အိပ်မက်ဆုံရာ ရာသက်ပန် Season 3 ၏ Finalist နှစ်ဦးဖြစ်သူ လဖိုင်နန်ရော်၊ လူးလူတို့နှင့် တွေ့ဆုံခြင်း

အိပ်မက်ဆုံရာ ရာသက်ပန် Season 3 ၏ Finalist နှစ်ဦးဖြစ်သူ လဖိုင်နန်ရော်၊ လူးလူတို့နှင့် တွေ့ဆုံခြင်း
Published 12 July 2016
လင်းလင်းခိုင်

အိပ်မက်ဆုံရာ ရာသက်ပန် Season 3 ၏ Grand Final ပြိုင်ပွဲသို့ တက်ရောက်ခွင့် ရရှိသည့် ပြိုင်ပွဲဝင်နှစ်ဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်မည့် Grand Final ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အမျိုးသမီးငယ် နှစ်ဦးဖြစ်သည့် လဖိုင်နန်ရော်နှင့် လူးလူတို့က Winner ဆုအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထူးထူးခြားခြား အမျိုးသမီး ပြိုင်ပွဲဝင်နှစ်ဦး ယှဉ်ပြိုင်ရမည် ဖြစ်သည့်အပြင် တစ်ဦးချင်းစီက ထူးခြားသည့် ဆိုဟန်၊ အရည်အချင်းများဖြင့် ပရိသတ် အခိုင်အမာ ရရှိထားသူများ ဖြစ်ကြသည်။ အိပ်မက်ဆုံရာ ရာသက်ပန် Season 3 ၏ Finalist နှစ်ဦးဖြစ်သူ လဖိုင်နန်ရော်နှင့် လူးလူတို့အား ပြိုင်ပွဲ အတွေ့အကြုံများနှင့် နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုများ၊ ရင်ခုန် စိတ်လှုပ်ရှားနေမှုများကို တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါသည်။လဖိုင်နန်ရော်■ မေး - ပထမဆုံး သိချင်တာက အိပ်မက်ဆုံရာ ပြိုင်ပွဲကို ဘယ်လို ဝင်ပြိုင်ဖြစ်တာလဲ။ အရင်ကရော ပြိုင်ပွဲ အတွေ့အကြုံရှိလား။■ ဖြေ - ပထမတော့ အိပ်မက်ဆုံရာ မပြိုင်ခင် မင်္ဂလာ မန္တလေး သီချင်းဆို ပြိုင်ပွဲမှာ ပြိုင်ဖူးပါတယ်။ Top Ten တော့ ရောက်တယ်။ ညီမကလည်း အနုပညာ ဝါသနာပါတော့ အိပ်မက်ဆုံရာပြိုင်ပွဲ ထပ်ပြိုင်ဖြစ်သွားတာ။■ မေး - ဒီပြိုင်ပွဲက လူရွေးပွဲ အဆင့်ဆင့်မှာ ကတည်းက ခက်ခဲတော့ အဲဒီအတွက် ဘာတွေ ပြင်ဆင်ခဲ့ရလဲ။■ ဖြေ - မပြိုင်ခင်မှာ အဓိကတော့ သီချင်းတွေ ရွေးချယ်ရတာပါ။ အရင် Season တွေတုန်းက မပြိုင်ဖူးသေးတဲ့ သီချင်းလေးတွေကို ပြိုင်ဖို့အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ်။ သီချင်းအပုဒ် ၃၀ လောက်ကို ကြိုတင် ရွေးချယ်ပြီး ပြင်ဆင်ထား ဖြစ်တယ်။■ မေး - လူရွေးပွဲကနေ ဆန်ခါတင် အဆင့်အထိ ကြုံရတဲ့ စိန်ခေါ်မှုနဲ့ အခက်အခဲ ဆိုရင်ရော။■ ဖြေ - အခုတစ်ခေါက် Season မှာက တစ်ပတ်နဲ့ တစ်ပတ် အချိန် အရမ်းကပ်တယ်။ သီချင်းတွေကလည်း ပြင်ဆင်ထားတယ် ဆိုပေမယ့် သူတို့ချပေးတဲ့ Theme နဲ့ မကိုက်ရင် ဖယ်ထုတ်ရတာဆိုတော့ သီချင်းပြန်ရှာရတဲ့ အခက်အခဲ ရှိတယ်။■ မေး - Theme အလိုက် ယှဉ်ပြိုင်မှုမှာရော ဘယ်ရက် သတ္တပတ်ကို အားရပြီး ဘယ်ရက်သတ္တပတ်မှာ အားအနည်းဆုံး ဖြစ်ခဲ့တယ်လို့ထင်လဲ။■ ဖြေ - အခက်အခဲတွေကတော့ အများကြီးပဲ ရှိပါတယ်။ အရင်ခေတ်က သီချင်းမျိုးတွေ ပြန်ဆိုရတဲ့ အချိန်မျိုးမှာ စာသားမမှတ်မိတာမျိုး၊ တချို့သီချင်းကျတော့လည်း ကောင်းတယ်ဆိုပြီး ယှဉ်ပြိုင်စေပေမယ့် ကိုယ်ကသိပ်မကြားဖူးတော့ သေချာ ပြန်နားထောင်ပြီး မှတ်ရတာမျိုးတွေလည်း ရှိတယ်။ အားရခဲ့တဲ့ ရက်သတ္တပတ် ဆိုရင်တော့ လွန်ပါစေ အလွမ်းညတွေ ဆိုဖြစ်တာပေါ့။ အဲဒီသီချင်းကို နားထောင်ရတာလည်း ကြိုက်တယ်။ ကိုယ်ပြန်ဆိုရတဲ့ အခါလည်း အားရတယ်ပေါ့။ သိပ်အားမရတဲ့ ရက်သတ္တပတ် ဆိုရင်တော့ အမြန်ယာဉ်ပေါ့။ သီချင်းကစိမ်းလည်း စိမ်းတော့ ဆိုရတာ သိပ်အားမရခဲ့ဘူး။■ မေး - ပရိသတ် မဲပေးမှုမှာလည်း အများဆုံး စာရင်းမှာ မကြာခဏ ဆိုသလို ပါဝင်ခွင့်ရခဲ့သလို အခု Grand Final ကိုလည်း ပရိသတ် အားပေးမှုနဲ့ အလိုအလျောက် တက်ခွင့်ရတာဆိုတော့ အဲဒီအတွက် ဘယ်လို ခံစားရလဲ။■ ဖြေ - ညီမတို့ ပြိုင်ပွဲ တစ်လျှောက်မှာတော့ ပရိသတ် မဲပေးတာမှာ Top ရောက်လိုက်၊ Bottom ထိုင်လိုက်ပေါ့။ စိတ်ကလည်း တော်တော် ငြိမ်အောင်တော့ ပြင်ဆင်ထားရပါတယ်။ ပထမတော့ ကိုယ့်ဘာသာ ယုံကြည်မှု မရှိဘူး။ ဒါပေမဲ့ ပရိသတ်တွေက အရမ်းအားပေးကြတဲ့အခါ အားရှိလာ ရပါတယ်။ ကိုယ့်ကို ဒီလောက် အားပေးတယ်ဆိုတာ ကိုယ့်စိတ်ကိုယ် လျှော့လိုက်လို့ မရဘူးဆိုတာမျိုး တွေးမိပါတယ်။  ■ မေး - အကဲဖြတ်ဒိုင်တွေကလည်း အပတ်စဉ် အားနည်းချက် အားသာချက်တွေ ထောက်ပြကြတယ်နော်။ အဲဒီအပေါ် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ခဲ့ရလဲ။■ ဖြေ - ဒီဆရာတွေနဲ့က အိပ်မက်ဆုံရာပြိုင်ပွဲ ယှဉ်ပြိုင်လို့သာ တွေ့ခွင့်ရတာပါ။ အပြင်မှာ ကိုယ့်ဘာသာ စီးရီးထုတ်မယ်ဆိုရင်တောင် ဒီလိုဆရာတွေရဲ့ Comment တွေ ရမှာမဟုတ်ဘူး။ ဆရာတွေက ကိုယ်တွေရဲ့ အားနည်းချက်ကို အသေးစိတ်ကအစ ထောက်ပြနိုင်တယ်လေ။ ဒါကြောင့် ကိုယ့်တစ်ယောက်ချင်းကို ပြောတဲ့ Comment တင်မကပါဘူး။ ရှစ်ယောက်စလုံးကို တစ်ယောက်ချင်းပြောတဲ့ Comment လေးတွေကို မှတ်သားတယ်။ ညီမတို့အတွက်တော့ အများကြီး အထောက်အကူ ဖြစ်တယ်။■ မေး- Grand Final ပြိုင်ပွဲမှာရော ဘယ်လိုကြိုးစား ယှဉ်ပြိုင်သွားမလဲ။■ ဖြေ - ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေ စိတ်မပျက်ရအောင် အကောင်းဆုံးတော့ ကြိုးစား ယှဉ်ပြိုင်သွားမှာပါ။

