မြန်မာနိုင်ငံသည် သဘာ၀ အရင်းအမြစ် တစ်ခုတည်းဖြင့် ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည် မဟုတ်သဖြင့် စက်မှုကဏ္ဍကို အခြေပြုသည့် လုပ်ငန်းများ တိုးတက်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံသည် သဘာ၀ အရင်းအမြစ် တစ်ခုတည်းဖြင့် ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည် မဟုတ်သဖြင့် စက်မှုကဏ္ဍကို အခြေပြုသည့် လုပ်ငန်းများ တိုးတက်ရေး ဆောင်ရွက်မည်
Published 20 July 2016
နီလာ

မြန်မာနိုင်ငံသည် သဘာ၀ အရင်းအမြစ် တစ်ခုတည်းဖြင့် ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည် မဟုတ်သဖြင့် စက်မှုကဏ္ဍကို အခြေပြုသည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ရေး အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန၏ စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။မြန်မာနိုင်ငံတွင် မြေသယံဇာတ၊ ရေသယံဇာတ စသည့် သဘာ၀ အရင်းအမြစ်များ ပေါများကြွယ်ဝသည့်အပြင် မကြာသေးမီနှစ်များ အတွင်းက သဘာဝဓာတ်ငွေ့ တင်ပို့ခြင်းသည် နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍကို ပိုမိုထောက်ပံ့ပေးနိုင်သည့် ကဏ္ဍတစ်ခုအဖြစ် ရပ်တည်လာခဲ့သည်။ သို့သော်လည်း သဘာ၀ အရင်းအမြစ်ကို အခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းထက် စက်မှုကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် ရေရှည် စီးပွားရေး ဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။စက်မှုကဏ္ဍကို အခြေခံသည့် လျှပ်စစ်ဓာတ်အား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စက်မှုဇုန် စသည့် အဓိက နယ်ပယ်များကို တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။“စက်မှု ဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ စက်မှုလုပ်ငန်းပေါင်း ၄၄၀၀၀ ကျော် ရှိတဲ့ အထဲက ၆၂ ရာခိုင်နှုန်းက စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ အများဆုံးက ဆန်စက်လုပ်ငန်းတွေ ဆီစက်လုပ်ငန်းတွေ စားသောက်ကုန် အဖျော်ယမကာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းတွေရဲ့ အနေအထားကို လေ့လာကြည့်တဲ့ အခါကျတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ သင့်တင့်သော နည်းပညာ မရှိဘဲ ကုန်ကြမ်းတွေ ရတဲ့အတွက် ဒါတွေဟာ အလားအလာကောင်းတဲ့ ထုတ်လုပ်နိုင်တဲ့ အနေအထား ဖြစ်ပေမယ့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား လုပ်နေတဲ့ အနေအထား ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ လုပ်ငန်းတွင် တရားဝင် မှတ်ပုံတင်ထားသော စာရင်းအင်းများအရ စက်မှုလုပ်ငန်း (ကြီး၊ လတ်၊ ငယ်) ၄၅၀၀၀ ကျော်နှင့် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်း ၁၉၀၀၀ ကျော်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် စက်မှုကဏ္ဍ၏ ပါဝင်မှု အချိုးအစားကို ပိုမိုတိုးတက်စေရေး ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို နှစ်စဉ် ခုနစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းသို့ တိုးတက်ရန် ရည်မှန်းချက်ထား၍ အကောင်အထည်ဖော်မည် ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် တိုင်းပြည်၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုမှာ တစ်နှစ်လျှင် ငါးရာခိုင်နှုန်းမှ ခြောက်ရာခိုင်နှုန်း အကြား တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။