Junction Square နှင့် Myanmar Plaza တို့တွင် ဗုံးခွဲရန်ဟုဆိုကာ သူငယ်ချင်းအား နောက်ပြောင်၍ ဖုန်းဖြင့် Message ပို့သူကို ဗိုလ်တထောင်မြို့နယ်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် အရေးယူ ဖမ်းဆီးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်က ဇူလိုင် ၆ ရက် တွင် ပြောကြားသည်။“သူတို့က ဂိမ်းဆော့တာတွေ များတော့ လက်နက်အမည်တွေကို သိနေတာပါ။ ပြီးတော့ မက်ဆေ့ပို့လိုက်တဲ့သူက သူ့သူငယ်ချင်း နှစ်ယောက်ကို အရင်ပို့လိုက်တာပါ။ နောက်ဆုံးပို့တဲ့ တစ်ယောက်မှာ နောက်ဆုံးဖုန်းနံပါတ် တစ်လုံးလွဲပြီးတော့ တခြားသူဆီ ရောက်သွားတာ။ သူတို့အချင်းချင်း စနောက်တယ်ဆိုပေမယ့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရလို့ အခုလို ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာပါ” ဟု ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားသည်။ဇူလိုင် ၂ ရက်တွင် မင်္ဂလာဒုံမြို့နယ် ခရေပင်ရိပ်မွန်အိမ်ရာတွင် နေထိုင်ပြီး ပုဂ္ဂလိကကျောင်း တစ်ကျောင်းတွင် ပထနှစ် တက်ရောက်နေသည့် ကို . . . . (၁၇ နှစ်) သည် ၎င်း၏ သူငယ်ချင်းသုံးဦးထံ ဖုန်းဖြင့် ” AK 47 အလက် ၈၀၊ C4 ဗုံး ၂၀ ရပြီ၊ ၁၀.၇.၂၀၁၆ နေ့လယ် ၂ နာရီ Junction Square ကားပါကင်မှာ သုံးလုံး၊ Myanmar Plaza မှာ လေးလုံး၊ နေ့လယ် ၂ နာရီ ၁၀ မိနစ် ၊ အောင်မြင်ရင် ငွေလာထုတ်ပါ၊ Yakuzi” ဟု Message များ ပို့ခဲ့ကြောင်း သိရသည်။ထိုသို့ ပို့လိုက်သည့် Message များမှာ ၎င်း၏ သူငယ်ချင်းနှစ်ဦးထံ ရောက်ရှိသွားခဲ့ကြောင်း၊ ထို့နောက် ကျန်တစ်ဦးအား ဆက်လက်ပို့ရာ ဖုန်းနံပါတ် နောက်ဆုံးတစ်လုံး မှားယွင်းပြီး ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ ဖုန်းသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။အဆိုပါ Message ရောက်လာသဖြင့် ထိုအမျိုးသမီးက ဗိုလ်တထောင်မြို့မရဲစခန်းသို့ သွားရောက် သတင်းပေးတိုင်ကြားခဲ့ကြောင်း သိရသည်။“နောက်ဆုံးမှားပို့တဲ့ ဖုန်းတစ်လုံးက MPT ဖုန်းလိုင်းပါ။ အဲဒါနဲ့ ကျွန်တော်တို့ လိုက်လံစုံစမ်းပြီး စစ်ဆေးတဲ့အခါကျတော့ ပို့လိုက်တဲ့ ဖုန်းပိုင်ရှင်က မင်္ဂလာဒုံမှာ နေတယ်ဆိုတာသိရတော့ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲဒီကောင်လေးကလည်း သူနောက်ပြောင်ပြီး ပို့လိုက်တယ်ဆိုတာကို ဝန်ခံပါတယ်။ သူ့အရင်ပို့တဲ့ သူငယ်ချင်းနှစ်ယောက်ကို စစ်ဆေးတဲ့အချိန်မှာလည်း သူတို့အချင်းချင်း နောက်ပြောင်တာလို့ သိရပါတယ်” ဟု ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားသည်။ထိုသို့ လာရောက်တိုင်ကြားသဖြင့် ဗိုလ်တထောင်မြို့မရဲစခန်းက (ပ)၁၂၁/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားပြီး ကို . . . . (၁၇ နှစ်) အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Junction Square နှင့် Myanmar Plaza တို့တွင် ဗုံးခွဲရန်ဟုဆိုကာ သူငယ်ချင်းအား နောက်ပြောင်၍ ဖုန်းဖြင့် Message ပို့သူကို ဆက်သွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်