လောကမှာ အရာရာပြည့်စုံနေတဲ့သူ တစ်ယောက်ကမှ အောင်မြင်မှုဆိုတဲ့အရာကို လှမ်းယူနိုင်တာ မဟုတ်ပါဘူး။ မပြည့်စုံခြင်းမှာလည်း ခွန်အားတွေရှိပါတယ်။ တခြားသူတွေနဲ့မတူတဲ့ အားနည်းချက်တွေကပဲ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေနိုင်ပါတယ်။သူ....။ သူက အသက် သုံးနှစ်သား အရွယ်လောက်မှာ ပိုလီယိုပိုး ကူးစက်ဝင်ရောက်ခံရပြီး ခြေနှစ်ဖက် အကြောသေ ပိုလီယိုမ သန်စွမ်းတစ်ဦး ဖြစ်လာခဲ့ရသူ။သူ....။ သူက အခုလက်ရှိအချိန်မှာ မသန်စွမ်းလှုပ်ရှားမှုများနဲ့ လူထုအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတဲ့သူ။ ၂၀၁၁ ခုနှစ်ကနေ စတင်ပြီး အခြားဘဝတူ မသန်စွမ်းအချို့နဲ့အတူ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး၊ မသန်စွမ်းသူများ အခွင့်အရေး တန်းတူရရှိရေး၊ လူ့အဖွဲ့အစည်းအတွင်း ပိုမိုဝင်ဆံ့ ရပ်တည်လာနိုင်ရေးတို့အတွက် ဆောင်ရွက်နေတဲ့သူ။သူ...။သူက မသန်စွမ်းသူများ အခွင့်အရေး ဥပဒေပြဋ္ဌာန်းရေး၊ အမျိုးသားပညာရေးဥပဒေနှင့် မြန်မာနိုင်ငံရွေးကောက်ပွဲ နည်းဥပဒေ ပြင်ဆင်ရေးတို့အတွက် မသန်စွမ်းသူများ အခွင့်အရေး ရှုထောင့်ကနေ ပါဝင် တောင်းဆို လှုပ်ရှားခဲ့သူ။ ဂျပန် အပါအဝင် ဘယ်လ်ဂျီယံ၊ နော်ဝေ၊ သြစတြေးလျ အစရှိတဲ့ ပြည်ပနိုင်ငံ ၁၄ နိုင်ငံကို သွားရောက်ပြီး မသန်စွမ်း လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူ။သူ...။သူက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ချီးမြှင့်တဲ့ နိုင်ငံတော်အဆင့် ထူးချွန်မသန်စွမ်းသူ စံပြဆု နှစ်ကြိမ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ထူးချွန်အားကစားဆု တတိယဆု တစ်ကြိမ်၊ ဂျပန်နိုင်ငံ နာဂိုယာမြို့ ဝှီးချဲမာရသွန်ပြိုင်ပွဲမှာ တတိယဆု တစ်ကြိမ် ရရှိခဲ့သလို အခု ၂၀၁၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၊ IFES ဒါရိုက်တာ ဘုတ်အဖွဲ့က ပေးအပ်တဲ့ Charles. T Manatt Democracy Award ဆုကိုလည်း ရရှိခဲ့သူ။၂၀၀၂ ခုနှစ်ကနေ စတင်ပြီး ဒီနေ့အချိန်ထိ မသန်စွမ်းသူများအရေးကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေတဲ့သူ။ သူ့ရဲ့ အောင်မြင်မှုတွေနဲ့အတူ သူ့ရဲ့ဘ၀ ဖြတ်သန်းမှုကရောဘယ်လိုများရှိလေမလဲ..