ငယ်ငယ်က ပုံပြင်တစ်ပုဒ် ကြားဖူးပါသည်။ ကျေးညီနောင်နှစ်ကောင်မှာ တစ်နေ့မှာ လေပြင်းမုန်တိုင်း တိုက်ခတ်လို့ ကွဲသွားကြရာ တစ်ကောင်မှာ မုဆိုးတစ်ယောက်ဆီ ရောက်သွားပြီး နောက်တစ်ကောင်မှာ တရားကျင့်နေသော ရသေ့တစ်ပါးဆီ ရောက်ရှိသွားသည်။ မုဆိုးဆီရောက်သွားသော ကျေးငှက်မှာ တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို နေ့စဉ်ဆိုသလို ရိုင်းစိုင်းကြမ်းတမ်းသော စကားများကို ကြားနေရတေ့ာ ထိုကျေးငှက်လည်း အပြောအဆို ကြမ်းတမ်းသွားသည်။ တရားကျင့်နေသော ရသေ့ဆီရောက်ရှိသွားသော ကျေးငှက်မှာမူ နေ့စဉ်နေ့တိုင်း တရားစကားများနှင့် ယဉ်ကျေးသိမ်းမွေ့သော အမူအရာများကို မြင်နေရတော့ ယဉ်ကျေးသိမ်မွေ့သွားသည်။ကျွန်တော်တို့အားလုံးသည် ပတ်ဝန်းကျင်နှင့် နေထိုင်နေကြရသူများဖြစ်သည်။ မည်သူပင်ဖြစ်စေ ပတ်ဝန်းကျင်နှင့် ကင်း၍ နေထိုင်လို့တေ့ာ မဖြစ်ပါ။ ထို့ကြောင့် လူတိုင်းအတွက် ပတ်ဝန်းကျင်သည် အရေးကြီးသည်။ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုသည်လည်း လူတစ်ယောက်အတွက် အရေးကြီးသည်။ ပတ်ဝန်းကျင်ကြောင့်ပင် စရိုက်၊ လက္ခဏာနှင့် ဘဝရည်ရွယ်ချက်များလည်း ပြောင်းလဲသွားနိုင်သည်။ ပတ်ဝန်းကျင်ကြောင့် အကျင့် စရိုက်များ အကောင်းဘက် ပြောင်းလဲ သွားကြသူများ ရှိသလို အဆိုးဘက် ပြောင်းလဲသွားကြသူများလည်း ရှိကြသည်။တချို့ကတေ့ာပြောသည် “ကိုယ့်ထမင်း ကိုယ်စားတာ၊ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်စရာ မလိုဘူး” တို့၊ “ပတ်ဝန်းကျင်ကို ဂရုစိုက်နေရင် ဘာမှလုပ်ဖြစ်မှာ မဟုတ်ဘူး” စသဖြင့် ပြောဆိုကြတာ ကြားဖူးသည်။အချို့အနည်းအကျဉ်းသော ကိစ္စများမှ လွဲ၍ လူတိုင်းသည် ပတ်ဝန်းကျင်ကို အလေးထားသင့်သည်။ ကိုယ်မှလွဲလျှင် ကျန်သော လူအားလုံးသည် ကိုယ့်ပတ်ဝန်းကျင်ဖြစ်သည်။ ကိုယ့်မိသားစုမှလွဲလျှင် ကျန်သော မိသားစုများသည် ပတ်ဝန်းကျင်ဖြစ်သလို ကိုယ့်ရွာမှလွဲလျှင် ကျန်သောရပ်ရွာများသည် ပတ်ဝန်းကျင်ဖြစ်သည်။ ကိုယ့်မြို့မှလွဲလျှင် ကျန်သောမြို့များသည် ပတ်ဝန်းကျင်ဖြစ်ပြီး ကိုယ့်နိုင်ငံမှလွဲလျှင် ကျန်သောနိုင်ငံများသည် ပတ်ဝန်းကျင်နိုင်ငံများ ဖြစ်ကြသည်။အချို့သောတိရစ္ဆာန်ငယ်များသည် သူတို့နေထိုင်သော သစ်ပင်သစ်တောများ၏ အရောင်အတိုင်း သူတို့အရေပြား၏ အရောင်များ ပြောင်းလဲသွားလေ့ရှိကြသည်ဟု