လူးလူ■ မေး - အိပ်မက်ဆုံရာ ပြိုင်ပွဲပြိုင်ဖြစ်တဲ့ အကြောင်းလေး အရင်ပြောပြပါဦး။■ ဖြေ - အဲဒါကတော့ အရင်ကတည်းက ပြိုင်ချင်တဲ့ စိတ်ကူး ရှိပါတယ်။ ရှေ့ Season တွေမှာတုန်းက အကြောင်းကြောင်းကြောင့် မပြိုင်ဖြစ်လိုက်ဘဲ Season 3 ကျမှ ပြိုင်ဖြစ်သွားတာ။■ မေး - ပြိုင်ပွဲမှာက လူရွေးပွဲကနေ ဆန်ခါတင်အထိ အဆင့်ဆင့် ပြိုင်ရတဲ့ အတွေ့အကြုံကရော။■ ဖြေ - အခက်အခဲကတော့ အများကြီး ရှိပါတယ်။ အဓိကတော့ ဒိုင်တွေနဲ့ တွေ့ရတဲ့အခါလည်း အရမ်းကြောက်တယ်။ သီချင်းရွေးချယ်တဲ့ အပိုင်းမှာလည်း တော်တော်လေးကို စဉ်းစားရတာပေါ့။■ မေး - သီချင်း ရွေးချယ်မှုက အရေးပါတယ်ဆိုတော့ ဘယ်လိုပြင်ဆင် ရွေးချယ်ခဲ့ရလဲ။■ ဖြေ - သီချင်းတွေကတော့ အပတ်စဉ် မတူကွဲပြားတဲ့ Theme အလိုက်ကို ရွေးချယ်ရပါတယ်။ တစ်ခါတလေ သီချင်း ရွေးချယ်ရတာ တော်တော်ခက်ပါတယ်။ ပုံစံမျိုးစံနဲ့ တင်ပြနိုင်အောင်လို့လည်း စဉ်းစားရတာပေါ့လေ။ သီချင်း အအေးလေးတွေ ဆိုတာများတယ်လို့လည်း ပြောကြတယ်။ အဲဒီအတွက် နောက်ပိုင်းတော့ ပုံစံကွဲပြားတာလေးတွေ ဆိုပြနိုင်အောင် ကြိုးစားဖြစ်ပါတယ်။■ မေး - ပရိသတ်ပေးတဲ့ မဲရလဒ်မှာလည်း Top မှာ အမြဲဝင်တော့ အဲဒီအတွက် ခံစားချက်ကရော။■ ဖြေ - ပရိသတ်တွေ အခုလို မဲတွေအများကြီး ပေးတဲ့အတွက် ကျေးဇူးလည်း အရမ်းတင်ပါတယ်။ အဲဒီအတွက်လည်း ခွန်အားတွေ အများကြီးရတယ်။■ မေး - အကဲဖြတ်ဒိုင်တွေပေးတဲ့ Comment တွေနဲ့ ပတ်သက်လို့ရော ဘယ်လိုပြင်ဆင်ဖြစ်လဲ။■ ဖြေ - အကဲဖြတ်ဒိုင်တွေပေးတဲ့ Comment တွေကတော့ လူးလူကို ကောင်းစေချင်လို့ ပေးတာတွေပါပဲ။ လူးလူအတွက် လိုအပ်နေတဲ့ အရာက သီချင်း ရွေးချယ်တတ်ဖို့ပေါ့။ ပြိုင်ပွဲဖြစ်နေတော့ ပညာသားပါတဲ့ သီချင်းတွေ များများ ရွေးပေးပါလို့ ဒိုင်တွေက အမြဲပြောပါတယ်။ အဲဒီစကားကို အမြဲတမ်းလည်း လိုက်နာဖြစ်ပါတယ်။■ မေး - Grand Final တက်ခွင့်ရတယ် ဆိုတော့ ဘယ်လောက် အကောင်းဆုံး ယှဉ်ပြိုင်သွားမလဲ။■ ဖြေ - ဆရာတွေကလည်း ယုံကြည်လို့ Final ကို တက်ခွင့်ပေးခဲ့တာလေ။ အကောင်းဆုံးတော့ ယှဉ်ပြိုင်သွားဖို့ စိတ်ကူးထားပါတယ်။

Most Read

Most Recent