့ အထပ်မြင့် အဆောက်အအုံ ၂၄၉ လုံးကို ပြန်လည်စိစစ်ဖို့ ရပ်ဆိုင်းခဲ့ရာမှာ ပါမစ်ကြီးကျပြီးတဲ့ အဆောက်အအုံ ၆၄ လုံးစလုံး အနက် ၁၂ လုံးကိုသာ ရပ်ဆိုင်းပြီး အထပ်တွေ ပြန်လျှော့ခဲ့တာပါ။ ကမ္ဘာအေးဘုရားလမ်းမှာ ဆောက်လုပ်နေတဲ့ KER Project ဟာ ၂၉ ထပ်ကနေ ၁၇ ထပ်အထိနဲ့ ဖိုးစိန်လမ်းမှာရှိတဲ့ အဆောက်အအုံဟာ ၃၁ ထပ်ကနေ ၁၂ ထပ်ကို လျှော့ချခံခဲ့ရပြီး တချို့အဆောက်အအုံတွေဟာ အထပ်လျှော့ချဖို့ ပြီးစီးချိန်မှာ အလွယ်တကူ ပြန်လျှော့ချလို့ မရတော့ဘဲ အထပ်တွေ ဆောက်လုပ်ပြီးတော့ အခန်းတွေ ရောင်းချပြီးတာစတဲ့ အခြေအနေတွေ ဖြစ်နေပါပြီ။“ကျွန်တော်တို့သည် ဒီလောက် တန်ဖိုးကြီးမားတဲ့ ဒေါ်လာသန်း ၂၀၊ ၃၀ လောက် ရင်းနှီးမြှပ်နှံ တည်ဆောက်ထားရတဲ့ အဆောက်အအုံ၊ KER အဆောက်အအုံဆိုရင် ဖောင်ဒေးရှင်းကိုပဲ ဒေါ်လာ ၁၂ သန်း ကုန်ပါတယ်။ ဒီလောက်ငွေကြေး မြောက်မြားစွာကို ကိုယ်တိုင် မသုံးစွဲနိုင်ပါဘူး။ ဘဏ်တွေကနေတစ်ဆင့် ယူထား ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဆောက်အုံတစ်လုံး ဘာမှမဟုတ်ဘူး။ အလုံး ၁၀၀၊ ၂၀၀ ဖြစ်လာရင် ဒေါ်လာ ငါးဘီလျံ ခြောက်လီလျံလောက် ထိခိုက်မှု ဖြစ်နိုင်တယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ နိုင်ငံတစ်နိုင်ငံအတွက် ဒေါ်လာ ငါးဘီလျံ ခြောက်ဘီလျံ ဆုံးရှုံးမှု ပမာဏသည် နည်းသောဆုံးရှုံးမှု မဟုတ်ဘူးလို့ ကျွန်တော် တင်ပြလိုပါတယ်။ အမှန်အတိုင်း ပြောရရင် ဘဏ်တိုးတင် မဟုတ်ပါဘူး။ ကြိုရောင်းထားတာတွေ ရှိပါတယ်။ ထိုနည်းတူစွာ အိမ်ငှားတွေ၊ အချို့ဆို မြေရှင်နဲ့ အကျိုးတူ ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ သူတို့တစ်လကို သိန်း ၆၀ သိန်း ၁၀၀ စသည်ဖြင့် တစ်နှစ်စာ၊ သုံးနှစ်စာ အိမ်တစ်အိမ်ကို သုံးနှစ်ကနေ ငါးနှစ်အထိ သိန်း ၃၀၀၀၊ ၅၀၀၀ စသည်ဖြင့် အိမ်ငှားခ ပေးထားရတာ။ ဒါတွေလည်း Impact အများကြီး ဖြစ်နိုင်တယ်။ ဘဏ်တိုးကတော့ ရနိုင်သမျှ အားလုံးဆပ်မှာပဲ။ မရနိုင်တော့လည်း ဒေဝါလီခံရမယ့် ဘဝကို ရောက်သွားမှာပဲ” လို့ ဦးမျိုးမြင့်က ဆိုပါတယ်။တကယ်တော့ ဒီလိုအဆောက်အအုံတွေ ရပ်ဆိုင်းလိုက်တဲ့ ဆိုးကျိုးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ကောင်းကောင်း သိပါတယ်။ နဂိုကတည်းကမှ ပြိုကျနေတဲ့ ဆောက်လုပ်ရေး လောကကို ဒီလို ညွှန်ကြားချက်နဲ့ ဖြိုချပြီး ဘဏ်တွေ ထိခိုက်ဖို့၊ ဆောက်လုပ်ရေး လုပ်သားတွေ စားဝတ်နေရေး ကျပ်တည်းဖို့ တမင်လုပ်နေသလား ဆိုတာကတော့ မမေးကောင်းပေမယ့် လက်ရှိ လုပ်ဆောင်ချက်တွေက ဆိုးရွားနေတယ်လို့ ဝေဖန်ခံနေရတာမို့ လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွေ တန့်နေစေတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေကို ပြန်လည် သုံးသပ်ဖို့နဲ့ အတတ်နိုင်ဆုံး မြန်ဆန်စွာ လုပ်ဆောင်ဖို့လိုမှာ ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။