ကြားဖူးသည်။ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်သည်လည်း ထိုသို့ပင် ဖြစ်မည်ထင်သည်။ကိုယ်က ပတ်ဝန်းကျင်ကို အလေးထား ဆက်ဆံမှသာလျှင် ပတ်ဝန်းကျင်က ကိုယ့်ကို ပြန်အလေးထားပါလိမ့်မည်။ ပတ်ဝန်းကျင်ကို အလေးမထား၊ မလေးစားတတ်သောသူများကို ပတ်ဝန်းကျင်မှပြန်၍ အလေးထား လိမ့်မည်မထင်ပါ။ ပတ်ဝန်းကျင်ကို လေးစားစွာ ဆက်ဆံပုံများကလည်း နေရာနှင့် အခြေ အနေပေါ်မူတည်၍ အမျိုးမျိုးရှိနိုင်သည်။အချို့သူများမှာ ဘတ်စ်ကားပေါ်တွင် ဖုန်းအကျယ်ကြီး ပြောခြင်း၊ အလုပ်ထဲ၊ ရုံးထဲတွင် စကားကို ကျယ်လောင်စွာပြောဆိုခြင်း၊ ရပ်ကွက်ထဲတွင် အော်ဟစ်ကာ ရန်ဖြစ်ခြင်း စသောအပြုအမူများသည် ပတ်ဝန်းကျင်ကို အလေးမထားခြင်း ဖြစ်ပါသည်။အချို့သော သူများသည် အခြားသူများကို အပြစ်ပြောခြင်း၊ အခြားသူတွေရဲ့အပေါ်မှာ ဘာလုပ်လုပ် အပြစ်မြင်တတ်ခြင်း၊ အခြားသူများ၏ဆန္ဒကို လျစ်လျူရှုကာ ကိုယ့်အတ္တကို ရှေ့တန်းတင်ခြင်း၊ အခြားသူများနှင့် အဖွဲ့အစည်းများ၏ လုပ်ရပ်များကို တန်ဖိုးမထား မလေးမစား ပြုလုပ်ခြင်းများဟာလည်း ပတ်ဝန်းကျင်ကို အလေးမထားခြင်းပင် ဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ရန်သူများဖြစ်သော ဂျပန်နှင့် အင်္ဂလိပ်စစ်ဗိုလ် ျုပ်များကို လေးစားစွာ ဆက်ဆံသလို ထိုခေါင်းဆောင်များကလည်း ဗိုလ်ချုပ်အောင်ဆန်းကို လေးစားစွာ ဆက်ဆံခဲ့ကြသည်။ ရန်သူပင် ဖြစ်နေပါစေ ကိုယ့်ပတ်ဝန်းကျင်ကို လေးစားစွာ ဆက်ဆံသင့်သည်။တစ်ခါက ကျွန်တော့်သူငယ်ချင်းတွေဆီ သွားလည်တဲ့အချိန်မှာ လူငယ်တွေစုကာ ငှားနေသောအိမ်ဖြစ်သဖြင့် တစ်ခါတရံ သဘောထား မတိုက်ဆိုင်ကြတာမျိုးတွေ ရှိကြသည်။ အချို့က သူများအိပ်ချိန်မှာ သီချင်းအကျယ်ကြီး ဖွင့်ခြင်း၊ စကားအကျယ်ကြီးပြောခြင်း၊ တီဗွီကို အချိန်မတော်ထိ အသံချဲ့ကြည့်ခြင်း၊ သူများ အနားယူချိန်မှာ ဆူညံကြခြင်း အစရှိတဲ့အပြုအမူတွေ သူတို့ကြားမှာရှိသည်။ကိုယ်မှလွဲလျှင် ကိုယ့်ပတ်ဝန်းကျင်ကို အလေးမထား၊ မလေးစားစွာ ဆက်ဆံပြုမူတတ်ကြသူများကြားမှာ နေထိုင်ရတဲ့အခါ ကိုယ်စိတ်နှစ်ပါး ဆင်းရဲကြရပါသည်။နောက်ပိုင်းမှာတော့ လူငယ်ပညာတတ်များပီပီ သူတို့အချင်းချင်း သဘောချင်းညှိယူကြကာ အဆင်ပြေသွားကြသည်။ အချင်းချင်း လေးစားစွာ အသိအမှတ်ပြု ဆက်ဆံလာကြသည်။ တစ်ယောက်နှင့် တစ်ယောက် လေးစားခြင်း၊ တန်ဖိုးထားခြင်း၊ တစ်ယောက်ဆန္ဒကို အခြားတစ်ယောက်က