။သူ့ကို ၁၉၈၁ ခုနှစ် မတ် ၁၄ ရက်မှာ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့မှာ မွေးဖွားခဲ့တာပဲဖြစ်ပြီး၊ မွေးချင်းလေးယောက်အနက်မှာ အကြီးဆုံးသားဖြစ်ပါတယ်။“ကျွန်တော့်ကို မွေးဖွားချိန်မှာ ခန္ဓာကိုယ် ချို့ယွင်းချက် တစ်စုံတစ်ရာမရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်ပါ။ ကျွန်တော် တစ်နှစ်သားအရွယ်မှာတောင် တိုက်နယ်ပြည်သူ့ဆေးရုံကလုပ်တဲ့ ကလေးများ ဘက်စုံပြိုင်ပွဲမှာ ဘက်စုံ ကျန်းမာသန်စွမ်း ဖျတ်လတ်တဲ့ ကလေးအဖြစ်နဲ့ ပထမဆုရရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အသက် သုံးနှစ် ရောက်တဲ့အချိန်မှာ မမျှော်လင့်ဘဲ ရုတ်တရတ် အအေးမိ၊ အဖျားကြီးပြီး ပိုလီယိုပိုး ကူးစက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ အခုလို ခြေနှစ်ဖက်လုံး အကြောသေပြီး ပိုလီယို မသန်စွမ်းတစ်ဦး ဖြစ်လာခဲ့ရပါတယ်” လို့ ငယ်ရွယ် နုနယ်စဉ် အချိန်မှာပဲ မမျှော်လင့်ထားတဲ့ ကံကြမ္မာ အလှည့်အပြောင်းကြီး တစ်ခုနဲ့ ကြုံခဲ့ရကြောင်းကို သူက ဆို့နင့်စွာ ပြောပြခဲ့ပါတယ်။ကိုယ်အင်္ဂါ မသန်စွမ်းခြင်းကလည်း လူတစ်ယောက်အတွက် ဘဝတစ်လျှောက်ဖြတ်သန်းမှုမှာ အကြီးမားဆုံး အားနည်းချက်တစ်ခု ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ပတ်ဝန်းကျင်ရဲ့ မသန်စွမ်း တစ်ယောက်အပေါ် ရှုမြင်ပုံ၊ မိဘတွေရဲ့သောက၊ ကိုယ်တိုင်ရဲ့ ဝမ်းနည်းအားငယ်မှု၊ သိမ်ငယ်မှု၊ တခြားသူတွေနဲ့တန်းတူ မလှုပ်ရှားနိုင်မှုတွေအတွက် စိတ်ဓာတ်အကြိမ်ကြိမ် ကျခဲ့ရတဲ့အချိန်တွေ...။မသန်စွမ်းတစ်ယောက် ဖြစ်သွားရတာနဲ့ လူတွေရဲ့ကိုယ့်အပေါ် အမြင်တွေ ပြောင်းလဲသွားတာနဲ့ ကိုယ်တိုင်ကရော ဒီလောကဓံကိုအရှုံးပေးပြီး နေလိုက်ရတော့မှာလားဆိုတဲ့ အတွေးတွေ..။သူဘယ်တော့မှ အရှုံးမပေးဘူး၊ အဲ့ဒီလိုဘဝကို အရှုံးမပေးတတ်ဖို့ သူ့ကိုအဓိက ပံ့ပိုး အားပေးခဲ့သူက သူ့အမေ...။“အဲ့ဒီလို မသန်စွမ်းတစ်ယောက် ဖြစ်လာချိန်မှာ ပတ်ဝန်းကျင်က ကျွန်တော့်အပေါ် ခွဲခြားမှုတွေ ရှိလာတယ်။ တချို့ကတော့ သနားတာပေါ့။ အဖေဆိုရင် ကျွန်တော့်ကို သနားလို့ဆိုပြီး အိမ်မှာပဲနေပြီး မိဘတွေ ကျွေးမွေးပြုစုတာပဲ ခံယူပါ။ ကျောင်းတက်ရင်လည်း သူများတွနှိမ်တာ၊ စတာနောက်တာ ခံရမှာစိုးတဲ့အတွက် အိမ်မှာပဲနေဖို့ ပြောတယ်။ အဲ့ဒီလိုသနားတဲ့ အကြည့်တွေ၊ မသန်စွမ်းတစ်ယောက်အပေါ် သနားငဲ့ညှာတဲ့ စကားတွေက ကျွန်တော့်ကို ပိုစိတ်ဓာတ် ကျစေတယ်။ ပိုထိခိုက် နာကျင် ခံစား ရစေတယ်ဆိုတာ တခြားသူတွေတော့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမဲ့ ကျွန်တော့် အမေကတော့ တခြားသူတွေနဲ့ ဆန့်ကျင်စွာပဲ ကျွန်တော့် အသက် ၅ နှစ်မှာ ကျောင်းအပ်ပေးခဲ့တယ်။ အဲ့ဒီတုန်းကကျောင်းက ကျွန်တော့်ကို လက်မခံခဲ့ဘူး။ ကျွန်တော်ရော၊ အမေရော အရမ်းစိတ်ထိခိုက် ခံစားခဲ့ရတယ်။ ဒါပေမဲ့ အမေက လက်မလျှော့ဘူး။ ကျွန်တော့်အသက် ခုနစ်နှစ်မှာ ထန်းပင်ကုန်းရွာမှာရှိတဲ့ မူလတန်းကျောင်းမှာ ကျောင်းတက်ခွင့် ရခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်ညီလေးက ငါးနှစ်၊ သူနဲ့အတူ အဲ့ဒီအချိန်မှ ကျွန်တော် ကျောင်းစတက်ခွင့် ရခဲ့တယ်။ အဲဒီ့တုန်းက ကျွန်တော်ကျောင်းသွားရင် အမေက ကျွန်တော့်ကို ကုန်းပိုးပြီး ကျောင်းလိုက်ပို့ခဲ့တယ်။ကျွန်တော်အတန်းထဲ ဝင်ခါနီးရင် လေးဘက်ထောက်သွားပြီး ဝင်ခဲ့ရတယ်။ အလယ်တန်း၊ အထက်တန်းရောက်တော့ နေပူပူ၊ မိုးရွာရွာ ညီလေးက စက်ဘီးနင်းပြီး အပို့အကြို လုပ်ပေးခဲ့တယ်” လို့ သူက ပြောပါတယ်။ခက်ခက်ခဲခဲနဲ့ ကျောင်းတက်ခဲ့ရသူ၊ တချို့သော သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ စနောက် လှောင်ပြောင်မှုကို ခံခဲ့ရသူဖြစ်ပေမယ့်လည်း သူကတော့ ကျောင်းစာကို သေချာသင်ယူပြီး တစိုက်မတ်မတ် စာကြိုးစားခဲ့ပါတယ်။ အတန်းတိုင်းမှာ ဆုတွေရရှိခဲ့သလို သူကိုယ်တိုင် ဆုတက်ယူဖို့ အခက်အခဲရှိတဲ့အတွက် နှစ်စဉ်သူ့ကိုယ်စား သူ့ညီလေးကပဲ ဆုတက်ယူပေးခဲ့ပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သင်္ချာ၊ သိပ္ပံ၊ လူမှုရေး ဘာသာရပ်တွေမှာ ဂုဏ်ထူးထွက်ခဲ့ပြီး ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့ပါတယ်။“ ကျွန်တော်တို့တုန်းက စုစုပေါင်း ငါးဘာသာ ရှိတာပေါ့။ အဲဒီ့တုန်းက ဂုဏ်ထူး သုံးဘာသာ ထွက်ခဲ့တယ်။ ကိုယ့်အားနည်းချက်ကြောင့် အပြင်သိပ်မထွက်ဖြစ်တဲ့အတွက် အိမ်ထဲမှာပဲနေပြီး စာကိုပဲ ကြိုးစားလုပ်ခဲ့တဲ့ အကျိုးကျေးဇူးလို့ထင်ပါတယ်။ တက္ကသိုလ်ရွေးချယ်ရမယ်ဆိုတော့ ကျွန်တော် တက်ချင်တာက စက်မှုတက္ကသိုလ်ပါ။ အမှတ်လည်း မီခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အခြေအနေအရ သွားလာရ အဆင်မပြေတဲ့အတွက် နောက်ဆုံး ပထဝီ ဘာသာရပ်ကို အဝေးသင် တက်ခဲ့ရတယ်” လို့ အားမတန်လို့ မာန်လျှော့ခဲ့ရကြောင်းကိုလည်း သူက ကြေကွဲစွာပြောပြခဲ့ပါတယ်။အင်္ဂလိပ်ဘာသာစကားနဲ့ ဂျပန်ဘာသာစကားကို ကျွမ်းကျင်စွာပြောတတ်တဲ့ သူက ဘာသာစကား လေ့လာမှုနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော်ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကို လေ့လာခဲ့တယ်။ Self Study အချိန်က ပိုများပါတယ်။ အဲ့ဒီလိုလေ့လာခဲ့တဲ့အတွက် အင်္ဂလိပ်ဘာသာရပ်မှာ ကျွန်aတာ့်အနေနဲ့ အခက်အခဲ သိပ်မရှိခဲ့ပါဘူး။ ဂျပန်ဘာသာစကားကတော့ ဂျပန်မှာ ပညာသင်ဆုရပြီး ဟိုမှာ ကျောင်းသွားတက်တဲ့ အချိန်မှာ လေ့လာသင်ယူခဲ့ရတဲ့အတွက် ဂျပန်စကားကိုလည်း ကောင်းကောင်း တတ်ကျွမ်းခဲ့ရပါတယ်” လို့ ပြောပါတယ်။၂၀၀၀ ပြည့်နှစ်မှာတော့ စာရေးဆရာမ နေဝန်းနီနီ-မြန်အောင်၏ ပံ့ပိုးဆောင်ရွက်aပးမှုဖြင့် ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံတွင် တစ်နှစ်ခွဲခန့် ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းများ ရယူခြင်းကို ပြုလုပ်ခဲ့ပြီး၊ ကြည့်မြင်တိုင် အရိုးအထူးကုဆေးရုံတွင်လည်း လေးကြိမ်တိုင် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသက်ကြီးကျောင်းမှာ ရေဒီယို အီလက်ထရွန်နစ် စက်ပြင် သက်မွေးလုပ်ငန်းကို တက်ရောက်ခဲ့ပြီး၊ မသန်စွမ်းလှုပ်ရှားမှုတွေနဲ့ လူထုအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။၂၀၀၅-၂၀၀၆ ခုနှစ်မှာ မသန်စွမ်းသူများ ခေါင်းဆောင်မှုဆိုင်ရာ ရေးဖြေ၊ နှုတ်ဖြေ၊ လူတွေ့ စစ်ဆေးမှုတွေကို အောင်မြင်ခဲ့ပြီး ဂျပန်နိုင်ငံမှာ မသန်စွမ်းသူများ ခေါင်းဆောင်မှု သင်တန်းကို တစ်နှစ်ကြာ အခမဲ့ပညာသင်ယူ တက်ရောက်ခွင့် ရခဲ့ပါတယ်။ အဲ့ဒီကနေ ပညာတော်သင် ပြန်လာပြီး နောက်မှာတော့ မသန်စွမ်းသူများ အရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာတော့ ဘဝတူ မသန်စွမ်းအချို့နဲ့အတူ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ကို ဖွဲ့စည်းကာ ဘဝတူ မသန်စွမ်းသူများ အရေးကို ဆောင်ရွက်နေပါတယ်။မသန်စွမ်းသူတစ်ယောက် ဖြစ်ပေမယ့်လည်း ဘဝကိုအရှုံးမပေးဘဲ လောကဓံရဲ့ အလှည့်အပြောင်းအပေါ်၊ ပတ်ဝန်းကျင်ရဲ့ မသန်စွမ်းသူတစ်ယောက်အပေါ် အမြင်တွေကို ပြောင်းလဲလာအောင် ကိုယ်တိုင်ကြိုးစား အားထုတ်မှုနဲ့ လျှောက်လှမ်းနိုင်ခဲ့တဲ့ ကိုနေလင်းစိုးက ရှေ့ဆက်ပြီးတော့လည်း မသန်စွမ်းသူများ အရေးကိစ္စများသာမကဘဲ လူ့အဖွဲ့အစည်းအတွက် ရပ်ရွာလူထုနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာလည်း တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။“လူတိုင်းမှာ အားနည်းချက်တွေ ရှိပါတယ်။ မတူတာတွေရှိပါတယ်။ အဲ့ဒီလိုကိုယ်က သူနဲ့မတူတာနဲ့ပဲ စိတ်ဓာတ်မကျပါနဲ့လို့ ပြောချင်တယ်။ ဘဝတူ မသန်စွမ်းတွေကိုလည်း ကိုယ့်ရဲ့ချို့ယွင်းချက်၊ အားနည်းချက်တွေကိုပဲကြည့်ပြီး စိတ်ဓာတ်မကျပါနဲ့၊ အားသာချက်တွေကိုလည်း မြင်အောင်ကြည့်ပြီး ကိုယ့်ဘဝကိုယ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်” လို့ သူက ပြောပါတယ်။ကိုနေလင်းစိုးက လာမယ့်စက်တင်ဘာလအတွင်းမှာလည်း အမေရိကန်နိုင်ငံကပေးအပ်တဲ့ Charles.T Manatt Democracy Award ဆုကို ရယူဖို့အတွက် အမေရိကန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး မသန်စွမ်းသူများ အရေးကိုလည်း ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လောကဓံကို အရှုံးမပေးသူ
Most Read
Most Recent
10 hours ago