အသိအမှတ်ပြုခြင်းတို့သည် ပတ်ဝန်းကျင်ကို အလေးထားခြင်းပင် ဖြစ်ပါသည်။ကွမ်းတံတွေးကို စနစ်တကျထွေးခြင်း၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း၊ ဆေးလိပ်များကို အခြားသူများနှင့် ဝေးရာအရပ်မှာ သောက်ခြင်းများသည်လည်း ပတ်ဝန်းကျင်ကို လေးစားခြင်းပင် ဖြစ်သည်။ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းခြင်းနှင့် ညစ်ပတ်ခြင်းများ ဖြစ်နိုင်သလို ပတ်ဝန်းကျင်ကြောင့် ကိုယ့်ဘဝပြောင်းလဲနိုင်သည်။ ထို့ကြောင့် လူတိုင်းသည် ပတ်ဝန်းကျင်ကြောင့် စရိုက်လက္ခဏာနှင့် အပြောမဆို၊ အပြုအမူများနှင့် ဘဝရည်ရွယ်ချက်များ ပြောင်းလဲသွားနိုင်ပါသည်။လူတိုင်းသည် တစ်နေရာရာမှတော့ အသုံးဝင်နေကြသည်သာ ဖြစ်သည်။ တစ်ယောက်ချင်းဆီမှာ အရည်အချင်း တစ်စုံတစ်ရာကတေ့ာ ရှိနေကြသည်သာဖြစ်ပါသည်။ထို့ကြောင့်ဘယ်သူကိုမျှ အထင်မကြီး ချင်နေပါစေ။ အထင်တော့ မသေးသင့်ပါ။ ထို့အတူပင် အဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအနေဖြင့်လည်း အပြစ်ပြော ပုတ်ခတ်နေစရာ မလို၊ ရန်စောင်နေကြစရာ မလိုပါ။ ကိုယ်မှ လွဲလျှင် အရာအားလုံးသည် ပတ်ဝန်းကျင်ပင် ဖြစ်သောကြောင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းပင်ဖြစ်စေ လေးစားစွာ တန်ဖိုးထားစိတ်ဖြင့် နေထိုင်ပြောဆိုသင့်သည်။ လူတစ်ယောက်အတွက်၊ အဖွဲ့အစည်းတစ်ဖွဲ့အ တွက်၊ နိုင်ငံတစ်နိုင်ငံအတွက် ပတ်ဝန်းကျင်သည် အရေးကြီးသည်။ ပတ်ဝန်းကျင်ကို အလေးထား၊ လေးစားသင့်ပါသည်။လူတစ်ယောက်နှင့် တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု အချင်းချင်း လေးစား တန်ဖိုးထားပါမှ ငြိမ်းချမ်းပျော်ရွှင်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ပါလိမ့်မည်။အားလုံးသည် ကိုယ့်အလုပ်ကို ကိုယ်လုပ်ဆောင်နေကြသောကြောင့် အချင်းချင်း လေးစားစွာ ပြုမူဆက်ဆံနေကြလျှင် ကိုယ့်အလုပ်ကို အေးချမ်းစွာ လုပ်ဆောင်နိုင်ကြပါလိမ့်မည်။ကိုယ်မှလွဲလျှင် အရာအားလုံးသည် ပတ်ဝန်းကျင်ဖြစ်သလို တစ်ယောက်ချင်း စုပေါင်းခြင်းကနေ အဖွဲ့အစည်း၊ မြို့နယ်၊ နိုင်ငံစသည် များဖြစ်လာကြသောကြောင့် အားလုံးကို အလေးထား၊ တန်ဖိုးထား ဆက်ဆံတတ်သော ပတ်ဝန်းကျင်ကို မည်သူမဆို လိုချင်ကြလိမ့် မည်ဟုထင်ပါသည်။ ကျွန်တော်ကတော့ ကိုယ့်ကိုအလေးထား၊ အသိအမှတ်ပြုတတ်သော ပတ်ဝန်းကျင်မှာသာ နေထိုင်လိုသည်။










